အပိုင်း - ၁၂၃.၁ (ဇာတ်သိမ်းပိုင်း)
ဝမ်ရှောင်ရော ယွမ်ကျဲရော ဒီလိုဖက်ရှင်မျိုးကို လက်ခံဖို့အချိန်လိုသေးတာမလို့ နှစ်ယောက်လုံးပါးစပ်ကို တင်းနေအောင်စိကာ မရယ်မိအောင် ကြိုးစားနေရရှာလေသည်။
အထူးသဖြင့် ဝမ်ရှောင်ဆို မရယ်မိအောင် ထိန်းထားတာကြာလို့ မျက်နှာကြီးက စိတ်ဆိုးနေသလို နီရဲနေတော့သည်။
ခိုခိုနဲ့လဲ့လဲ့တို့လည်း အကြာကြီးရပ်နေရာမှ လူကြီးတွေပုံကြည့်ကာ သတိထားမိတာမလို့ ပြုံးပြီးသာနှုတ်ဆက်လိုက်ကာ ကိတ်မုန့်တွေစားဖို့ယူပြီး အပေါ်ထပ် တက်လာခဲ့ကြလိုက်တော့သည်။
နှစ်ယောက်သား ခိုခိုအခန်းထဲ ဝင်လာခဲ့လိုက်ကာ မုန့်ကိုချပြီးတာနှင့် ခိုခိုတစ်ယောက် ဆံပင်တုကိုပစ်ချလိုက်လေတော့သည်။
လေအေးပေးစက်ကို ဖွင့်လိုက်ကာ စိတ်သက်သာရာရသွားသည်ပုံနှင့် ပြောလာလေသည်။ "အား ပူလိုက်တာ။"
လဲ့လဲ့လည်း အတင်းဖိအားပေးကာ တပ်ခံထားရတာမလို့ နောက်ဆုံး သူပါ ချွတ်လိုက်တော့သည်။
ခိုခို ထိုင်ကာ ကိတ်မုန့်စားနေရင်း ဖုန်းကိုတစ်ချက်ဖွင့်လိုက်ပြီး သူမ၏ဖြူကောင်လုံးဆံပင်ကေနဲ့ဓာတ်ပုံကို အဖွဲ့လိုက်စကားပြောခန်းထဲသို့ ပို့လိုက်ရင်း "ကြည့်ပါဦး အရမ်းစတိုင်မကျဘူးလား? ကြည့်ကောင်းလိုက်တာ။"
လဲ့လဲ့ : "...."
သူလည်း ဒီဖက်ရှင်ကို လက်မခံနိုင်သေးပေ။
ခိုခိုကတော့ ကိုယ့်ဟာကိုယ် ကျေနပ်နေကာ မုန့်စားပြီးတာနှင့် သူ့ပုံတွေကို ပြန်ကြည့်နေလေသည်။ သူကတော့ ကြည့်လေကြည့်လေ သဘောကျလာလေပင်။
ယွမ်ရိ ကိုယ်တိုင်လည်း ဒီအသက်အရွယ်တွေကို ဖြတ်သန်းလာသူမလို့ သူမ ဒါကို ခေတ်ဟောင်းအတွေးကြီးလိုတော့ မတွေးမိပေ။ ဒီနေ့ခေတ်ကလေးတွေ လုပ်တတ်တာတွေ သူမသိပြီးသားမလို့ နားလည်ပေးနိုင်သေးသည်။
သူတို့တွေ နေ့လယ်ခင်းလက်ဖက်ရည်ကို ဆက်သောက်နေကြကာ စကားပြောနေကြရင်း စကားဝိုင်းက ကလေးတွေလူပျိုဖော် အပျိုဖော်ဝင်လာတာကို ဘယ်လိုထိန်းမတ်ပေးသင့်ကြောင်းနှင့် ကိုယ်နှင့်လိင်မတူတဲ့သူကို ဂရုတစိုက် ဘယ်လိုဆက်ဆံသင့်ကြောင်းတွေဘက်ပါ ရောက်သွားကြတော့သည်။
ယွမ်ကျဲကတော့ အဲ့လောက် စိတ်ပူစရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏သားက ကောလိပ်ကျောင်းသားအရွယ်ပင် ရောက်နေပြီဖြစ်၍ပင်။
"စိတ်မပူပါနဲ့။ အချိန်က ဒီလိုပဲ ကုန်သွားမှာပဲ။"
၁၄ ၁၅ ပဲဖြစ်ဖြစ် ၁၆ ၁၇ ပဲဖြစ်ဖြစ် အကုန်လုံးနောက်ဆုံး အရွယ်ရောက်လာကြမှာပင်။
စကားဝိုင်းအဆုံးမှာတော့ ဝမ်ရှောင်လည်း ရှဲ့သိုးသိုးကို နောက်ထပ် နည်းစနစ်သုံးပြီး ချဉ်းကပ်ကြည့်ကာ ကလေးနဲ့ သေချာစကားပြောကြည့်မယ်ဆိုပြီး ပြောလာလေသည်။
လက်ဖက်ရည်ဝိုင်းလေးပြီးသွားတော့ ယွမ်ကျဲတို့တွေ ညစာ မစားကြတော့ပဲ အိမ်တန်းပြန်သွားကြလေသည်။
သူတို့ပြန်သွားပြီးနောက် လင်းယောင်လည်း အလုပ်က ပြန်ရောက်လာချေသည်။
"လာပါဦး။ ရှင့်ရဲ့ခေတ်အရမ်းမှီနေတဲ့ ကလေးတွေကို ပြမလို့။"
လင်းယောင် သူမဘာကို ပြောချင်တာမှန်းမသိလို့ အပေါ်ထပ်သာ အတူတူတက်လိုက်လာလေသည်။
တံခါးခေါက်သံကြားလို့ ခိုခိုအာက လာဖွင့်ပေးလာချေသည်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ပုံမှန်ဆံပင်ကေလေးနှင့် ကလေးတွေကပေါ်လာလေသည်။
"ခုနက သမီးတို့ ဆံပင်ကေကရော?"
"အဲ့ဒါ ဆံပင်တုလေ အမေကလည်း။"
ယွမ်ရိ : "...."
ခိုခို တစ်ခုခုကို သဘောပေါက်သွားကာ "အမေတို့မြင်ချင်တာ သေချာလို့လား?"
ပြောပြီးတာနှင့် ချက်ချင်းပြေးကာ အရင်ဆုံး လဲ့လဲ့ကိုတပ်ပေးလိုက်ပြီး သူပါ တပ်ပြလာလေသည်။ ဆံပင်တုတပ်ပြီးတာနှင့် နှစ်ယောက်လုံးအမေကိုတစ်ချက်ကြည့်လိုက်ကာ ပြီးမှ လင်းယောင်ကိုကြည့်လိုက်ပြီး မေးလာလေသည်။ "ဖေဖေ၊ ဘယ်လိုနေလဲ?"
လင်းယောင် အရင်ဆုံး လည်ချောင်းရှင်းလိုက်ကာ "အင်း၊ ကြည့်ကောင်းပါတယ်။"
နောက်နေတာလား?
"ဖေဖေက မဆိုးဘူးဘဲ တကယ့်ကို အမြင်ရှိတယ်။"
ယွမ်ရိ လင်းယောင်ကို ကြည့်လာကာ "...."
၁၉၈၀ က လူကတောင် ဒီလိုဆံပင်စုတ်ဖွားကို လက်ခံပေးတယ်ပေါ့ ဝါး!
အချိန်တွေက ကုန်တာမြန်သည်။ ယွမ်ချွေ့လန်တို့စုံတွဲက အခုဆို နယ်ကနေ မြို့ကို ယွမ်ချီကျီတို့နှင့်အတူတူ နေဖို့ရွှေ့လာကြလေသည်။ သူတို့အခုဆို မာကျောက် ဆော့ပုံဆော့နည်းပါ သင်ထားကာ အချိန်ကိုကောင်းကောင်းအသုံးချနေကြလေသည်။
ယွမ်ရိ ထိုအင်တာဗျူးမှာ ပါပြီးကတည်းက သူမပို၍ပင် ကျော်ကြားလာတော့သည်။
မှတ်တမ်းတင်ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းခံလာရလေသည်။
နေသာတဲ့နေ့လယ်ခင်းတစ်ခုမှာ ယွမ်ရိ သူမဇာတ်ညွှန်းကို ဖတ်နေလိုက်၏။
ဇာတ်ညွှန်းမှာ ရေးထားတဲ့အတိုင်းဆို ၃၂ အရွယ်သူမဘဝက ရွာလေးကနေ မြို့ကိုတက်လာခဲ့ပြီး ကုမ္ပဏီတစ်ခုထောင်ခဲ့တာရော အဲ့ကနေ ပွဲတွေစီစဉ်နိုင်ခဲ့တာတွေကနေ အခုဆို သူမ နိုင်ငံခြားအထိ ခြေဆန့်နိုင်ခဲ့လေပြီ။
မသိလိုက်ခင်မှာပဲ သူမဘဝတစ်ဝက်လောက်က ကုန်ဆုံးသွားခဲ့ချေပြီ။
အဖိုးအဖွားတွေက ထွက်သွားကြကာ အန်တီသုံးဆိုလည်း အိုလာချေပြီ။ ကလေးတွေလည်း အရွယ်ရောက်လာကြကာ လင်းယောင်ဆိုလည်း သက်လတ်ပိုင်းအရွယ်ထဲ စဝင်ရောက်နေချေပြီပင်။
မှတ်တမ်းရုပ်ရှင်၏အစက သူမအသက် ၁၄ ကနေစကာ ထိုအချိန်တုန်းက သူမက တောင်တွေကြားမှာနေခဲ့တဲ့ ပန်းအဆင်တွေပါသည့် ကုတ်လေးကိုဝတ်ဆင်တတ်ပြီး တစ်ချိန်လုံး ကျစ်ဆံမြီးကျစ်ထားတတ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်လေသည်။ တောအုပ်ညို့ညို့အောက်ကနေ ရိုးရှင်းသည့်အပြုံးလေးဆင်ကာ ထွက်လာတတ်လေ့ရှိလေသည်။
အခု ၃၂ နှစ် အကြာမှာတော့ ထိုအချိန် ၂ နှစ်ခန့်ကို ပြန်လည်တမ်းတမိလာသလိုပင်။
ထိုအချိန်ကလိုပင် စက်ချုပ်သမလေးဟု အခေါ်ခံချင်သေးသည်။
ဇာတ်ညွှန်းကို အာရုံစိုက်လွန်နေတာက နောက်ဆုံးဖုန်းသံမြည်လာမှ ပြန်သတိကပ်နိုင်သည်။
ယွမ်ရိ ဖုန်းတုန်ခါသံကြားမှ လက်ထဲကစာအုပ်ကိုချကာ ဖုန်းကောက်ကိုင်လိုက်လေသည်။
"ဟယ်လို ဟယ်လို ယွမ်နော့လေးရဲ့ မေမေလားရှင့်? ကျွန်တော်က ယွမ်နော့လေးတို့ အတန်းပိုင်ဆရာပါ။"
ယွမ်နော့က ခိုခိုနာမည်အရင်းဖြစ်လေသည်။
ယွမ်ရိလည်း အမြန်ပြန်ဖြေလိုက်ကာ "ဟယ်လို ဟုတ်ကဲ့ပါ ဆရာလျို့ ကျွန်မယွမ်နော့ရဲ့ မေမေပါ။"
"ယွမ်နော့လေးကလေ အခုတလော ရည်းစားများ ရနေသလားလို့ပါ။ အခု သူတို့က ဂျူနီယာအထက်တန်းကျောင်းသုံးနှစ်မြောက်ဆိုတော့ စာကိုအာရုံစိုက်သင့်နေတော့လေ ကျွန်တော်လည်း ဒီအတိုင်း ကျော်မသွားနိုင်တာနဲ့ ပြောပြရတာပါ။ အချိန်ရှိရင် ကျောင်းကို လာခဲ့ပေးလို့ ရမလားဗျ။"
ရည်းစားရနေတယ်?
ယွမ်ရိ ကြောင်နေကာ ရုတ်တရက် သတိရမိသွားတာက ရှဲ့သိုးသိုးပင်။
အခုလို ကျောင်းမှာရည်းစားထားလို့ ဖုန်းခေါ်ခံရတာဆိုတဲ့ အကြောင်းအရာက ကြီးပေမဲ့ ယွမ်ရိ ဖုန်းထဲတော့ ဘာမှမပြောလိုက်ပေ။ ဆရာလျို့နဲ့သဘောတူပြီးတာနှင့် ဖုန်းချကာ ရုံးခန်းထဲကနေ ထွက်လာခဲ့လိုက်လေသည်။
ကျောင်းကိုတန်းသွားလိုက်ကာ ဆရာ့ရုံးခန်းဆီသာ ဝင်သွားလိုက်လေသည်။
သူမ အပေါ်ထပ်ကိုတက်လာရင်း ယွမ်နော့ဘယ်လိုကောင်လေးကိုများ ကြိုက်တာပါလဲသာ စဉ်းစားမိနေလေသည်။ အနည်းဆုံး သူမအဖေကိုပဲကြည့်။ အဖေ့လိုလူသာ ကြည့်ရွေးမယ်ဆိုရင် သူမကြိုက်တဲ့ကောင်လေးက အဲ့လောက်တော့ ဆိုးမှာမဟုတ်လောက်ပေ။
သူမ တတွတ်တွတ်ရွတ်ကာ တက်လာတုန်း ရုံးခန်းထဲအဝင်မှာပင် ထိုသူမ၏ အဖေကိုပါ တွေ့လိုက်ရတော့သည်။
အဖေသာမဟုတ် ဘေးမှာလဲ့လဲ့ပါ ထိုင်နေလိုက်သေးသည်။
မိသားစုလေးယောက် ရုံးခန်းထဲမှာ အကြည့်ချင်းဆုံမိသွားကြလေသည်။
ယွမ်ရိတစ်ယောက် ကျောင်းမှာရည်းစားထားတာ ဘယ်လောက်ထိများဆိုးလို့ ရှိသမျှမိသားစုလေးယောက်လုံးပါ ခေါ်လိုက်ရတာလဲကိုသာ တွေးနေလိုက်သည်။ နေပါဦး အဲ့လောက်တောင် ဆိုးနေတာလား? သူမ ခိုခိုအာအကြောင်းသိတာမလို့ မဖြစ်နိုင်ပေ။
သူမ အဲ့လိုတွေးလိုက်မိပေမဲ့ မျက်နှာပေါ်တော့ သိပ်မပြပဲ ဆရာလျို့ဆီသွားကာ နှုတ်ဆက်လိုက်လေသည်။
ဆရာလျို့က အလွန်ပင်ဖော်ရွေကာ ယွမ်ရိနဲ့လင်းယောင်ကို ထိုင်ရန်ပြောလိုက်ပြီး အသေအချာကို တည်ကြည်စွာ ပြောလာချေသည်။ "ဒီနေ့ ကျွန်တော် နှစ်ဖက်မိဘတွေခေါ်ရတာ အကြောင်းရှိပါတယ်။ မိဘတွေကို ဒီကျောင်းနေအရွယ်ရည်းစားထားတဲ့ အကြောင်းကို ဆွေးနွေးချင်လို့ပါ။ ကလေးတွေက အခုထိလည်း ငယ်သေးတော့ စီနီယာအထက်တန်းကျောင်းဘက်လည်း သွားရတော့မှာဆိုတော့လေ ကျွန်တော့ဘက်ကလည်း ဂရုမစိုက်ပဲ မနေသင့်ဘူး ထင်လို့ပါ။"
မိဘတွေကလည်း ဆရာဆရာမတွေနှင့် ပူးပေါင်းဆောင်ရွက်သင့်တာမလို့ ယွမ်ရိလည်း ခေါင်းညိတ်လိုက်ကာ "ဆရာလျို့၊ ကျွန်မတောင်းပန်ပါတယ်။ ကလေးကို သေချာဆုံးမလိုက်ပါ့မယ်။"
ပြီးတာနှင့်ဘေးက ယွမ်နော့ကို တစ်ချက်ကြည့်လိုက်ကာ "ဒါနဲ့ ကျွန်မတစ်ခုလောက်တော့ မေးကြည့်ချင်လို့ပါ။ ဒီလို ကျောင်းတွင်းရည်းစားကလေ တစ်ဖက်လူက ဘယ်သူလဲဆိုတာ သိလို့ရနိုင်မလားလို့ပါ? ကျွန်မအနေနဲ့ ဒါက တခြားကျောင်းသားတွေအပေါ်ရော အမြင်အဆင်မပြေတာတွေ စာလုပ်ရအဆင်မပြေတာတွေများ ဖြစ်သွားစေမလားကို သိချင်လို့ပါဆရာ?"
လင်းယောင် ထိုင်ခုံပေါ်မှာပဲထိုင်နေကာ ခိုခိုအာနဲ့လဲ့လဲ့ကိုပဲ တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောလာပေ။
"မိဘတွေတောင် ရောက်နေပြီပဲကို။ တကယ်တော့ ကလေးတွေက ဒီအတိုင်း ကျောင်းတွင်းအချစ်ဦးလောက်ပါပဲ။ စိတ်မပူပါနဲ့။ ကျွန်တော်တို့လည်း စောစောသတိထားမိတာမလို့ ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း သူတို့တွေ ကိုယ့်အမှားကို သတိမထားမိဘဲနေမှာစိုးလို့ ကျွန်တော်က မိဘတွေကို လာခိုင်းလိုက်ရတာပါ။"
ယွမ်ရိ ဆရာလျို့စကားကို ပြန်စဉ်းစားလိုက်ကာ "ဆရာက ကျွန်မကလေးနဲ့ ဟိုဘက်က ကလေးနဲ့က ရည်စားတွေလို့ ပြောချင်တာလား"
"ဟုတ်တယ်လေ၊ ယွမ်နော့လေးက သူ့အတန်းဖော်ကောင်လေး လင်းရိနဲ့ ကျောင်းမှာပေါ်တင်ကို တွဲနေကြတာလေ။ နေ့ခင်းကန်တင်းမှာ နေ့လယ်စာ စားကြရင်လည်း လင်းရိက အသီးအရွက်တွေကို ယွမ်နော့ကို ကိုယ်တိုင်ခွံ့ကျွေးတာဗျား။ သူများအမြင်တွေဘာတွေ သူ အဲ့လောက် စိတ်ထဲမထားဘူးလေ။ အဲ့တော့ပြောပါဦး ဒါက ကျောင်းတွင်းရည်းစားထားနေတာ မဟုတ်ရင် ဘာလဲလို့ မေမေယွမ်ရယ်။"
ယွမ်ရိ : "..."
နောက်ဆုံးတော့ သူမ နားလည်သွားခဲ့ပြီ။ ပြီးတာနှင့် ကလေးနှစ်ယောက်ဆီ မျက်လုံးထဲ ဓားအပြည့်ပါသော အကြည့်နှင့် ကြည့်လိုက်လေသည်။ လင်းယောင်လည်း ခုမှ သဘောပေါက်သွားကာ သူမလိုတစ်ထပ်တည်း ကလေးနှစ်ယောက်ကို ကြည့်လာလေသည်။
မသိလိုက်ခင်မှာပဲ ဒီကလေးနှစ်ယောက်က ခုဆို မိဘတွေရော ဆရာတွေရောကို ကျောင်းတွင်းရည်းစားထားပါတယ်ဆိုပြီးတောင် ရောချလာကြရှာလေပြီ။
ဆရာလျို့ကတော့ မိဘနှစ်ဦးကြား သဘောထားတွေများ ကွဲလွဲကုန်ပြီလားထင်ကာ ဝင်ပြောလာရှာသည်။ "မိဘတွေ စိတ်မဆိုးကြပါနဲ့။ ဒီအရွယ်ကလေးတွေအတွက်က ဒါပုံမှန်ပါပဲ။"
ထိုအချိန်မှာပဲ လင်းယောင်က ဝင်ပြောလာလေသည်။ "ဆရာလျို့ နားလည်မှုလွဲနေပြီ။"
ဆရာလျို့က ကြောင်သွားကာ "ကျွန်တော် ဘာကိုနားလည်မှုလွဲသွားတာပါလိမ့်?"
"သူတို့က မောင်နှမတွေပါဆရာ။ ဒီဘက်က ကလေးမိဘနဲ့ ကျွန်မက နှစ်ယောက်လုံးမိဘတွေပါ။"
ဆရာလျို့ : "..."
"အဲ့ဒါဆို ခင်ဗျားတို့က ယွမ်နော့နဲ့လင်းရိအမေလားဗျ?"
"ဟုတ်ကဲ့။ သူတို့က အမွှာတွေပါဆရာ။ လင်းရိမျိုးရိုးနာမည်က သူ့အဖေဘက်က ယူပြီးတော့ ယွမ်နော့ကိုတော့ ကျွန်မဘက်က ယူထားတာပါ။ ဒီမောင်နှမနှစ်ယောက်ကြားထဲက ဆက်ဆံရေးက အဲ့လိုပဲ ကောင်းလွန်းတာပါဆရာ။ သူ့အကိုကလည်း ညီမလေးကို အရမ်းချစ်တော့ ဒီလိုနားလည်မှုလွဲစရာလေးတွေ ဖြစ်သွားတာထင်ပါတယ်ဆရာ။"
ဆရာလျို့ အသက်တစ်ချက်ရှူပြီးနောက် တစ်ခါတည်း အသက်ထွက်သွားသလိုပင်။
ကလေးနှစ်ယောက်က မျိုးရိုးနာမည်လည်း မတူသလို အမွှာသာဆိုတာ ရုပ်လည်းမတူပေ။ ဘယ်သူက သူတို့ကို မောင်နှမတွေလို့ ထင်မှာတုန်း?
သူ ဒီကလေးတွေကို အရင်အတန်းတုန်းက မသင်ဖူးတာကြောင့်မလို့ သူတို့မိသားစုအကြောင်း သိပ်မသိပေ။
ခိုခိုနဲ့လဲ့လဲ့တို့ ခေါင်းတွေငုံ့ထားတာမလို့ သူတို့မျက်နှာ ဘယ်လိုဖြစ်နေလဲ မမြင်ရပေ။