အပိုင်း - ၂၅
ကြောင်ဝါတစ်ကောင်ဟာ စပျစ်စင်ပေါ်မှာ ကြွကြွရွရွလေး လမ်းလျှောက်နေကာ ပိုးကောင်မွှားကောင်များအား သူ့ရဲ့လက်သည်းများဖြင့် ရိုက်ထုတ်နေသည်။
စပျစ်စင်၏အောက်မှာတော့ အဖိုးဆောင်းဟာကုလားထိုင်ပေါ်မှာထိုင်၍ အနားယူနေသည်။
ယွမ်ရိကတော့ အပ်ချုပ်ခန်းထဲမှာ ပုံဆွဲနေဆဲပင်။ဒီတစ်ခေါက်သူမဆွဲနေသည့်ပုံဟာ အင်္ကျီပုံများ မဟုတ်ပေ။ သူကစပျစ်စင်အောက်က ကုလားထိုင်ပေါ်မှာထိုင်ရင်း အနားယူနေသည့်အဖိုးဆောင်း၏ပုံတူအား ရေးဆွဲနေခြင်းပင်။
ပုံဆွဲလို့ပြီးသွားတော့ သူမကအဖိုးဆောင်းကို သွားပြလိုက်ပြီး
"ဘယ်လိုလဲ။ အဖိုး" လို့ မေးလိုက်သည်။
အဖိုးဆောင်းလည်း ယွမ်ရိ၏ပန်းချီကားကိုမြင်တော့ အံ့အားသင့်သွားပြီး
"မင်းကတကယ့်ကို ထက်မြက်ပြီးတော်တာပဲ" လို့ ချီးကျူးလိုက်သည်။
ယွမ်ရိလည်းပြုံးလိုက်ပြီး
"အဲ့တာက လေ့ကျင့်မှုတွေများလို့ပါ" လို့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချလိုက်၏။
အဖိုးဆောင်းကလည်း ခေါင်းညိတ်လိုက်ပြီး
"နှိမ့်နှိမ့်ချချနေတာက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မင်းမှာလေ့လာစရာတွေ အများကြီးရှိနေတာပဲမဟုတ်လား" လို့ပြောကာ ပုံဆွဲစာအုပ်အား ယွမ်ရိထံပြန်ပေးလိုက်သည်။
ယွမ်ရိကိုယ်တိုင်ကလည်း လေ့လာစရာတွေအများကြီးရှိနေတာကို သိပေသည်။ ဒါပေမယ့် ဖန်းမင်းတောင်ပေါ်မှာ သူမအတွက်အပေါဆုံးကအချိန်ဖြစ်၍ တဖြည်းဖြည်းချင်းပဲ လေ့လာဖို့ သူမတွေးထားခဲ့သည်။
ယွမ်ရိဟာ ပုံဆွဲစာအုပ်ကိုယူပြီး အပ်ချုပ်ခန်းထဲပြန်လာချိန်မှာ ယွမ်ရွယ်ဂျင်းတစ်ယောက် အပ်ချုပ်စက်ဖြင့် အလုပ်ရှုပ်နေတာကို မြင်လိုက်ရတော့သည်။
ဒီရက်ပိုင်းမှာ အဖိုးဆောင်းက ယွမ်ရွယ်ဂျင်းအားအဝတ်စပေါ်မှာ အပ်ချုပ်စက်ဖြင့်အပ်ချုပ်နည်းများကို သင်ပြပေးထားသည်။
ဒါပေမယ့် ယွမ်ရွယ်ဂျင်းဟာ အပ်ချုပ်စက်နင်းသည့်အရှိန်နဲ့ ပိတ်စထိန်းသည့်အရှိန်ကို သေချာမထိန်းနိုင်၍ အပ်ချည်တွေမကြာခဏရှုပ်ပွသွားလေ့ရှိပေသည်။ အခုလည်း အပ်ချည်များရှုပ်သွား၍ ပြန်ဖြေနေရင်း ချွေးများပျံလာတော့သည်။
ယွမ်ရိလည်း ယွမ်ရွယ်ဂျင်းကို ဆက်မကြည့်တော့ပဲ ပုံကိုသာ ဆက်ဆွဲနေလိုက်တော့သည်။
နေ့လည်ခင်းကိုရောက်တဲ့အခါမှာ ယွမ်ရွယ်ဂျင်းက ထမင်းစားပြန်သွားခဲ့သည်။ ယွမ်ရိကတော့ အဖိုးဆောင်းအိမ်မှာပဲ နေ့လည်စာကိုချက်ပြုတ်ကာ အဖိုးဆောင်းနဲ့အတူ စားသောက်လိုက်တော့သည်။
အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လည်း နေ့လည်စာ စားလို့ပြီးသွားကာ ယွမ်ရွယ်ဂျင်းလည်း ပြန်ရောက်လာတော့သည်။ အဖိုးဆောင်းက နေ့လည်စာ စားပြီးတာနဲ့ အခန်းထဲကနေ အပြင်ကိုလမ်းလျှောက်ဖို့အတွက် ထွက်သွားတော့သည်။
အဖိုးဆောင်းထွက်သွားတာနဲ့ ယွမ်ရွယ််ဂျင်းဟာအပ်ချုပ်စက်ရှေ့ကနေထရပ်ကာ ယွမ်ရိအနားကိုလာ၍
"ဒါနဲ့တတိယအဒေါ် ကွာရှင်းတော့မယ်ဆိုတာက အမှန်တကယ်လား" လို့ မေးလိုက်သည်။
ယွမ်ရိက
"အဲ့တော့ ဘာဖြစ်လဲ" လို့ ယွမ်ရွယ်ဂျင်းအား လျစ်လျူရှုသည့်ပုံစံမျိုးဖြင့် ပြန်မေးလိုက်သည်။
ယွမ်ရွယ်ဂျင်းက
"ကိုယ့်ရဲ့တတိယအဒေါ်အကြောင်း စိုးရိမ်လို့မေးကြည့်တာလေ။ ဘာလဲ မမေးရတော့ဘူးလား"
ယွမ်ရိလည်း တစ်ချက်ရယ်မောလိုက်ပြီး
"နင်ကစိုးရိမ်လို့ဟုတ်လား"
ယွမ်ရွယ်ဂျင်းက
"မင်းစကားကို ကောင်းကောင်းမွန်မွန်ပြောလို့ မရဘူးလား"
ယွမ်ရိလည်း သူမလက်ထဲကခဲတံကို အောက်ချလိုက်ပြီး ယွမ်ရွယ်ဂျင်းအား မော့ကြည့်လိုက်သည်။
"ငါနင့်ကိုဘာကိစ္စနဲ့ စကားကောင်းကောင်းပြောရမှာလဲ။ နင့်အမေကငါ့ကို သူခိုးလို့စွပ်စွဲပြီး အရှက်ရအောင်လုပ်ခဲ့တဲ့အပြင် အခုနင်ကလည်း ငါ့ကိုအပ်ချုပ်ပညာသင်ယူရာမှာ အခက်အခဲတွေ့အောင်လုပ်ဖို့အတွက် ကြံစည်နေတာမလား"
ယွမ်ရွယ်ဂျင်းလည်း ယွမ်ရိ၏စကားကြောင့် တခဏမျှတိတ်ဆိတ်သွား၏။ အချိန်တစ်ခုကြာမှ
"ငါ့အမေက နင့်ကိုစွပ်စွဲမိတာကလည်း နင်လမ်းမှားရောက်သွားမှာစိုးတဲ့ စေတနာနဲ့ပါဟာ။ ပြီးတော့ ငါအခုဒီကိုရောက်နေတာကလည်း နင့်ကိုဒုက္ခပေးဖို့အတွက် မဟုတ်ဘူး။ ငါကိုယ်တိုင်က အပ်ချုပ်ပညာကို လိုလိုလားလားသင်ယူချင်တာမို့လို့ ရောက်လာခဲ့တာ"
ယွမ်ရိက ဟားတိုက်ရယ်မောလိုက်ရင်း
"နင်အခုပြောနေတာ နင့်ရဲ့အတွင်းစိတ်ထဲကနေ လာတဲ့စကားတွေလား" လို့ ပြန်မေးလိုက်သည်။
ယွမ်ရွယ်ဂျင်း၏စကားတွေဟာ သူမဝိညာဉ်ကူးပြောင်းလာပြီးနောက်ပိုင်း ကြားခဲ့ရသမျှစကားတွေအကြားမှာ အရယ်ရဆုံးစကားတစ်ခွန်း ဖြစ်နေပေသည်။ ဒါ့ကြောင့်လည်း ယွမ်ရိက ဟားတိုက်ရယ်မောလိုက်ခြင်းဖြစ်၏။
ယွမ်ရွယ်ဂျင်းလည်း ယွမ်ရိဟားတိုက်ရယ်နေတာကိုမြင်တော့ သက်ပြင်းတစ်ခုအသာချလိုက်သည်။
ပြီးတဲ့နောက် သူကဆက်လက်ပြီးတော့
"ငါ့အထင်တော့ တတိယအဒေါ်ကို မကွာရှင်းစေချင်ဘူး။ သူမကလက်ထပ်ပြီးသွားပြီဖြစ်တာမို့ သူမဒုက္ခကို သူမဘာသာသူမ ခံသင့်တယ်လေ။ အခုတော့အိမ်ပြန်လာပြီး မိသားစုကို လူအများအပြောခံရအောင် လုပ်နေတာ"