အပိုင်း - ၈၁.၂
ယွမ်ရိက လုယွမ်ကျန်း၏မျက်လုံးထဲကို သေချာစိုက်ကြည့်လျက်
"တကယ်တော့ ရဲ့ချူးဝမ်က ရူကျောင်းကို ကြိုက်နေတာဘဲ။ ဒါပေမဲ့ ရူကျောင်းက သူမကို ပြန်မကြိုက်ဘူးလေ။ ဒါ့ကြောင့်မို့ နင့်ကို ရူကျောင်းရဲ့နေရာမှာ အစားထိုးလိုက်တဲ့ သဘောဘဲ။ တကယ်လို့ ရူကျောင်းနဲ့သူမသာ ချစ်သူတွေဖြစ်သွားရင် နင်ဆိုတာ ဘယ်ဂျောင်ရောက်လို့ ရောက်မှန်းတောင် သိမှာမဟုတ်ဘူး"
ဟု စကားတစ်လုံးချင်းစီအား ပီပီသသပြောလိုက်၏။
ထိုစကားတွေဟာ လုယွမ်ကျန်းကိုသာမက ဘေးမှာ ထိုင်နေသည့် ရူကျောင်းကိုပင် အံ့အားသင့်သွားစေခဲ့သည်။
လုယွမ်ကျန်း၏မျက်နှာဟာ စိမ်းဖန့်သွားရာကနေ မဲ့ရှုံ့သွားပြီး ယွမ်ရိအား ဒေါသတကြီး စိုက်ကြည့်လျက်
"နင် ဘာတွေလျှောက်ပြောနေတာလဲ။ ချူးဝမ်က ဘာလို့ ရူကျောင်းကို သဘောကျရမှာလဲ။ ပြီးတော့ချူးဝမ်က နင့်စာတွေကို ကြားဖြတ်ယူထားတယ်ဆိုတာကလည်း လုံးဝမဖြစ်နိုင်ဘူး။ အကုန်လုံး အလိမ်အညာတွေ"
ဟု လက်မခံနိုင်ဟန်ဖြင့် ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းဘယ်လောက်ဘဲ ငြင်းနေပါစေ၊ ဒါက အမှန်တရားဘဲ"
ရူကျောင်းကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
ရူကျောင်း၏စကားသံကြောင့် လုယွမ်ကျန်း၏ခန္ဓာကိုယ်ဟာ ဆတ်ခနဲ တုန်ယင်သွားခဲ့သည်။
ရူကျောင်းက ဆက်လက်ပြီး
"ရဲ့ချူးဝမ်က ငါ့ရဲ့စာတွေကို ဖျက်ဆီးပစ်တယ်ဆိုတာက အမှန်တရားဘဲ"
ဟု ထပ်ပြောလိုက်သည်။
"မဟုတ်ဘူး။ ချူးဝမ်က အဲ့လို လူစားမျိုးမဟုတ်ဘူး။ နင့်ရဲ့စာတွေကို ကြားဖြတ်ယူထားတာကလည်း ချူးဝမ် မဖြစ်နိုင်ဘူး"
လုယွမ်ကျန်းကတော့ ခေါင်းတယမ်းယမ်းဖြင့် ဆက်လက် ငြင်းဆန်နေဆဲပင်။
"ဒါဆိုရင် သူမနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး မေးကြည့်ကြတာပေါ့"
ယွမ်ရိက ပြောလိုက်သည်။
"တကယ်လို့ သူမကသာ ငါ့ရဲ့စာတွေကို ကြားဖြတ်ယူထားတဲ့သူ မဟုတ်ဘူးဆိုရင် ငါပြန်တောင်းပန်ပါ့မယ်။ ပြီးရင် အတိတ်ကဖြစ်ခဲ့သမျှ အရာအားလုံးကိုလည်း ခွင့်လွှတ်ပြီး နင်တို့နဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်လာစေရမယ်။ ဘာလို့လဲ ငါ့လိုမျိုး ပီကင်းတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနေရတဲ့ ထူးချွန်ကျောင်းသူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရတာ နင်တို့အတွက် အရှုံးမရှိပါဘူး"
လုယွမ်ကျန်းဟာ ယွမ်ရိအား မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ အံကြိတ်လိုက်သည်။ ထို့နောက် ဘာစကားမျှမပြောတော့ဘဲ ထိုသီးသန့်အခန်းထဲကနေ ထွက်သွားတော့သည်။
"ဟေးး နောက်အပတ်ကျရင် ရဲ့ချူးဝမ်ကို ခေါ်ပြီး ဒီဆိုင်ကိုဘဲ ပြန်လာခဲ့နော်။ တကယ်လို့ မလာလို့ရှိရင် ရဲ့ချူးဝမ်က ငါ့ရဲ့စာတွေကိုကြားဖြတ်ယူတဲ့သူဆိုတာကို ဝန်ခံလိုက်တာဘဲ"
ယွမ်ရိက နောက်ကနေ လှမ်းအော်ပြောလိုက်သည်။
လုယွမ်ကျန်းလည်း ထိုစကားသံကြောင့် ဒေါသတွေ ပိုထွက်လာခဲ့ပြီး တံခါးအား ဆောင့်ပိတ်ကာ အပြင်ကို ထွက်သွားလိုက်တော့သည်။
သီးသန့်အခန်းဟာ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ရူကျောင်းက ယွမ်ရိကိုကြည့်ကာ
"လုယွမ်ကျန်းတော့ တော်တော်လေး ဒေါသထွက်သွားမယ့်ပုံဘဲ"
ဟု ပြောလိုက်၏။
ယွမ်ရိက ရူကျောင်းကို မျက်လုံးလှန်ကြည့်ကာ
"ဟေး။ ရဲ့ချူးဝမ်က နင့်ကို ကြိတ်သဘောကျနေတာနော်။ ဒါကို နင်က ဂရုမစိုက်ဘူးလား"
ဟု ပြန်မေးလိုက်၏။
ရူကျောင်းက ခဏမျှတိတ်သွားပြီးမှ
"အဲ့တာ တကယ်ဘဲလား။ ငါ့အထင် နင်က လုယွမ်ကျန်းကို ဒေါသထွက်စေဖို့အတွက် လုပ်နေတာလို့ ထင်နေတာရယ်"
ဟု ပြန်ပြောလိုက်သည်။
"ဒါနဲ့ နောက်အပတ်ကျရင် သူတို့နှစ်ယောက်လာမယ်ထင်လား"
ယွမ်ရိက ရူကျောင်းကို မေးလိုက်သည်။
"အဲ့တာတော့ ငါလည်း အတပ်မသိဘူး။ နောက်အပတ် ဒီလိုနေ့ကျရင် အဖြေသိရမှာဘဲ"
ဟု ရူကျောင်းက ယွမ်ရိ၏မေးခွန်းအား ဖြေပေးလိုက်တော့သည်။
တဖက်မှာတော့ ရူကျောင်းဟာ စားသောက်ဆိုင်ကနေ ထွက်လာပြီးတာနဲ့ ရဲ့ချူးဝမ်အိမ်ငှားနေသည့်နေရာကို တန်းလာခဲ့သည်။
ရဲ့ချူးဝမ်ဟာ ပီကင်းမြို့ကိုရောက်ကတည်းက နေရေးထိုင်ရေး၊ စားရေးသောက်ရေးတွေကို လုယွမ်ကျန်းအပေါ်မှာ မှီခိုနေရသည်။
အခု သူမမှာ ရှိနေသမျှအရာအားလုံးဟာ လုယွမ်ကျန်း၏ထောက်ပံ့မှုတွေဟုပင် ဆိုနိုင်ပေသည်။
လုယွမ်ကျန်းဟာ ရဲ့ချူးဝမ် နေသည့်အိမ်အနီးကို ရောက်ခါနီးမှာဘဲ သူ့စက်ဘီးကို ရပ်တန့်လိုက်သည်။သူ့မျက်ဝန်းတွေမှာတော့ မယုံနိုင်ခြင်း များစွာဖြင့်ပင်။
အဘယ်ကြောင့်ဆိုသော် နေမကောင်းသဖြင့်အိပ်ရာထဲကနေပြီးတော့တောင် မထနိုင်ဟု ပြောသည့် ရဲ့ချူးဝမ်အား အနီးမှာရှိသည့် စတိုးဆိုင်ကနေ ထွက်လာတာကို မြင်လိုက်ရလို့ပင်။
သူမကိုကြည့်ရတာ နေမကောင်းသည့်သူနဲ့ လုံးဝမတူဘဲ ကျန်းမာသန်စွမ်း တက်ကြွလို့နေသည်။
ထိုမြင်ကွင်းကြောင့် လုယွမ်ကျန်း၏စိတ်ထဲ တင်းတင်းကျပ်ကျပ် ဖြစ်သွားရတော့သည်။
ခဏကြာမှ လုယွမ်ကျန်းဟာ စက်ဘီးကို ဖြည်းဖြည်းလေးနင်းလျင် ရဲ့ချူးဝမ်၏နောက်ကနေ အသာလေးလိုက်သွားလိုက်သည်။
ရုတ်တရက် ရဲ့ချူးဝမ်ဟာ သူမနောက်ကနေ တစ်စုံတစ်ယောက်လိုက်လာတာကို ခံစားလိုက်ရသည်။ ဒါ့ကြောင့် ရှေ့ဆက် လျှောက်နေရာကနေ ရပ်လိုက်ပြီး ရုတ်ခြည်း နောက်ကိုလှည့်ကြည့်လိုက်သည်။
ထိုအခါ သူမ၏နောက်မှာ ရပ်နေသည့် လုယွမ်ကျန်းကိုမြင်ကာ မျက်နှာတစ်ခုလုံး အေးခဲသွားခဲ့တော့သည်။
လုယွမ်ကျန်းဟာ ဘာမှမသိသလို ဟန်ဆောင်ပြီး ရဲ့ချူးဝမ်ကို ခေါ်လျက် ငှားထားသောအိမ်ကို အတူတူပြန်လာခဲ့ကြ၏။
အိမ်ကိုရောက်တော့ ရဲ့ချူးဝမ်က စတိုးဆိုင်ကနေ ဝယ်ယူခဲ့သည့် ပစ္စည်းများအား စားပွဲပေါ်တင်လိုက်ပြီး
"ယွမ်ကျန်း၊ ဘယ်လိုဖြစ်ပြီး အစောကြီးပြန်လာတာတုန်း။ ရှင်ပြောတော့ ရူကျောင်းတို့နဲ့ ညစာသွားစားမလို့ဆို"
ဟု မေးလိုက်သည်။
လုယွမ်ကျန်းကတော့ ဘာမှပြန်မပြောဘဲ ထိုင်ခုံမှာ ထိုင်နေရင်းဖြင့် ရဲ့ချူးဝမ်ကိုသာ ကြည့်နေခဲ့သည်။
ထိုကဲ့သို့ အကြည့်ခံနေရသဖြင့် ရဲ့ချူးဝမ်တစ်ယောက် မလုံမလဲဖြစ်လာရသည်။
ဒါ့ကြောင့် သူမက အိုးမလုံအုံပွင့်ဖြစ်လာပြီး
"ကျွန်မလေ မနက်ကတည်းက နေမကောင်းဖြစ်ပြီး အိပ်ရာထဲကနေကို မထနိုင်ဘူး။ ဒါပေမဲ့ ရှင်ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းသက်သာလာတယ်လေ။ အဲ့တာနဲ့ လမ်းလေးဘာလေးထွက်လျှောက်ရင်း၊ စတိုးဆိုင်မှာ ဆေးနဲ့မုန့်တချို့ထွက်ဝယ်လိုက်တာ"
ဟု ကမန်းကတန်း ရှင်းပြလိုက်သည်။
"တကယ်လား"
လုယွမ်ကျန်းဟာ ရဲ့ချူးဝမ်ကို စိုက်ကြည့်ရင်းဖြင့် ပြန်မေးလိုက်သည်။
ရဲ့ချူးဝမ်က လုပ်ပြုံးကြီး တစ်ခုကို အတင်းလုပ်ယူလိုက်ပြီး
"တကယ်ပေါ့။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ကျွန်မတို့လမ်းမှာတွေ့မှာတုန်း"
ဟု ပြန်ပြောလိုက်သည်။
လုယွမ်ကျန်းလည်း ရဲ့ချူးဝမ်ကို စိုက်ကြည့်လျက် ခဏမျှ တိတ်ဆိတ်သွား၏။ ပြီးမှ သူက
"မင်း၊ ငါ့အပေါ်မှာ လိမ်တာတွေရှိဖူးလား"
ဟု ကောက်မေးလိုက်တော့သည်။
ရဲ့ချူးဝမ်ဟာ ထိုမေးခွန်းကြောင့် အံ့အားသင့် ထိတ်လန့်သွားခဲ့သည်။ သူမက ထိုသို့တုန်လှုပ်မှုတွေကို မျက်နှာပေါ်မှာ မထင်ပေါ်စေဘဲ
"ဘယ်လိုလုပ်ပြီးတော့ ရှင့်အပေါ်မှာ လိမ်ထားတာမျိုး ရှိရမှာတုန်း။ ကျွန်မအကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့ရှင်"
ဟု မူမပျက် ခွန်းတုံ့ပြန်လိုက်သည်။
လုယွမ်ကျန်းလည်း ထပ်ပြီးတော့ တိတ်သွားခဲ့သည်။ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ရဲ့ချူးဝမ်အပေါ်မှာ သံသယများ ပိုဝင်သွားသည်။
ခဏကြာတော့ သူက ထရပ်လိုက်ပြီး ရဲ့ချူးဝမ်ကိုကြည့်လျက်
"ငါ အဆောင်ကို ပြန်တော့မယ်"
ဟု ပြောလိုက်သည်။
ရဲ့ချူးဝမ်က လုယွမ်ကျန်း၏လက်ကို အမြန်ဆွဲလိုက်ပြီး
"ဘာလို့ပြန်မှာလဲ။ ဒီနေ့က တနင်္ဂနွေနေ့လေ။ ဒီလိုနေ့မျိုးဆို နင်ကဒီမှာဘဲ အိပ်လေ့ရှိတာပါ။ ဒီနေ့မှ ဘာလို့လဲ"
ဟု မေးလိုက်၏။
လုယွမ်ကျန်းလည်း သက်ပြင်းမောကြီးတစ်ခုကို ချလိုက်သည်။ ပြီးတာနဲ့ ရဲ့ချူးဝမ်၏မျက်ဝန်းထဲကို တည့်တည့်စိုက်ကြည့်လိုက်ပြီး
"ချူးဝမ်၊ ရူကျောင်းက ယွမ်ရိအတွက်ဆိုပြီး ပို့ပေးတဲ့စာတွေကို ကြားထဲကနေ ဖြတ်ယူထားလား"
ဟု မေးချလိုက်တော့သည်။
ထိုကဲ့သို့သာ ပေါ်တင်မမေးလိုက်ပါက သူ့စိတ်ထဲ တနုံ့နုံ့ဖြင့် ခံစားနေရတော့မှာမို့လို့ပင်။
လုယွမ်ကျန်း၏မေးခွန်းကြောင့် ရဲ့ချူးဝမ် တုန်လှုပ်သွားရသည်။ ဒါပေမဲ့ သူမက ဟန်မပျက်စေဘဲ
"မယူပါဘူး။ ဒါကို ဘယ်ကကြားလာတာတုန်း။ မဟုတ်မှ သူတို့တွေ ပြောလိုက်တာလား"
ဟု ပြန်မေးလိုက်၏။
လုယွမ်ကျန်းဟာ ရဲ့ချူးဝမ်ကိုသာ စိုက်ကြည့်နေခဲ့ပြီး ဘာမျှပြန်မပြောခဲ့ပေ။
လုယွမ်ကျန်းထံကနေ ထိုကဲ့သို့ အကြည့်ခံနေရတာကြောင့် ရဲ့ချူးဝမ်၏ခံစားချက်တွေ ဆိုးဝါးလာတော့သည်။ ဒါ့ကြောင့် သူမက စိတ်မကောင်းဖြစ်သွားသည့် ဟန်အမူအရာလေးဖြင့်
"ယွမ်ကျန်း၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာကြတာ အချိန်တွေ ကြာခဲ့ပြီလေဟာ။ ဒါတောင်မှ နင်က ငါ့အပေါ် သံသယတွေ ဝင်နေတာလား"
ဟု မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းကြောင့် လုယွမ်ကျန်း ငြိမ်ကျသွားခဲ့သည်။ ပြီးမှ သူက ရဲ့ချူးဝမ်ကို ကြည့်ကာ
"ငါနင့်အပေါ်မှာ သံသယဝင်တာ မဟုတ်ရပါဘူးဟာ။ မင်းဆီကနေ အမှန်အတိုင်း ကြားချင်ရုံလေးတင်ပါ။ အခု မင်းဆီက အမှန်အတိုင်း သိရပြီဆိုတော့ ငါတို့တွေ သူတို့ကို သေသေချာချာ ရှင်းရှင်းလင်းလင်း သွားပြောထားရမယ်"
ဟု ပြန်ပြောလိုက်တော့သည်။
တကယ်တော့ သူဟာ ရဲ့ချူးဝမ်ထံကနေ သူ မကြားချင်သောစကားများ ကြားရမည်အား စိုးထိတ်နေခဲ့သည်။ သူ့စိတ်ထဲမှာတော့ သူတစ်ယောက်တည်းကဘဲ ရဲ့ချူးဝမ်၏အချစ်ဦး၊ အချစ်ဆုံး ဖြစ်ချင်နေခဲ့ခြင်းပင်။
ရဲ့ချူးဝမ်ဟာ လုယွမ်ကျန်း၏စကားများကြောင့် နှုတ်ခမ်းကို အသာကိုက်လိုက်ပြီး
"ငါတို့က ဘာလို့ သူတို့နဲ့ထပ်တွေ့ဦးမှာလဲ။ ငါ ယွမ်ရိတို့နဲ့ ထပ်မတွေ့ချင်တော့ဘူး။ အထူးသဖြင့် ယွမ်ရိဘဲ။ တော်ကြာ သူမကို ရန်စမိသလိုဖြစ်သွားရင် ပြဿနာကြီးက ဆုံးမှာမဟုတ်တော့ဘူး"
ဟု ပြောကာ ယွမ်ရိနဲ့ရင်မဆိုင်ရဲသည့်အတွက် ဆင်ခြေပေးလိုက်သည်။
"ဒါပေမယ့် ဟိုအပတ်ကတွေ့တုန်းကတော့ နင့်ဘက်ကအရင် ယွမ်ရိကို ပြဿနာ စရှာလိုက်တာမဟုတ်ဘူးလား"
လုယွမ်ကျန်းက အရင်အပတ်က အဖြစ်အပျက်ကို ပြန်တွေးမိကာ ရဲ့ချူးဝမ်ကို မေးလိုက်သည်။
အရင်အပတ်တုန်းက ယွမ်ရိက ရဲ့ချူးဝမ်အား လျစ်လျူရှု မသိချင်ယောင်ဆောင်ခဲ့ပေမယ့် ရဲ့ချူးဝမ်ဘက်ကအရင် သွားစတာကိုတော့ သူမှတ်မိနေခဲ့သည်။ အကယ်၍ ထိုနေ့က ရဲ့ချူးဝမ်ကသာ ယွမ်ရိအား မနှောက်ယှက်ခဲ့လျှင် ဒီနေ့လိုအဖြစ်မျိုး ဖြစ်လာမှာမဟုတ်ဘူးဟုပင် သူ ထင်နေမိသည်။
ရဲ့ချူးဝမ်လည်း လုယွမ်ကျန်း၏စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ဘာပြန်ဖြေရမည်အား အမြန်စဉ်းစားလိုက်ရသည်။
"သူမက လမ်းဘေးမှာ ဈေးရောင်းတာလေ။ ဒီတော့ ရှက်ပြီးတော့ ကျွန်မကို မသိချင်ယောင်ဆောင်တာဘဲနေမှာပေါ့။ ပြီးတော့ အဲ့တုန်းက ကျွန်မပြောလိုက်တာကလည်း နှုတ်ဆက်တဲ့သဘောမျိုးနဲ့ ပြောလိုက်တာပါရှင်။ သူ့ကို ရန်စလိုတဲ့စိတ် လုံးဝမရှိပါဘူး"
ထိုအခါမှ လုယွမ်ကျန်းလည်း ရင်ထဲကအလုံးကြီးကျသွားသလို ခံစားလိုက်ရပြီး
"ဒါဆိုရင်လည်း ပြီးတာပါဘဲ။ အခုကစပြီး နင့်ကိုဘယ်သူမှ အနိုင်မကျင့်စေရဘူး ဟုတ်ပြီလား။ ဒါ့ကြောင့်မို့ နောက်အပတ်ကျရင် ယွမ်ရိနဲ့ရူကျောင်းတို့ကို ရဲရဲဝံ့ဝံ့ သွားရင်ဆိုင်ကြစို့"
ဟု ရဲ့ချူးဝမ်အား နှစ်သိမ့်အားပေးရင်းဖြင့် တောင်းဆိုလိုက်တော့၏။
ရဲ့ချူးဝမ်အနေနဲ့ လုယွမ်ကျန်း၏တောင်းဆိုချက်ကြောင့် အခက်တွေ့နေတော့သည်။ အကယ်၍ သူမသာ လုယွမ်ကျန်း၏တောင်းဆိုမှုကို လက်မခံပါက သူမအပေါ်မှာ လုယွမ်ကျန်း၏သံသယတွေ တိုးပွားလာနိုင်ပေသည်။
ဒါ့အပြင် ယွမ်ရိအား သူမ(ရဲ့ချူးဝမ်)ဘက်က သွားမစသ၍ ဘာပြဿနာမျှ မဖြစ်နိုင်ဘူး သူမစိတ်ထဲ ထင်နေခဲ့သည်။
ဒါ့ကြောင့် သူမက ခေါင်းညိတ်ကာ
"ကောင်းပြီ။ နောက်အပတ်ကျရင် သူတို့နှစ်ယောက်ကို သွားတွေ့ကြတာပေါ့"
ဟု လုယွမ်ကျန်း၏တောင်းဆိုချက်အား လက်ခံလိုက်တော့သည်။
ဒီလိုနဲ့ လုယွမ်ကျန်းနဲ့ရဲ့ချူးဝမ်တို့ဟာ ပြန်လည်အဆင်ပြေသွားကြတော့သည်။
လုယွမ်ကျန်းက တနင်္ဂနွေနေ့မတိုင်ခင်မှာ ယွမ်ရိနဲ့ရူကျောင်းတို့အား တွေ့ဆုံလျက် ညစာ စားရန်အတွက် ဖိတ်ကြားလိုက်တော့သည်။
အချိန်ဟာ လျင်မြန်စွာကုန်ဆုံးသွားပြီး တနင်္ဂနွေနေ့ညနေသို့ ရောက်လာတော့သည်။
ယွမ်ရိဟာ ညစာ စားရန်ဖိတ်ထားသည့် စားသောက်ဆိုင်သို့ မသွားခင်မှာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်စားဆင်ယင်လိုက်သည်။
ပြီးတာနဲ့ အရင်အပတ်က သွားခဲ့သည့်စားသောက်ဆိုင်ကိုပင် ထွက်လာခဲ့တော့သည်။ စားသောက်ဆိုင်ကိုရောက်တော့ စားပွဲထိုးအားခေါ်၍ လုယွမ်ကျန်း၏ နာမည်ဖြင့် ငှားရမ်းထားသည့် သီးသန့်ခန်းကို လိုက်ပို့ခိုင်းလိုက်သည်။
သီးသန့်ခန်းထဲ ဝင်လိုက်တာနဲ့ ရူကျောင်း၊ လုယွမ်ကျန်းနဲ့ ရဲ့ချူးဝမ်တို့သုံးယောက် ရောက်နှင့်နေကြပြီအား သူမ မြင်လိုက်ရသည်။
သူမဝင်လာတာကိုမြင်တော့ ရူကျောင်းနဲ့လုယွမ်ကျန်းတို့က နှုတ်ဆက်လိုက်ကြသည်။ ဒါပေမယ့် ယွမ်ရိက ထိုနှစ်ယောက်ကို လျစ်လျူရှုထားပြီး ရဲ့ချူးဝမ်ဆီကိုဘဲ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ရဲ့ချူးဝမ်အနီးကို ရောက်တာနဲ့ လက်ကိုမြှောက်လိုက်ပြီး ရဲ့ချူးဝမ်၏မျက်နှာအား ရိုက်ချလိုက်တော့သည်။
'ဖြောင်းးးး'
လက်သံက တော်တော်လေး ပြောင်လွန်းလှသဖြင့် အနီးမှာ ရှိနေသည့် စားပွဲထိုးလေးပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
'သွားပြီ၊ ရန်ဖြစ်ကြတော့မယ် ထင်တယ်'
ရုတ်တရက်ကြီး အရိုက်ခံလိုက်ရမည်ဟု ရဲ့ချူးဝမ်လည်း ထင်မှတ်မထားခဲ့ပေ။ နာကျင်မှုဟာ ပါးပြင်မှတဆင့်မျက်နှာတစ်ခုလုံး ပျံ့နှံ့သွား၏။
လုယွမ်ကျန်းလည်း ခဏမျှ ကြောင်,အနေခဲ့ပြီးမှ ရဲ့ချူးဝမ်ကို ကာကွယ်ပေးရန် ပြင်လိုက်၏။
ဒါပေမဲ့ ရဲ့ချူးဝမ်ထံ မရောက်ခင်မှာဘဲ အနီးမှာ ရှိသည့် ရူကျောင်းထံမှာ ဖမ်းချုပ်ခြင်းခံလိုက်ရသည်။
ရူကျောင်းက လုယွမ်ကျန်းအား ဖမ်းချုပ်ပြီးတာနဲ့ စားပွဲထိုးလေးကိုကြည့်ကာ
"ငါတို့တွေ သီးသန့်ဖြေရှင်းစရာလေးရှိလို့ အရင်ထွက်သွား"
ဟု ပြောလိုက်သည်။
စားပွဲထိုးလေးခဗျာ ကြောက်လန့်စွာဖြင့် အခန်းထဲကနေ ပြေးထွက်သွားတော့သည်။ သူက အခန်းတံခါးကိုပါ သေချာလေး ပြန်ပြီး ပိတ်ပေးထားခဲ့သေး၏။
လုယွမ်ကျန်းဟာ ရူကျောင်း၏ဖမ်းချုပ်ထားမှုကနေ လွတ်လိုလွတ်ငြား ဒေါသတကြီးဖြင့် ရုန်းကန်နေခဲ့သည်။ ဒါပေမယ့် မလွတ်မြောက်ခဲ့ပေ။
ဒါ့ကြောင့် သူက ဒေါသတကြဖြင့်
"ငါ့ကိုလွှတ်စမ်း။"
ဟု အော်ပြောလိုက်၏။
ပြီးတာနဲ့ ယွမ်ရိကို မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ
"ယွမ်ရိ၊ ချူးဝမ်ကို ထပ်ပြီး နာကျင်အောင်လုပ်ရင် နင့်ကိုလည်း ဘဝတစ်ခုလုံး စုတ်ပြတ်သပ်သွားအောင် ငါ လုပ်ပစ်မှာနော်"
ဟု ခြိမ်းခြောက်လိုက်၏။
ယွမ်ရိကတော့ လုယွမ်ကျန်း၏ခြိမ်းခြောက်မှုများအား လေကဲ့သို့ပင် သဘောထားကာ လုံးဝ အရေးမစိုက်ခဲ့ပေ။
သူမက ရဲ့ချူးဝမ်၏မျက်ဝန်းထဲကို စိုက်ကြည့်လျက်
"လင်းယောင်ဆိုတဲ့ နာမည်ကို သိလား"
ဟုသာ မေးလိုက်သည်။