Chapter 9

4K 454 0
                                    

အပိုင်း-၉


ရွှေသရဖူရွာ၊ အပ်ချုပ်သမား အဖိုးအို၏ အိမ်။

နေရောင်ခြည်ဟာ ပြတင်းတံခါးကို ဖြတ်လျက်အခန်းအတွင်း ဖြာကျနေ၏။
ယွမ်ရိဟာ ထိုပြတင်းပေါက် အနီးမှာ ထိုင်နေသည်။သူမ၏ ဘယ်ဘက်လက်မှာ အဝတ်ဟောင်း တစ်ခုကို ကိုင်ထားကာ ညာဘက်မှာတော့ သေးငယ်တဲ့အပ်လေးကို ကိုင်ဆောင်ထား၏။ ညာဘက် လက်ကို လှုပ်ရှားရင်းဖြင့် အပ်ငယ်လေးကို အသုံးပြုကာ အဝတ်ဟောင်းပေါ်မှာ ချုပ်ရိုးလေးတွေ တန်းနေအောင် ချုပ်ထားလိုက်သည်။

သူမ၏ ခြေရင်းမှာတော့ ကြောင်ဝါကြီး တစ်ကောင် လဲလျောင်းနေ၏။ ထိုကြောင်ဝါကြီးဟာ အချိန် အတော်ကြာအောင် အိပ်ပြီးသည့်နောက် အိပ်ရေးဝသွားကာ ခါးကော့နေအောင် အကျောဆန့်လိုက်သည်။ ထို့နောက် ယွမ်ရိ၏ ခြေရင်းမှ ထကာ အဖိုးအို အနီးသို့သွားရင်း 'တမြှောင်မြှောင်' နဲ့ အော်တော့သည်။ ထိုအမူအရာနဲ့ အသံအရ ကြောင်ဝါကြီးဟာ ဗိုက်ဆာနေကြောင်း အချက် ပြနေခြင်းဖြစ်ပေသည်။

ထိုကြောင်ဝါကြီးဟာ ညဘက်များတွင် ကြွက်များကို အမဲလိုက် သတ်ဖြတ် စားသောက်ပေမယ့် နေ့ခင်းဘက် ဗိုက်ဆာလာသည့်အခါမှာတော့ အပ်ချုပ်သမား အဖိုးအိုထံ အစာတောင်းလေ့ရှိ၏။

အဖိုးအိုလည်း သူ့အနား တမြှောင်မြှောင် အော်နေသည့် ကြောင်ဝါကြီးကို ကြည့်ကာ ...
"မင်းကတော့ကွာ၊ အစားချည်းပဲ စားနေလို့လဲ ဒီလောက် ဝနေတာကွ"

ဤကြောင်ဝါကြီးဟာ အဖိုးအို၏ ဘဝတွင် တစ်ဦးတည်းသော အဖော်မွန် တစ်ယောက် ဖြစ်ကာ ငယ်စဉ် ကတည်းက သူနဲ့ အတူတူ နေထိုင်လာခြင်းဖြစ်၏။ ဤအိမ်ကြီး အတွင်းမှာ အဖိုးအိုနဲ့ ကြောင်ဝါကြီးဟာ အတူတူ နေထိုင်ကြကာ အဖိုးအိုက ကြောင်ဝါကြီးကို မကြာခဏ စကားပြောလေ့ ရှိသည်။

ဒါပေမယ့် အပ်ချုပ်သင်ဖို့ ယွမ်ရိ ရောက်လာပြီးနောက်ပိုင်း ကြောင်ဝါကြီးဟာ ယွမ်ရိ အနားမှာ အများဆုံး ကပ်နေလေ့ရှိ၏။ ယွမ်ရိ အဝတ်ချုပ်နေတုန်းဆိုရင် ကြောင်ဝါကြီးက ယွမ်ရိ ဘေးနားကအထည်အစုတ်တွေ၊ အပ်ချည်ကြိုး အပျက်တွေနဲ့ဆော့နေလေ့ရှိသည်။ ဒါမှမဟုတ်လည်း ယွမ်ရိခြေရင်းမှာ အိပ်နေလေ့ရှိ၏။ ဗိုက်ဆာ‌လာသည့်အခါမျိုးမှာပဲ အဖိုးအိုနား‌ သွားလေ့ရှိပေသည်။

အဖိုးအို၏ စကားကြောင့် ယွမ်ရိရဲ့ မျက်နှာပေါ်မှာ ပြုံးယောင်သမ်းသွာကာ သူမ လက်ထဲမှာ အထည်ကို အပြီးသတ်လိုက်တော့၏။

ရှုပ်ပွနေသည့် အပ်ချည်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ရှင်းပြီးသွားတာနဲ့ အဝတ်စကို အဖိုးအိုထံ ယူသွားကာ ...
"ဆရာကြီး၊ ဒီမယ် ဆရာကြီး သင်ပေးထားတဲ့အတိုင်း ချုပ်ထားတာတွေ ပြီးသွားပါပြီရှင့်"
လို့ ပြောရင်း ချုပ်ထားသည့် ပုံစံ တစ်ခုချင်းစီကို ညွှန်ပြရင်း နာမည်များကိုပါ ရွတ်ပြလိုက်သည်။

"ဒါတဖြောင့်တည်း ချုပ်ထားတဲ့ ချုပ်ရိုးပါရှင့်"

"ဒါက အပွင့်ပုံဖော်ပြီး ချုပ်ထားတဲ့ဟာပါရှင့်"

"ဒါက ကြယ်သီးပေါက်အတွက် အဝိုင်း ကွပ်ထားတဲ့ချုပ်ရိုးပါရှင့်"

ယွမ်ရိ ချုပ်ထားသည့် ချုပ်ရိုးတွေဟာ တကယ့်ကို သပ်သပ်ရပ်ရပ် ရှိလှပြီး အပ်ချုပ်သမား အဖိုးအို၏ ဘဝတစ်လျှောက် ယခုကဲ့သို့ အရည်အချည်းရှိသူ တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဒါပေမယ့် သူက ယွမ်ရိကို မချီးမွမ်းခဲ့ပဲ ...
"မဆိုးဘူး"
ဟု တစ်ခွန်းတည်းသာ ပြောလိုက်၏။

အဖိုးအိုဟာ ထိုကဲ့သို့ တုံးတိတိ ပြောပေမယ့် သူ့လေသံထဲမှာ စိတ်လှုပ်ရှားမှုတွေ ရောပါနေတာကိုယွမ်ရိ ခံစားမိပေသည်။ ဒါ့ကြောင့် သူမက ဝမ်းသာအားရ ပြုံးလိုက်မိ၏။ ထို့နောက် အဖိုးအိုအား
"အဖိုး၊ နေ့လည်ခင်း ရောက်တော့တာမို့လို့ အိမ်ကို ထမင်းစား ပြန်လိုက်ဦးမယ်။ ထမင်း စားပြီးမှ ပြန်လာခဲ့တော့မယ်"
လို့ အသိပေးလိုက်သည်။

ထိုအခါ အဖိုးအိုက ကုလားထိုင်နောက်ကို မှီထိုင်ရင်းဖြင့် ...
"ဒီနဲ့ အိမ်၊ အိမ်နဲ့ ဒီ၊ အပြန်အလှန် သွားနေရတာ မပင်ပန်းဘူးလား။ ဒီ‌မှာပဲ ထမင်းစားလိုက်တော့"
လို့ ရုတ်တရက် ပြောလိုက်၏။

'ဘယ်လို၊ အဖိုးက ငါ့ကို ဒီမှာပဲ ထမင်းစားဖို့ ပြောနေတာလား။ ငါ နားကြား မှားသွားတာများလား'
ယွမ်ရိဟာ အလွန် စိတ်လှုပ်ရှားသွားပြီး သူမကိုယ်သူမ နားကြား မှားသွားတာများလားလို့တောင် ထင်မှတ်သွားခဲ့၏။ ဒါ့ကြောင့် အဖိုးအိုအား ပြန်မေးလိုက်၏။
"အဖိုး၊ တကယ် ပြောနေတာလား"

ထိုအခါ အဖိုးအိုက စိတ်မရှည်ဟန် ဖြစ်လာကာ ...
"မယုံဘူးဆိုရင်လည်း ထားလိုက်တော့"
လို့ ပြောလိုက်သည်။

ယွမ်ရိက အဖိုးအိုရဲ့ စကားကို လျစ်လျူရှူလိုက်ကာ
"မဟုတ်ပါဘူး အဘိုးကလည်း၊ စားမှာပေါ့ ရှင့်"
လို့ ရယ်မောလျက် ပြန်ပြောလိုက်တော့သည်။

သူမဟာ အဖိုးအိုဆီမှာ စားလိုက်ပါက အိမ်အတွင်း တစ်ယောက်စာ၊ စားစရိတ် လျော့ချနိုင်မည့်အပြင် အဖိုးအိုထံမှ ဟင်းကောင်းများကိုပင် စားသောက်ရနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အဖိုးအိုက နေ့တိုင်း ဟင်းကောင်များ ချက်စားတာကို သူမ သိနေလို့ပဲ ဖြစ်၏။

အဖိုးအိုအနေနဲ့ သည်လိုမျိုး နေနိုင်၊ စားသောက်နိုင်ရတာကလည်း သူဟာ ဖန်းမင်းတောင် တစ်ခွင်မှာ တစ်ဦးတည်းသော အပ်ချုပ်တတ်သည့်သူ‌ ဖြစ်နေသည့်အပြင်၊ သူ့မှ မိသားစုဝင်တွေ မရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်၏။ မိသားစုဝင်တွေ မရှိတာမို့ မိသားစုအတွက် ထောက်ပံ့ပေးစရာလည်း မလိုတော့ချေ။

သည်အချက်တွေကြောင့်လည်း အဖိုးအိုရဲ့ဘဝဟာ ဖန်းမင်းတောင်ပေါ်မှာ နေတဲ့ အခြားသူတွေရဲ့ဘဝတွေထက် ပိုပြီး သက်တောင့်သက်သာ ဖြစ်နေရခြင်း ဖြစ်၏။

တကယ်တော့ အဖိုးအိုက သူမကို ထမင်းစားဖို့ ပြောထားပေမယ့် သူမအတွက် ချက်ပြုတ်ပေးထားတာမျိုးကတော့ လုံးဝ မဖြစ်နိုင်ချေ။ သူဟာ သူ့အတွက် တစ်နေ့စာကိုပါ တစ်ခါတည်း ချက်ထားခဲ့စေချင်တာလည်း ဖြစ်နိုင်ပေသည်။ ဘာဖြစ်ဖြစ်ပါ၊ အဖိုးအိုက ဟင်းချက်စရာများ ပေးပြီး သူမက ထမင်း ဟင်း ပြန်ချက်ပေးလိုက်ပါက နှစ်ဦးနှစ်ဖက် ဆုံးရှုံးစရာ မရှိဘူးလို့ ယွမ်ရိ ခံစားလိုက်ရ၏။

ဒါ့ကြောင့် ယွမ်ရိလည်း သူမ၏ လွယ်အိတ် အဝါရောင်လေးအား ဘေးမှာ ချထားလိုက်ကာ ထမင်းချက်ဖို့အတွက် အဖိုးအို၏ မီးဖိုချောင်အတွင်း ဝင်သွားတော့သည်။

မူလ ယွမ်ရိ၏ မှတ်ဉာဏ်များ အတွင်းမှ အကူအညီ မယူလည်း ကူးပြောင်းလာသည့် သူမအတွက်ချက်ပြုတ်ခြင်းက လုံးဝ အခက်အခဲ တစ်ခု မဟုတ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ယွမ်ရိက အလုပ်ပြီးသွားသည့်အခါတိုင်း အစားအသောက် အကြောင်းကို အမြဲတမ်း တွေးတောနေလေ့ ရှိကာ မကြာခဏ ချက်ပြုတ် စားသောက်တတ်သောကြောင့်ပင်။ သူမအတွက် ချက်ပြုတ်ခြင်းဆိုတာ၊ ဒီဇိုင်နာ ဝါသနာပြီးရင် ဒုတိယ အရေးပါဆုံး ဝါသနာ တစ်ခု ဖြစ်ပေသည်။

အရင် ဘဝတုန်းက အသက် နှစ်ဆယ်ကကျော်အတွင်း မရေမတွက်နိုင်အောင် အမျိုးမျိုးသောနည်းလမ်းများဖြင့် ချက်ပြုတ်ခဲ့ဖူးပေသည်။ ဒါ့ကြောင့် ယွမ်ရိဟာ ထင်းမီးကို လျှင်မြန်စွာ မွှေးလိုက်ပြီး ထမင်းအိုး တစ်လုံးကို ခပမြန်မြန် တည်လိုက်တော့သည်။

ထမင်းအိုကို တည်းထားတုန်းမှာပဲ ယွမ်ရိက အဖိုးအို၏ ခြံဝန်းထဲမှာရှိသည့် အသီးအရွက်များ စိုက်ပျိုးထားသည့် နေရာဘက်ကို သွားကာ ငရုတ်ပွသီး အနည်းငယ်နဲ့ ကြက်သွန်နီ တစ်ချို့ကို ခူဆွတ်လာခဲ့၏။ မီးဖိုချောင်ထဲ ပြန်ရောက်တာနဲ့ ငရုတ်ပွသီးကို ရေဆေးလိုက်ကာ အနေတော်လေး လှီးဖြတ်လိုက်သည်။ ကြက်သွန်နီကိုလည်း ရေဆေးပြီး ခပ်စိတ်စိတ်လေး ပိုင်းဖြတ်ထားလိုက်၏။

ကြက်သွန်ဖြူ‌ အနည်းငယ်ကိုလည်း ငရုတ်ဆုံအတွင်း ထည့်ကာ ထောင်းထားလိုက်သည်။ထို့နောက် ပန်းကန်း တစ်လုံး ထုတ်ကာ မီးဖိုးအတွင်းမှာ ရှိသည့် ကြက်ဥ နှစ်လုံးအား ဖောက်ကာ ထည့်လိုက်သည်။ ပြီးနောက် ထောင်းထားသည့်ကြက်သွန်ဖြူကိုလည်း ထည့်ကာ ငရုတ်ပွသီးနဲ့ ကြက်သွန်နီကိုပါ ထည့်လိုက်သည်။

ငံပြာရည် အနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့်ပြီးတဲ့ နောက်မှာ သမအောင် မွှေလိုက်တော့၏။ထို့နောက် ဆီအိုး တည်လိုက်ကာ ဆီပွက်တာနဲ့တစ်ခါတည်း ထည့်ကြော်လိုက်တော့သည်။ ကြက်ဥကြော် ပြီးသွားတာနဲ့ ပန်းကန်အတွင်း ခပ်လိုက်ကာထမင်းစားပွဲပေါ် သွားချထားလိုက်သည်။

ထိုအချိန်မှာပဲ အဖိုးအိုက မီးဖိုချောင်ထဲ ဝင်လာကာ ယွမ်ရိအား မသိမသာ အကဲခတ်တော့သည်။ ယွမ်ရိက အဖိုးအိုအား ပြုံးပြလိုက်၏။

မကြာခင်မှာပဲ ထမင်းလည်း ကျက်သွားပြီဖြစ်၍ ယွမ်ရိလည်း ထမင်းအိုးကို ချကာ မီးငြိမ်းပစ်လိုက်တော့သည်။

ထို့နောက် ထမင်းများကို နှစ်ယောက်စာ ခူးခပ်လိုက်ပြီး စားပွဲပေါ်မှာ နေရာချ ပြင်ဆင်လိုက်တော့၏။ အဖိုးအိုရော ယွမ်ရိပါ ထမင်းစားပွဲမှာ နေရာယူလိုက်ကြသည်။ အဖိုးအိုဟာ သူမ ကြော်ထားသည့်ကြက်ဥမွှေကြော်အား မြည်းကြည့်နေတာကို မြင်ပြီးနောက် ယွမ်ရိက စိတ်လှုပ်ရှားစွာဖြင့် ...
"ဆရာ၊ အရသာဘယ်လိုနေလဲ"
လို့ မေးလိုက်၏။

အဖိုးအိုလည်း သူ့ ပါးစပ်အတွင်းမှာ ကြက်ဥကြော်ကို မျိုချ၍ လည်ချောင်း ရှင်းလိုက်ပြီး ...
"အင်း၊ မဆိုးဘူး"
လို့ ပြန်ဖြေလိုက်သည်။

ဒါပေမယ့် သူ့ရဲ့ မျက်လုံးနဲ့ လက်များက ကြက်ဥကြော်ကို အလွန် ကြိုက်ကြောင်း ဖော်ပြနေတော့၏။

ယွမ်ရိလည်း ပြုံးလိုက်ကာ အဖိုးအို၏ ပန်းကန်အတွင်းသို့ ကြက်ဥုမွှေကြော်များ ထပ်ထည့်ပေးလိုက်တော့သည်။

ကြက်ဥမွှေကြော်အတွင်း ငရုတ်ပွများကို ထည့်ကြော်ထားခြင်း ဖြစ်၍ အရသာက အစပ်ဘက်သို့အနည်းငယ် ယိမ်း၏။ ဒါပေမယ့် တအားကြီး စပ်နေတာမျိုးလည်း မဟုတ်ပေ။

အဖိုးအိုလည်း‌ ကြက်ဥမွှေကြော် အတွင်းမှ ငရုတ်ပွသီးအား ကိုက်စားမိပြီးနောက် အကြည့်တွေဟာတောက်ပသွားတော့သည်။

'အင်း၊ ဒီကလေးမက သင်သမျှ အတတ်မြန်ရုံမကဘူး။ ဒီလို အရသာရှိတဲ့ ဟာတွေကို ချက်ပါ ချက်တတ်လိမ့်မယ်လို့ ငါ လုံးဝထင်မထားခဲ့ဘူး'

သူဟာ အခြားသော လူများကိုလည်း အဝတ်အထည်များ ချုပ်ပေးခဲ့ပြီး သူ့အိမ်မှာ ထမင်း ဟင်း ချက်ပေးဖို့ တောင်းဆိုခဲ့ဖူးပါသည်။ ဒါပေမယ့် ထိုလူတွေ ချက်ထားသည့် ဟင်းများဟာယွမ်ရိ ကြော်ထားသည့် ကြက်ဥနဲ့ လုံးဝ နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။

ကြက်ဥမွှေကြော်က အရမ်း အရသာရှိ လွန်း၍ ထပ်ယူဖို့အတွက် တူကို မြှောက်လိုက်သည်။ ထိုအခါတစ်ဖက်မှ ယွမ်ရိ၏ တူများနဲ့ တိုက်မိသွားတော့သည်။

ယွမ်ရိလည်း အလိုက်တသိဖြင့် သူမရဲ့ တူကို နောက်ကို ဆုတ်ပေးလိုက်၏။ ထို့နောက် ထမင်းအား ခပ်‌သွက်သွက်လေး စားလိုက်တော့သည်။

စားသောက် ပြီးသွားသည့်နောက် အဖိုးအိုဟာ စိတ်ကောင်းဝင်နေပြီး ခြံဝန်းအတွင်းမှ အရိပ်ရသည့် နေရာအောက်မှာ လှဲလျောင်းလျက် သီချင်းတစ်ပုဒ်ကို ညီးတွားနေခဲ့၏။

ယွမ်ရိလည်း အဖိုးအို၏ သီချင်းသံကို နားထောင်ရင်း အိုးခွက် ပန်းကန်များကို ဆေးကြောပြီးနောက် အပ်ချုပ်စက်အား မှီလျက် ခဏမျှ အနားယူလိုက်တော့သည်။

သီချင်း ညီးရင်းဖြင့် အဖိုးအိုဟာ အနားယူနေသည့်ယွမ်ရိကို ကြည့်ကာ သူ့စိတ်ထဲ အကြံတစ်ခု ဝင်ရောက်လာတော့သည်။

အနားယူပြီးနောက် ယွမ်ရိလည်း အဖိုးအိုအားနောက်ထပ် အပ်ချုပ်နည်း တစ်ခု သင်ကြားပေးဖို့ တောင်းဆိုလိုက်သည်။ ဒါပေမယ့် သ ည်တစ်ကြိမ်မှာတော့ သူရဲ့ သင်ကြားမှုတွေဟာ အလွန်မြန်နေပြီးအခြေခံ မပိုင်မှာစိုးသည်ဆိုသည့် အကြောင်းပြချက်ကို သုံးကာ ခပ်တည်တည်ဖြင့် ငြင်းလွှတ်လိုက်တော့သည်။

ယွမ်ရိလည်း အဖိုးအိုအား သံသယ မျက်လုံးများဖြင့်ကြည့်ကာ ...
"အဖိုး၊ သမီး မြန်မြန်တတ်သွားရင် အဖိုး အတွက်ထမင်းချက်မပေးတော့မှာ စိုးနေတာလား"
လို့ မေးလိုက်၏။

ထိုအခါ အဖိုးအိုက သူခိုး လူမိသွားသကဲ့သို့ ခပ်ရှက်ရှက်ဖြင့် ...
"ပေါက်ကရတွေ၊ ငါ မြန်မြန် မသင်နဲ့ဆိုရင် မြန်မြန် မသင်နဲ့ပေါ့။ ပြီးတော့ မနက်ဖြန် ထမင်း မချက်ချင်းဘူးဆိုလည်း ဘာမှ မပြောဘူး၊ မင်းဘာသာမင်း အိမ်ပြန်စားရုံပေါ့"

ယွမ်ရိလည်း ရုတ်တရက် ပြုံးလိုက်ပြီး ...
"ကောင်းပြီလေ၊ အဲ့တာဆို သမီး ဒီနေ့ ပြန်တော့မယ်။ မနက်ဖြန်ကျမှ ပြန်လာခဲ့တော့မယ်"

"မင်းဘာသာမင်း မနက်ဖြန် လာလာ၊ မလာလာ ငါ့အတွက် ကိစ္စမရှိဘူး"

ယွမ်ရိ အတွေးထဲမှာ အဖိုးအိုက အနည်းငယ် ကလေးဆန်တယ်လို့ ခံစားရလိုက်၏။ နောက်ဆုံးမှာ သူမပဲ အရှုံးပေးလိုက်ရကာ ...
"စိတ်မပူပါနဲ့၊ မနက်ဖြန်ကျရင် သမီး သေချာပေါက် ပြန်လာခဲ့ပါ့မယ်"

ပြီးတဲ့နောက် သူမရဲ့ လွယ်အိတ်ထဲကို သူမရဲ့ ပစ္စည်းများအား ပြန်သိမ်းဆည်းလိုက်သည်။ သူမ ပြန်မလို့ ပြင်လိုက်ချိန်မှာ အဖိုးအိုက‌ နေဦးလို့ တားကာ ခြံထဲကို ဆင်းလျက် စပျစ်သီးခိုင် အချို့ကို ခူးဆွတ်လိုက်သည်။

ပြီးတဲ့နောက် ယွမ်ရိထံ ပြန်လာကာ ...
"ငါက အသက်အရွယ် ရနေပြီဆိုတော့ ဒါတွေ အကုန်လုံး ကုန်အောင် မစားနိုင်တော့ဘူး။ အလကား ပျောက်ပျက်မယ့် အတူတူ နင် ယူသွားလိုက်"
လို့ ပြောလိုက်သည်။

စပျစ်သီးတွေကို သူမထံ ပေးပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားတာမို့ ယွမ်ရိ အနေနဲ့ ဘာမှပြန်ပြောချိန် မရလိုက်ပေ။

မိုက်လိုက်တာ။

ယွမ်ရိလည်း သူမ လက်ထဲက စပျစ်သီးများကို တစ်လှည့် အဖိုးအိုကို တစ်လှည့်ကြည့်ကာ ...
"ကျေးဇူးတင်ပါတယ် အဖိုး"
လို့ အကျယ်ကြီး အော်ပြောလိုက်တော့သည်။

တောင်ပေါ် လမ်းလေးအတိုင်း ယွမ်ရိဟာ အိမ်ကိုပြန်လာခဲ့၏။ လမ်းလျှောက်နေစဉ်အတွင်းသူမ၏ လွယ်အိတ် အတွင်းမှ စပျစ်သီး တချို့ ထုတ်ယူကာပါးစပ်အတွင်း ပစ်ထည့်၍ ဝါးစားလိုက်သည်။စပျစ်သီးဟာ အရည် အရမ်းရွမ်းကာ ကိုက်လိုက်တာနဲ့ အရည်တွေ အများကြီး ထွက်လာခဲ့သည်။ သူမဟာ စပျစ်သီးကို ချဉ်မယ် ထင်ထားခဲ့သော်လည်း ဝါးစားပြီးချိန်မှာတော့ မချဉ်တဲ့အပြင် ချိုနေတာကိုပါ တွေ့လိုက်ရသည်။

ဒါဟာ ယွမ်ရိအား အလွန် အံ့အားသင့်သွားစေခဲ့သည်။
'အဖိုးက စပျစ်သီးကို ချိုအောင် ဘယ်လိုများ စိုက်တာပါလိမ့်'

သူမဟာ အလွန်ချိုသော စပျစ်သီးများကြောင့် ပျော်ရွှင်နေခဲ့သော်လည်း ထပ်မံ စားသောက်ခြင်း မရှိတော့ချေ။ သူမဟာ ထိုစပျစ်သီးများကို အိမ်ပြန်ယူသွားပြီး အဖိုး ယွမ်ကျီကောင်၊ အဖွား လျူရှင်းဟွာ၊ ငါးယောက်မြောက် ဦးလေး ယွမ်ချန်းရှန်နဲ့ ယွမ်ကျဲတို့ဖြင့် အတူတူ စားဖို့အတွက် သိမ်းထားလိုက်တော့သည်။

သူမ‌ အိမ်မရောက်ခင်မှာ တောင်တက်လမ်းလေးရဲ့ဘေး၌ ဝက်များကို ထိန်းကျောင်းရင် စာဖတ်နေသည့် လင်းယောင်ကို မြင်တွေ့လိုက်ရသည်။

လင်းယောင်နဲ့ မနီးမဝေးမှာလည်း ကောင်းဟိုင်ယန်တို့ အုပ်စုရှိနေ၏။ သည်နေ့မှာတော့ သူတို့ဟာ လင်းယောင်ကို ရိုက်နက်တာမျိုး မလုပ်တော့ချေ။ ဒါပေမယ့် သူတို့ လက်ထဲမှ ကျောက်ခဲများဖြင့် ပစ်ကာလင်းယောင်အား ပါးစပ်ဖြင့် ရန်စနေကြတော့သည်။
"ဟေ့၊ အရူးကောင်၊ တစ်ခုခု ပြောစမ်း"

လင်းယောင်ကတော့ ထိုအရာတွေကို လျစ်လျူရှုထားကာ သူ့ရဲ့အာရုံကို စာဖတ်ခြင်းထဲမှာ နစ်မြုပ်ထား၏။

ယွမ်ရိလည်း အသက်ကို ပြင်းပြင်းရှူကာ ကောင်းဟိုင်ယန်တို့ အုပ်စုအား လက်ညိုးထိုးလျက် ...
"အဲ့တာ ဘာလုပ်နေကြတာလဲ။ နင်တို့တွေ သေချင်နေကြတာလား"
လို့ အော်ပြောလိုက်သည်။

ယွမ်ရိကို မြင်တာနဲ့ ကောင်းဟိုင်ယန် တို့ အုပ်စုလည်း ဘာမျှထပ်မပြောတော့ပဲ တစ်ချိုးတည်း လှည့်ထွက်သွားတော့သည်။

ထိုအရာကြောင့် သူ့မ၏ ဦးလေး ငါးဟာ ထိုအဖွဲ့အား သတိပေးပြီးသွားပြီ ဖြစ်ကြောင့် ယွမ်ရိ သိလိုက်တော့သည်။

ကောင်းဟိုင်ယန်တို့ ထွက်သွားတာနဲ့ ယွမ်ရိလည်း လင်းယောင် အနားသို့ တိုးသွားလိုက်တော့၏။

လင်းယောင်ကလည်း သူ့ရဲ့ စာအုပ်အား ပိတ်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်"
လို့ ပြောလိုက်သည်။

ယွမ်ရိလည်း လင်းယောင် ဘေးမှာ ထိုင်လိုက်ကာ
"သူတို့တွေ နင့်ကို အနိုင်ကျင့်တာတွေ ထပ်လုပ်ရင်ငါ့ရဲ့ ဦးလေး ငါးကိုသာ သွားရှာလိုက်။ အဲ့တာဆို သူတို့ နင့်ကို ဒုက္ခ မပေးရဲတော့ဘူး"

လင်းယောင်လည်း ခေါင်းညိတ်လိုက်ပြီး ...
"အင်းပါ၊ ဒီနေ့တော့ သူတို့တွေ ငါ့ကို မရိုက်နှက်ခဲ့ကြဘူး"

ယွမ်ရိလည်း လင်းယောင် လက်ထဲက စာအုပ်ကိုကြည့်ကာ ...
"ဘာစာအုပ်တွေ ဖတ်နေတာလဲ"
လို့ မေးလိုက်သည်။

ဒါကိုကြားတော့ လင်းယောင်က သူ့ လက်ထဲကစာအုပ်ကို ယွမ်ရိထံ ထိုးပေးလိုက်၏။

ယွမ်ရိလည်း စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။စာအုပ်အတွင်းမှ တရုတ် စာလုံး အနည်းငယ်မှလွဲ၍ ကျန်သည့် စာလုံးများကို သူမ နားမလည်ခဲ့ပေ။

သူမလည်း မသိစိတ် တုံ့ပြန်မှုအရ မျက်မှောင်ကြုတ်မိလိုက်ကာ ...
"ဒါတွေက..."

"အာ"
လင်းယောင်က ယွမ်ရိအား ကျောင်းမတက်ဖူး၍ စကားလုံးများအား မဖတ်တတ်ဘူးလို့ ထင်မှတ်သွားကာ ...
"ဒါက ရူပဗေဒ စာအုပ်လေ"
လို့ ပြောပြလိုက်သည်။

ယွမ်ရိဟာ ခြောက်ကပ်စွာဖြင့် ပြန်လည် ပြုံးပြခဲ့၏။ သူမအနေနဲ့ အရင်ဘဝတုန်းက ရူပဗေဒအားမသင်ချင်တာမှ အဆုံးပင်။ အထက်တန်းကို ရောက်ပါပြီဆိုကတည်းက ရူပဗေဒကို လေ့လာခဲ့ဖူး၏။

သူမက လင်းယောင်အား ...
"ဟေး၊ နင် ဘယ်အချိန်မှာ မွေးတာလဲ"
လို့ မေးလိုက်သည်။

လင်းယောင်က ...
"၁၉၆၀ ခုနှစ်လေ"

ယွမ်ရိလည်း လက်ရှိ ခုနှစ်ဖြင့် ချိန်ကြည့်လိုက်ပြီးနောက် လင်းယောင်ရဲ့ အသက်ဟာ တစ်ဆယ့်သုံးနှစ်ပဲ ရှိနေသေးတာကို သိလိုက်ရတော့သည်။
'အိုး၊ တစ်ဆယ့်သုံးနှစ် ဆိုတော့ တော်တော်ငယ်သေးတာပဲ။ ဒါတောင်မှ ငါတို့ အထက်တန်းရောက်မှ သင်ရမယ့် ရူပဗေဒကို ဖတ်နေပြီ'

ယွမ်ရိလည်း သူမရဲ့သိချင်စိတ်ကို ထိန်းမရတော့ဘဲ
"လင်းဟောင်၊ အဲ့စာအုအ်ထဲက စာတွေကို နားလည်သလား"
လို့ မေးလိုက်သည်။

လင်းယောင်က ခေါင်းညိတ်ကာ ...
"အင်း၊ အဲ့တာတွေက အရမ်း ရိုးရှင်းတယ်"

ယွမ်ရိ"... ... ..."
'ရိုးရှင်းတယ်ပေါ့လေ။ ဘာလို့ သူမအတွက်ကျ ခက်ခဲတယ်လို့ ခံစားနေရတာပါလိမ့်'

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now