အပိုင်း - ၈၅.၁
ရှဲ့တုန်းယန်ဟာ ယွမ်ရိ ခြံရှာခိုင်းထားသည့်ကိစ္စအား မိမိအရေးအဖြစ် သတ်မှတ်ကာ သေချာရှာပေးခဲ့သည်။ သူက မြို့အပြင်အနှံ့ သွားကြည့်ကာ နေရာကောင်းမွန်သည့် ခြံများကို လှည့်ပတ်ကြည့်ရှုခဲ့သည်။
များမကြာခင်မှာဘဲ ခြံဝန်းတစ်ဝန်းအား သူမျက်စိကျသွားတော့သည်။
ချက်ချင်းဘဲ ဝမ်းသာအားရဖြစ်သွားကာ သူက ယွမ်ရိထံသွားပြီး အသိပေးထားလိုက်သည်။
ထိုအပတ်၏တနင်္ဂနွေနေ့ကို ရောက်သည့်အခါ ယွမ်ရိနဲ့ရှဲ့တုန်းယန်ဟာ ခြံဝန်းကိုအကဲခတ်ရန်အတွကိ မြို့ပြင်ကို အတူတူထွက်လာခဲ့ကြတော့သည်။
လမ်းမှာ ရှဲ့တုန်းယန်က အိမ်နဲ့ပတ်သက်သည့်အကြောင်းအရာများကို ယွမ်ရိအား အသေးစိတ်ပြောပြနေ၏။
"ခြံကတော်တော်လေး ကျယ်တဲ့အပြင် အိမ်ကလည်း အခန်းကိုးခန်း ဖွဲ့ထားတာ။ ပတ်ဝန်းကျင်ကလည်း မြို့ပြင်လို့မထင်ရလောက်အောင် သန့်တယ်ဟ။ ပြီးတော့ ခြံထဲမှာ စိုက်ခင်းအသေးစားလေးလည်း ရှိသေးတယ်"
"အိမ်နဲ့ခြံပိုင်ရှင်တွေကရော"
ယွမ်ရိက အဓိကအချက်တစ်ခုအား ထုတ်မေးလိုက်သည်။
ရှဲ့တုန်းယန်က
"အဲ့ဒီမိသားစုက မြို့အတွင်းပိုင်းကို ပြောင်းသွားကြပြီ။ အရင်ကတော့ အဲ့ဒီခြံမှာ အဖိုးကြီးတစ်ယောက်နေပေမယ့် နောက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့် သူ့သားနဲ့ချွေးမရှိတဲ့ မြို့အတွင်းပိုင်းကို ပြောင်းသွားပြီ။ ဒါ့ကြောင့် အဲ့ဒီခြံနဲ့အိမ်မှာ နေတဲ့သူမရှိဘူး"
ဟု သူစုံစမ်းထားသလောက်အား ပြန်ဖြေပေးလိုက်သည်။
ယွမ်ရိက ရှဲ့တုန်းယန်ကိုကြည့်ကာ
"ဒါနဲ့ သူတို့ဘက်က ခြံနဲ့အိမ်အတွက် ဘယ်လောက် တောင်းထားလဲ"
ဟု ထပ်မေးလိုက်၏။
"အဲ့တာတော့ မဆွေးနွေးရသေးဘူး"
ရှဲ့တုန်းယန်က ပြန်ပြောလိုက်သည်။
သူတို့သွားမည့်နေရာက နည်းနည်းလှမ်းသဖြင့် နှစ်နာရီခန့်ကြာမှ ပန်းတိုင်ကို ရောက်သွားခဲ့ကြသည်။
ရှဲ့တုန်းယန်က တစ်ဖက်မှ အိမ်နဲ့ခြံပိုင်ရှင်များအား သူတို့လာမည့်အကြောင်း ကြိုတင်အသိပေးထား၏။
သူတို့ဟာ ခြံဝမှာ ခဏရပ်ပြီး ပတ်ဝန်းကျင်အနေအထားကို အကဲခတ်လိုက်ကြသေး၏။ ပြီးမှ ခြံတံခါးအား ခေါက်လိုက်သည်။
မကြာခင်မှာဘဲ အတွင်းမှ စုံတွဲတစ်တွဲထွက်လာကာ ခြံတံခါးအား လာဖွင့်ပေးသည်။
အမျိုးသားရော၊ အမျိုးသမီးရောဟာ မီးခိုရောင်အင်္ကျီများအား ဝတ်ဆင်ထားကြသည်။
ထိုလင်မယားနှစ်ယောက်က ရှဲ့တုန်းယန်နဲ့ယွမ်ရိအား ယဉ်ကျေးစွာနှုတ်ဆက်ကာ အိမ်ထဲကို ဖိတ်ခေါ်လိုက်၏။
အိမ်ထဲကိုရောက်တာနဲ့ ယွမ်ရိနဲ့ရှဲ့တုန်းယန်အား ဧည့်ခန်းမှာ ထိုင်ခိုင်းကာ လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။
ရှဲ့တုန်းယန်ဟာ လက်ဖက်ရည်ပူပူလေးအား အရင်မှုတ်သောက်လိုက်၏။ ပြီးမှ ယွမ်ရိအား ညွှန်ပြလျက်
"ဒီဘက်က ကျွန်တော့်ရဲ့သူငယ်ချင်းက အကိုနဲ့အမတို့ရဲ့အိမ်နဲ့ခြံကို ဝယ်ယူဖို့အတွက် ဆန္ဒရှိနေလို့တဲ့။ အဲ့တာလေး လာမေးတာပါ"
ဟု လိုရင်းကို တန်းပြောလိုက်သည်
ရလဒ်အနေနဲ့ လင်မယားနှစ်ယောက်လုံးဟာ အံ့ဩတုန်လှုပ်သွားကြသည်။
သူတို့နှစ်ယောက်လုံးဟာ ယွမ်ရိအား သေချာပြန်အကဲခတ်လိုက်ပြီး ယွမ်ရိ၏ငယ်ရွယ်သေးသည့်ပုံစံကို မြင်သွားကာ စိတ်အခြေအနေ ဆိုးဝါးသွားတော့သည်။
အမျိုးသားက ရှဲ့တုန်းယန်အား မျက်မှောင်ကြုတ်ကြည့်ကာ
"ဒီမယ် ကောင်လေး။ ငါတို့ကို လာကစားနေတာလား။ ငါတို့မှာ မင်းတို့အတွက် အခုလိုစကားလာပြောနိုင်ဖို့ အချိန်တွေဘယ်လောက်တောင် စတေးထားရလဲဆိုတာကို သိလားကွ။ အခုတော့ ဒီလို ဘာမဟုတ်တဲ့ကလေးမလေးနဲ့အတူတူ ငါတို့ဆီတစ်ပတ်လာရိုက်တာမျိုးတော့ လာမလုပ်နဲ့ကွ"
ဟု အနည်းငယ်စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
သူတို့မျက်လုံးထဲမှာတော့ ယွမ်ရိကဲ့သို့ ဆယ့်ရှစ်ဆယ့်ကိုးအရွယ် မိန်းမငယ်လေးတစ်ဦးအနေနဲ့ သူတို့အိမ်နဲ့ခြံကို လာဝယ်တာက ဟာသကြီးတစ်ခုပင်။
'ဟာသဘဲ။ ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ပြီးတော့ ငွေအများရှိနေမှာလဲ'
ယွမ်ရိက ထိုလင်မယား၏စကားများကြောင့် စိတ်ဆိုးမသွားခဲ့ချေ။ သူမက ထို လင်မယားနှစ်ယောက်အား ပြုံးပြလိုက်ပြ
"ဈေးပြောပါ"
ဟု ခွန်းတုံ့ပြန်လိုက်သည်။
ထိုအခါ အမျိုးသားက သူ့အကြည့်ကို ရှဲ့တုန်းယန်ထံမှတဆင့် ယွမ်ရိထံပြောင်းလိုက်ပြီး
"ကောင်မလေး ငါ့အိမ်နဲ့ခြံရဲ့ဈေးက နည်းတဲ့ဈေးမဟုတ်ဘူးနော်"
ဟု သတိပေးလိုက်၏။
"ဈေးဘဲပြောပါ"
ယွမ်ရိက လိုရင်းရောက်အောင် ပြောလိုက်သည်။
အမျိုးသားက ယွမ်ရိအား သေချာစိုက်ကြည့်ပြီးမှ
"ငါ့ရဲ့ခြံထဲမှာ ရှိတဲ့ မြေဇီဩဇာကောင်းမွန်တာကို အပြင်မှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ခင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါ့ကြောင့် ငါ့ရဲ့အိမ်နဲ့ခြံကို ယွမ်တစ်ထောင့်နှစ်ရာနဲ့ ရောင်းမယ်"
ဟု ဈေးစကားဖွင့်လိုက်တော့သည်။
ယွမ်ရိက ချက်ချင်းပြန်မဖြေသေးဘဲ လက်ဖက်ရည်အား ဟန်ပါပါဖြင့် မော့သောက်လိုက်သည်။လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်ချထားလိုက်ပြီးမှ
"ခြံထဲကို ခဏပတ်ကြည့်လို့ရမလား"
ဟု တောင်းဆိုလိုက်သည်။
ခြံရှင်လင်မယားနှစ်ယောက်လည်း ခေါင်းညိတ်ကာ ယွမ်ရိ၏တောင်းဆိုမှုကို လက်ခံလိုက်သည်။
ယွမ်ရိလည်း ချက်ချင်း ထိုင်နေရာက ထကာ ရှဲ့တုန်းယန်နဲ့အတူတူ ခြံထဲကို လှည့်ပတ်ကြည့်ရှုလိုက်၏။
လင်မယားနှစ်ယောက်နဲ့ ခပ်လှမ်းလှမ်းကိုရောက်တာနဲ့ ရှဲ့တုန်းယန်က
"ရှောင်ရိ၊ ဒီအိမ်နဲ့ခြံက ကောင်းပေမယ့် ယွမ်ထောင့်နှစ်ရာကြီးကျတော့ နည်းနည်းဈေးကြီးတယ်နော်"
ဟု ပြောလိုက်သည်။
ယွမ်ရိကလည်း ရှဲ့တုန်းယန်၏စကားကို ထောက်ခံခေါင်းညိတ်လိုက်ပြီးမှ
"ဈေးကြီးတာမှန်ပေမယ့် နည်းနည်းပါးပါး ညှိယူကြည့်ရင်တော့ ရမှာပါ။ ဒီခြံနဲ့ဒီအိမ်ပတ်ဝန်းကျင်ကောင်းတော့ ငါကြိုက်တယ်ဟ"
ဟု ပြန်ပြောလိုက်၏။
"နင်ကြိုက်တယ်ဆိုရင် ပြီးတာပါဘဲ"
ရှဲ့တုန်းယန်က ပြန်ပြောလိုက်သည်။
ပြီးတာနဲ့ ခြံထဲခဏမျှ ဆက်ကြည့်လိုက်ကြသည်။ ပြီးမှ အိမ်ထဲကို ပြန်ဝင်လာကြ၏။
အမျိုးသားက ယွမ်ရိကိုကြည့်ကာ
"ဘယ်လိုလဲ။ ခြံက အဆင်ပြေတယ်မလား"
ဟု ပြောလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ခြံကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဈေးကတော့ နည်းနည်းပါးပါး လျော့ပေါ့ပေးပါဦး"
ဟု ညှိနှိုင်းလိုက်သည်။
လင်မယားနှစ်ယောက်သည်လည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြသည်။ ပြီးမှ ယွမ်ရိဘက်ကိုလှည့်ကာ
"မင်းဘက်က ဘယ်လောက်ဈေးခေါ်နိုင်မလဲ"
ဟု ပြန်မေးလိုက်၏။
ယွမ်ရိက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး
"အများဆုံး ယွမ်တစ်ထောင်ဘဲ"
ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ အမျိုးသားက ခေါင်းယမ်းလိုက်ပြီး
"မိန်းကလေး အဲ့လောက်ကြီးဈေးဖြတ်လိုက်တာတော့ အဆင်မပြေတော့ဘူးလေ။ နည်းနည်းပါးပါးဆို ကိစ္စမရှိပေမယ့် အခု နှစ်ရာကြီးများတောင်လေ"
ယွမ်ရိလည်း အမျိုးသားကိုကြည့်ကာ
"မြို့ထဲမှာ အိမ်ကောင်းကောင်း ခြံကောင်းကောင်းတွေဝယ်ရင်တောင်မှ တစ်သောင်းဝန်းကျင်ဘဲ ကုန်မှာ။ ဒီနေရာက မြို့အစွန်ဖြစ်တဲ့အပြင် နည်းနည်းဂျောင်ကျတယ်။ ယွမ်တစ်ထောင်က တော်တော်လေးကို တန်နေပြီရှင့်"
ယွမ်ရိက ဈေးစကားကို ထပ်မပြောင်းတော့ချေ။
အမျိုးသားလည်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ
"ဒီလိုလုပ်ရင်ရော ယွမ်တစ်ထောင့်တစ်ရာပေးလေ။ တစ်ရာလျော့ပေးမယ်"
ဟု ပြောလိုက်၏။
ယွမ်ရိက ခေါင်းယမ်းကာ ရှဲ့တုန်းယန်ကို ကြည့်လိုက်ပြီး
"သွားစို့၊ နောက်တစ်ဝန်း သွားကြည့်ကြတာပေါ့"
ဟု ပြောကာ ထပြန်ဖို့ပြင်လိုက်သည်။
"အင်း။ နောက်တစ်ခု သွားကြည့်ကြတာပေါ့"
ရှဲ့တုန်းယန်ကလည်း ခေါင်းညိတ်လိုက်ပြီး ယွမ်ရိနဲ့အတူတူ ထထွက်သွားတော့သည်။
ရှဲ့တုန်းယန်နဲ့ယွမ်ရိတို့ အိမ်ထဲကနေ ထွက်သွားပြီးသည့်နောက်မှ အမျိုးသမီးက အမျိုးသား၏လက်ကိုရိုက်လိုက်ပြီး
"ရှင်ကလည်း ရောင်းလိုက်တော့တာ မဟုတ်ဘူး။ မဟုတ်လည်း ဒီအိမ်မှာ ဘယ်သူမှမနေဘဲ ပစ်ထားရတာကို။ ယွမ်တစ်ထောင်ဆိုလည်း မနည်းမနောဘဲလေ။ ကျွန်မတို့ နှစ်အတန်ကြာအောင် သုံးစွဲလို့ဖြစ်နေတာဘဲဟာ"
ဟု ငြူစူလိုက်သည်။
ဒါ့ကြောင့် အမျိုးသားလည်း ဆုံးဖြတ်ချက်ပြောင်းလိုက်ပြီး သူ့မိန်းမနဲ့အတူ ယွမ်ရိနဲ့ရှဲ့တုန်းယန်တို့နောက်ကို ခပ်သွက်သွက်လေး လိုက်သွားခဲ့တော့သည်။
ကံကောင်းစွာဖြင့် ယွမ်ရိနဲ့ရှဲ့တုန်းယန်အား သူတို့၏ခြံပေါက်ဝမှာတင် လိုက်မှီသွားခဲ့သည်။
အမျိုးသားက ယွမ်ရိတို့ကို လိုက်မှီသွားတာနဲ့
"မိန်းကလေး ခဏနေပါဦး။ တကယ်လို့ ဒီနေ့ချက်ချင်း လက်ငင်းငွေချေပေးမယ်ဆိုရင် ယွမ်တစ်ထောင်နဲ့ယူသွား"
ဟု အမြန်ပြောလိုက်သည်။
ယွမ်ရိက ခဏ စဉ်းစားဟန်ပြုလိုက်ပြီးမှ
"ကောင်းပြီ။ အသေးစိတ် စကားပြောကြတာပေါ့"
ဟု ပြန်ပြောလိုက်သည်။
"အိမ်ထဲပြန်ကြွကြပါ"
အမျိုးသားက ထပ်ဖိတ်ခေါ်လိုက်သည်။
ယွမ်ရိနဲ့ရှဲ့တုန်းယန်လည်း လင်မယားနှစ်ယောက်၏ ဖိတ်ခေါ်မှုအောက်မှာ အိမ်ထဲကို ပြန်ဝင်ခဲ့ကြ၏။
သူတို့တွေ အချိန်ဆယ်မိနစ်မျှ ဆွေနွေးပြီးသည့်နောက်မှာ ခြံဝန်းနဲ့အိမ်ဟာ ယွမ်တစ်ထောင်ဖြင့် တည့်သွားတော့သည်။
ယွမ်ရိက သူမလွယ်အိတ်အတွင်းမှ ယွမ်တစ်ထောင်ကိုထုတ်ကာ ခြံပိုင်ရှင်လင်မယားထံ ကမ်းပေးလိုက်ရင်းဖြင့်
"ဒါက ယွမ်တစ်ထောင်ပါ။ သေချာရေကြည့်လိုက်ပါဦး။ ပြီးရင်တော့ အိမ်သော့ကို ကျွန်မလက်ထဲ ပေးပါ။ အကုန်လုံးအဆင်ပြေရင်တော့ စာချုပ်စာတမ်းနဲ့လုပ်တာပေါ့"
ဟု ပြောလိုက်သည်။
လင်မယားနှစ်ယောက်လည်း ယွမ်ရိပေးသော ငွေထုတ်ကြီးအား ဖြည်ကာ စတင်ရေတွက်ကြတော့သည်။တစ်ရွက်တစ်လေ လျော့ကျန်နေရစ်မှာကို စိုးရွံ့သည့်အလား ဖြည်းဖြည်းချင်း ရေတွက်နေကြသည်။
ငွေတွေကို ရေတွက်ပြီးတာနဲ့ အမျိုးသမီးက ယွမ်ရိစကားပြန်ပြောင်းမှာကို စိုးထိတ်ကာ အိမ်နဲ့ခြံသော့ကို အမြန်ပေးလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက် အပေးအယူပြီးကာ အရောင်းအဝယ်ဖြစ်သွားပြီဖြစ်သဖြင့် လင်မယားနှစ်ယောက်လုံး ပျော်ရွှင်နေကြသည်။ ပြီးတာနဲ့ ငွေထုတ်ကို သိမ်းဆည်းကာ ပြန်ဖို့ပြင်ကြသည်။
ဒါပေမယ့် လက်မယားနှစ်ယောက် ပြန်ဖို့ထရပ်လိုက်ချိန်မှာဘဲ ယွမ်ရိက တားဆီးလိုက်သည်။
"ပြန်ဖို့ အလျင်မလိုကြပါနဲ့ဦးလားရှင်"
ယွမ်ရိက သူမလွယ်အိတ်ထဲမှ စာရွက်နှစ်ရွက်နဲ့မှင်တံများအား ထုတ်ယူကာ
"အခုရှင်းမှ နောင်မရှုပ်အောင်လို့ စာချုပ်စာတမ်းနဲ့ တစ်ခါတည်း လုပ်ကြတာပေါ့ရှင့်"
ဟု ပြောလိုက်သည်။
ထိုအခါ အမျိုးသားက ပြုံးလိုက်ပြီး
"ကောင်မလေး၊ ငါတို့လင်မယားက မင်းအပေါ်ကွက်ကျော်ရိုက်ပြီး လှည့်စားသွားမှာကို စိုးရိမ်နေတာလား။ အဲ့တာဆိုရင်တော့ ဘာမှစိတ်ပယမနေနဲ့ ငါတို့က အဲ့လိုလူစားတွေ မဟုတ်ပါဘူး"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိကလည်း ထိုလူအား ပြန်ပြုံးပြလိုက်ပြီး
"ဘာပဲဖြစ်ဖြစ် စာချုပ်စာတမ်းနဲ့ဆိုတော့ ပိုပြီးတော့ စိတ်အေးရတာပေါ့ရှင်။ မဟုတ်ဘူးလား"
ဟု ပြန်ပြောလိုက်သည်။
ဒီခေတ်ဒီကာလတွင် အိမ်ခြံမြေနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားသော ဥပဒေများက တင်းကျပ်မှုမရှိချေ။
ရောင်းသူနဲ့ဝယ်သူ လေသံတူသွားပါက အရောင်းအဝယ်ဖြစ်သွားကာ သူ့ပစ္စည်းကိုယ့်ပစ္စည်း လဲလှယ်ကြတာတွေဘဲ များကြသည်။ စာချုပ်စာတမ်းနဲ့လုပ်ရကောင်းမှန်းလည်း မသိကြသေးပေ။
ဒါပေမယ့် ယွမ်ရိကတော့ နောင်တချိန်တွင်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာတွေကို ရှောင်ရှားရန် စာချုပ်စာတမ်းတွေကို ချုပ်ဆိုကာ သက်သေအဖြစ် ထားလိုနေခြင်းဖြစ်သည်။
ချက်ချင်းဘဲ ယွမ်ရိက စာချုပ်မှာ လိုအပ်တာတွေ ရေးဖြည့်လိုက်သည်။ ပြီးတာနဲ့ သူမ၏လက်ဗွေရာအား ခတ်နှိပ်လိုက်၏။ နောက်ဆုံးအနေနဲ့ သူမ၏လက်မှတ်ကိုပါ ထိုးလိုက်တော့သည်။
တဖန် သူမက နောက်စာချုပ်တစ်ရွက်ကိုလည်း ပထမတစ်ခုကဲ့သို့ပင် တစ်ပုံစံတည်းဖြည့်ကာ လက်ဗွေခတ်နှိပ်ပြီး လက်မှတ်ထိုးလိုက်သည်။
ခြံပိုင်ရှင်လင်မယားကလည်း စာချုပ်နှစ်ခုလုံးမှာ လက်မှတ်ထိုးပြီး လက်ဗွေရာခတ်နှိပ်ပေးလိုက်သည်။
ယွမ်ရိက စာချုပ်တစ်ခုကို သေချာခေါက်လို့ သူမလွယ်အိတ်ထဲထည့်ကာ ပြန်သိမ်းလိုက်သည်။
တစ်ဖက်မှာ ခြံပိုင်ရှင်လင်မယားကလည်း စာချုပ်တစ်ခုကို ယူထားလိုက်ကြ၏။ တကယ်တော့ သူတို့လင်မယားနှစ်ယောက်လုံးဟာ စာချုပ်ကို ဂရုသိပ်မစိုက်ကြပေ။
ဘာပဲဖြစ်ဖြစ် သူတို့လက်ထဲ ငွေရောက်လာပြီဖြစ်သလို ခြံသော့ကိုလည်း တစ်ဖက်လူထံ ပေးပြီးပြီဖြစ်ကာ အရောင်းအဝယ်ပြီးသွားပြီဟု သတ်မှတ်ထားသည်။
ထို့နောက် သူတို့လင်မယားနှစ်ယောက်ဟာ ယွမ်ရိနဲ့ရှဲ့တုန်းယန်အား နှုတ်ဆက်လျက် ပြန်သွားကြတော့သည်။