အပိုင်း - ၈၃.၁
ပီကင်းတက္ကသိုလ်၏ အဆောင်ခန်းတစ်ခုအတွင်းမှာတော့ မိန်းကလေးသုံးယောက်ဟာ တစ်စုံတစ်ခုအား စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြသည်။
သူမတို့ကြည့်နေကြသည့် အဓိကပစ်မှတ်ကတော့ မိန်းကလေးတစ်ယောက်ဘဲ ဖြစ်သည်။ ထိုမိန်းကလေးဟာ အပ်၊ ကတ်ကြေး၊ အပ်ချည် အစရှိသည်တို့ဖြင့် ဝတ်စုံတစ်စုံအား ပြင်ဆင်ဖာထေးချုပ်လုပ်ပေးနေသည်။
ထိုမိန်းကလေးကတော့ ယွမ်ရိပင်ဖြစ်သည်။ ယွမ်ရိက နောက်ဆုံးသော ချုပ်ရိုးအား အပြီးသတ် ပြီးသည့်နောက် အပ်ချည်စများကို ကတ်ကြေးဖြင့်လိုက်ကိုက်ဖြတ်ကာ အချောသပ်ပေးလိုက်သည်။
ထို့နောက် သူမက ထိုဝတ်စုံအား မြှောက်ကာ ရှင်းရှင်းလင်းလင်း မြင်တွေ့စေရန် ပြသလိုက်၏။
ပြီးတာနဲ့ သူမ၏အခန်းဖော်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လီရှောင်ဖန်းအား
"ပြီးသွားပြီ ရှောင်ဖန်းရေ။ နင်ကြိုက်ရဲ့လား"
ဟု မေးလိုက်၏။
လီရှောင်ဖန်းဟာ ယွမ်ရိလက်ထဲမှ ဝတ်စုံအား တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ စိတ်လှုပ်ရှားနေသောလေသံဖြင့်
"ဝါးးးး နင်ချုပ်တာ အရမ်းလှတာဘဲ။ အမြင်ဆန်းပြီးတော့ အရမ်း ခေတ်မီဖက်ရှင်ကျတယ်။ ဒီဝတ်စုံကို ငါ အရမ်းကြိုက်တယ်"
ဟု ပြန်ဖြေပေးလိုက်၏။
ယွမ်ရိလည်း သူမလက်ထဲက ဝတ်စုံကို လီရှောင်ဖန်းလက်ထဲ ထိုးပေးလိုက်ပြီး
"ကြိုက်တယ်ဆိုတော့ ငါလည်း ဝမ်းသာပါတယ်ဟာ။ အခု စမ်းဝတ်ကြည့်လိုက်ဦး"
ဟု ပြောလိုက်သည်။
လီရှောင်ဖန်လည်း ယွမ်ရိပေးသည့် ဝတ်စုံကို ယူလိုက်ပြီး ပျော်ရွှင်စွာဖြင့် အဝတ်သွားလဲတော့သည်။
သိပ်မကြာခင်မှာဘဲ လီရှောင်ဖန်ဟာ ယွမ်ရိချုပ်ပေးထားသည့်ဝတ်စုံကို ဝတ်ဆင်လျက် ပြန်ရောက်လာခဲ့သည်။ သူမ၏မျက်နှာပေါ်မှာလည်း အပြုံးပန်းများက လှပစွာပွင့်လန်းနေသည်။
သူမက ယွမ်ရိနဲ့ ကျန်သည့်အခန်းဖော်နှစ်ယောက်ဘက်ကို လှည့်ကာ
"ဘယ်လိုလဲ။ ငါကြည့်လို့ကောင်းလား"
ဟု မေးလိုက်သည်။
အခန်းဖော်နှစ်ယောက်က ခေါင်းသွင်သွင်ညိတ်ကာ
"အရမ်းကြည့်လို့ကောင်းပြီး အရမ်းလည်းလှတယ်"
ဟု ချီးမွမ်းလိုက်ကြသည်။
သူမတို့၏အဆောင်မှာ ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ် ရှိသည်။ ထိုမှန်ဟာ အများသုံးနေရာမှာ ရှိတာကြောင့် လီရှောင်ဖန်လည်း မှန်ကြည့်ရန်အတွက် အခန်းထဲကနေ ထွက်လာခဲ့သည်။
ယွမ်ရိနဲ့ကျန်သည့်အခန်းဖော်နှစ်ယောက်ဟာလည်း လီရှောင်ဖန်နောက်ကနေ လိုက်လာခဲ့ကြသည်။
လီရှောင်ဖန်ဟာ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရပ်ရင်း သူမကိုယ်သူမ ပြန်ကြည့်နေခဲ့သည်။ သူမ အခုဝတ်ဆင်ထားသည့် ဝတ်စုံကြောင့် သူမကိုယ်သူမ အရင်ကထက် ပိုလှလာတယ်ဟုပင် ခံစားနေရတော့သည်။
ယွမ်ရိ ချုပ်ပေးထားသည့်ဝတ်စုံဟာ လက်ရှည်ဖြစ်ပေမယ့် အအေးစလေးဖြစ်တာမို့ နွေရာသီကြီးမှာတောင် ကြော့ကြော့မော့မော့ ဝတ်ဆင်နိုင်ပေသည်။
ထိုအချိန်မှာဘဲ အခြားသော အဆောင်နေမိန်းကလေးများ အဆောင်ကို ပြန်ရောက်လာကြသည်။ သူမတို့က ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ရပ်နေသည့် လီရှောင်ဖန်ကို မြင်တော့ အံ့အားသင့်သွားကြသည်။
အထူးသဖြင့် လီရှောင်ဖန်ဝတ်ဆင်ထားသည့် ညဝတ်စုံကို ကြည့်ရင်း
"ဝါးးး အရမ်းလှလိုက်တာ"
ဟု ချီးမွမ်းကြတော့သည်။
"ဟီးးဟီး ကျေးဇူးပါ"
လီရှောင်ဖန်က အပြုံလေးဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။
ထိုမိန်းကလေးတွေအကုန်လုံးဟာ လီရှောင်ဖန်ဝတ်ဆင်ထားသည့် ဝတ်စုံအား စိတ်ဝင်တစားဖြင့် အသေးစိတ် ကြည့်နေကြတော့သည်။
ထိုအချိန်မှာဘဲ မိန်းကလေးတစ်ယောက်က လီရှောင်ဖန်အား
"ရှောင်ဖန်ရေ။ နင်ဝတ်ထားတဲ့ ဝတ်စုံလေးက အရမ်းလှတာဘဲ။ အဲ့တာလေး ဘယ်ဆိုင်က ဝယ်ခဲ့တာလဲ"
ဟု မေးမြန်းစပ်စုလိုက်သည်။
ကျန်သည့်မိန်းကလေးများဟာလည်း သိချင်နေကြသည့်အလား စိတ်ဝင်တစားနားထောင်နေကြသည်။
လီရှောင်ဖန်လည်း အနားမှာရပ်နေသည့် ယွမ်ရိကိုလက်ညှိုးထိုးပြလျက်
"ဘယ်ဆိုင်ကမှ ဝယ်တာမဟုတ်ဘူး။ ဟောဒီက ယွမ်ရိကိုယ်တိုင် ချုပ်ပေးထားတာ"
ဟု ပျော်ရွှင်စွာဖြင့် ပြောပြလိုက်တော့သည်။
လီရှောင်ဖန်စကားဆုံးတာနဲ့ မိန်းကလေးတွေအားလုံး ယွမ်ရိအား တုန်လှုပ်အံ့အားသင့်စွာဖြင့် ကြည့်ကုန်ကြသည်။
"ဝိုးးးးရှောင်ရိ နင်ကအရမ်းတော်တာဘဲ"
"နင် ချုပ်ထားတာလေးက အရမ်းလှတာဘဲဟယ်"
မိန်းကလေးတွေထံမှ တစ်ယောက်တစ်ခွန်းထွက်ပေါ်လာသည့် ချီးမွမ်းသံတွေကြောင့် ယွမ်ရိလည်း အနည်းငယ် ရှက်ရွံ့သလို ခံစားလာရကာ
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဟာ"
ဟု ပြန်ပြောလိုက်သည်။
သူမဟာ ထိုသို့ပြောလိုက်ပေမယ့် မိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကိုတော့ မကျော်လွှားနိုင်ခဲ့ပေ။ ထိုမိန်းကလေးတွေဟာ လီရှောင်ဖန်၏ဝတ်စုံအား အကြိမ်ကြိမ်အခါအခါ ကြည့်ရှုနေကြတာကြောင့် သူမတို့လည်း မိန်းကလေးအုပ်ကြီးအား တိုးဖယ်လျက် ကိုယ့်အခန်းကိုယ်ပြန်ကာ အတွင်းမှ ကန့်လန့်ထိုးထားလိုက်ရတော့သည်။
မိန်းကလေးတွေဟာ လှပသည့်အရာများအပေါ်တွင် အထူးစိတ်ဝင်စားကြပေသည်။ အထူးသဖြင့် လှပသစ်ဆန်းသည့် ဝတ်စုံလှလှလေးများပေါ်တွင်ဖြစ်သည်။
ဒါ့အပြင် မိန်းကလေးတွေဆိုသည့်အတိုင်း အတင်းပြောရတာလည်း ကြိုက်နှစ်သက်ကြသေးသည်။
ဒါ့ကြောင့် မကြာခင်မှာဘဲ တစ်ယောက်စကား တစ်ယောက်နားဖြင့် လီရှောင်ဖန်၏ဝတ်စုံလှလှလေးအကြောင်းရယ်၊ ထိုဝတ်စုံလှလှလေးကို ယွမ်ရိကချုပ်ပေးထားခြင်းဖြစ်တဲ့အကြောင်းတွေဟာ မိန်းကလေးဆောင်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
ဒါ့ကြောင့် မိန်းကလေးအများကြီးဟာ တစ်ယောက်ပြီးတစ်ယောက် ယွမ်ရိတို့အခန်းသို့ လာစပ်စုကြတော့သည်။ ဒါပေမဲ့ ယွမ်ရိတို့က အခန်းတံခါး ဖွင့်မပေးဘဲ အိပ်ချင်ယောင်ဆောင်နေခဲ့ကြသည်။
လီရှောင်ဖန်လည်း ယွမ်ရိချုပ်ပေးထားသည့်ဝတ်စုံအသစ်လေးကို ချွတ်လိုက်ပြီး ချိတ်မှာ ပြန်ချိတ်လိုက်သည်။
တကယ်တော့ ထိုဝတ်စုံဟာ သူမ၏ဝတ်စုံမဟုတ်ပေ။ ယွမ်ရိက ချုပ်ပြီးသွားသည့်နောက် အစမ်းဝတ်ကြည့်ခိုင်း၍ ဝတ်ကြည့်ခြင်းသာဖြစ်သည်။
ဒါပေမယ့် သူမဟာ ချိတ်ဖြင့်ချိတ်ထားသည့် ဝတ်စုံလေးအား လက်ဖြင့်ပွတ်သပ်လိုက်ပြီး ယွမ်ရိကို ကြည့်ကာ
"ငါဖြင့် နင့်ကို ပြန်တောင် မပေးချင်တော့ဘူးဟယ်"
ဟု သနားစဖွယ် အသံလေးဖြင့် ပြောလိုက်သည်။
ယွမ်ရိက တစ်ချက် ရယ်လိုက်ပြီးမှ
"အဲ့တာကို ကြိုက်လို့လား။ ကြိုက်ရင် နင့်အတွက် အဲ့တာမျိုး ချုပ်ပေးမယ်လေ"
ဟု ကမ်းလှမ်းလိုက်သည်။
"တကယ်လား"
လီရှောင်ဖန်၏အကြည့်တွေဟာ တလက်လက်တောက်ပလာသည်။
"အင်း"
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ဒါပေမဲ့ ချုပ်ခနဲ့အထည်ဖိုးတော့ ပေးရမယ်နော်"
ဟု ပြောလိုက်၏။
ထိုအခါ လီရှောင်ဖန်းက မျက်စောင်းလေးထိုးလျက်
"အဲ့လိုလာတော့မယ်ဆိုတာ သိသားဘဲ။ အမနာမည်ကို ရှောင်ရိလို့ မမှည့်ဘဲ မငွေခင်လို့ မှည့်လိုက်ရမှာ"
ဟု စနောက်လိုက်သည်။
ယွမ်ရိလည်း လီရှောင်ဖန်၏ စနောက်မှုကြောင့် ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်မိသည်။
လီရှောင်ဖန်လည်း ဆက်လက်ပြီးတော့
"ကောင်းပြီ။ နောက်လအိမ်က ငွေပို့တဲ့အခါကျရင် သေချာပေါက် တစ်ထည်လောက်တော့ ချုပ်ဦးမယ်"
ဟု ပြောလိုက်တော့သည်။
လီရှောင်ဖန်စကားဆုံးတာနဲ့ အခန်းဖော်နောက်တစ်ယောက်ကလည်း
"ရှောင်ရိ၊ ငါတို့အတွက်ရော ချုပ်ပေးလို့ရမလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ချုပ်ခနဲ့အထည်ဖိုးပေးရင် အကုန်လုံးအတွက် ချုပ်ပေးနိုင်တယ်"
ဟု အာမခံလိုက်၏။
ထိုအခါ အခန်းဖော်နှစ်ယောက်လည်း ပျော်ရွှင်သွားကြပြီး
"ကောင်းပြီ။ ငါတို့လည်း နောက်လ အိမ်ကငွေပို့မှ နင့်ဆီ အထည်အပ်ဦးမယ်"
ဟု ပြောလိုက်ကြတော့သည်။
"ကောင်းပြီ။ အဲ့ကျရင် နင်တို့အတွက် အလိုက်ဖက်ဆုံးဖြစ်အောင် ငါချုပ်ပေးမယ်"
ယွမ်ရိကလည်း သူမ၏အခန်းဖော် သုံးယောက်အား ကတိပေးလိုက်သည်။
တကယ်တော့ ယွမ်ရိ ခုနကချုပ်လိုက်သည့်ဝတ်စုံဟာ ဖဲကြိုးအပြာလေးနဲ့ မိန်းကလေးအတွက် ဖြစ်သည်။ ဒါ့ကြောင့် သူမက ရှဲ့တုန်းယန်ထံမှ ဝယ်ယူထားသည့် သံမီးပူအိုးဖြင့် ဝတ်စုံအား ချိတ်မှ ဖြုတ်ကာ မီးပူတိုက်လိုက်သည်။ ပြန့်ပြန့်လေး ဖြစ်သွားအောင်တိုက်ပြီးတာနဲ့ သေချာခေါက်ကာ အထုပ်လေးတစ်ထုပ်ထဲ ထည့်ထားလိုက်သည်။
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ တနင်္ဂနွေနေ့သို့ ပြန်လည်ရောက်ရှိလာပြန်တော့သည်။
ထိုနေ့မှာ ယွမ်ရိက ပုံမှန်အတိုင်း အစောကြီးထခဲ့ပြီး ရေချိုးမျက်နှာသစ်ကာ ကန်တင်းမှာ မနက်စာသွားစားခဲ့သည်။
ပြီးတာနဲ့ အပ်ချုပ်စက်အား သုံးဘီးစက်ဘီးပေါ်ပြန်တင်လိုက်၏။ အပ်ချုပ်စက်ဟာ လေးတယ်ဆိုပေမယ့် သူမ မ,နိုင်ပေသေးသည်။
ထို့နောက် ယူစရာရှိတာတွေ အကုန်ယူလိုက်ပြီး ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်သို့ သုံးဘီးစက်ဘီးလေးအား နင်းလျက် ထွက်လာခဲ့တော့သည်။
ဟိုကိုရောက်တာနဲ့ ဆိုင်ဖွင့်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို ယူဆောင်ကာ ရှဲ့တုန်းယန်နဲ့အတူတူ ဆိုင်ဖွင့်သည့်နေရာကို ဦးတည်ခဲ့ကြသည်။
ပြီးတာနဲ့ ဈေးဆိုင်အား သေချာခင်းကာ ဈေးရောင်းချကြတော့သည်။
ယွမ်ရိဟာ တစ်ပတ်လုံးမှာ တနင်္ဂနွေနေ့တစ်ရက်တည်းသာ အားသဖြင့် လိုအပ်သော ကုန်ပစ္စည်းများအား စက်ရုံကနေဝယ်ယူရန် ရှဲ့တုန်းယန်အား အကူအညီတောင်းထား၏။ မဟုတ်ပါက စက်ရုံကိုပစ္စည်းသွားဝယ်နေရသဖြင့် ဆိုင်ဖွင့်ချိန်ပင် ရှိတော့မည်မဟုတ်ပေ။
နေ့ခင်းနေ့လယ်ကိုရောက်သည်အထိ အရင်အပတ်တုန်းကလာသည့် ဖဲကြိုးအပြာလေးဖြင့်အမျိုးသမီးဟာ ရောက်မလာသေးချေ။
ရှဲ့တုန်းယန်က ယွမ်ရိဆိုင်ဘက်ကို ရောက်လာပြီး
"ရှောင်ရိ၊ နင့်ကို ဝတ်စုံချုပ်ခိုင်းထားတဲ့မိန်းကလေးက မလာတော့ဘူးထင်တယ်"
ဟု ပြောလိုက်၏။
"သူ မလာလည်း ဘာမှမဖြစ်ဘူး။ ဒီဝတ်စုံကို ဝယ်ချင်နေတဲ့သူတွေမှ တပုံကြီးဘဲ"
ယွမ်ရိက ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြန်ပြောလိုက်သည်။
"သေချာလို့လား"
ရှဲ့တုန်းယန်က သံသယပိစိလေးဖြင့် ပြန်မေးလိုက်သည်။
ယွမ်ရိက ရှဲ့တုန်းယန်အား ပြန်ကြည့်ကာ
"ဒါက မိန်းကလေးတွေကြားထဲက ကိစ္စဘဲ ဒါ့ကြောင့် နင် နားမလည်ပါဘူး"
ရှဲ့တုန်းယန်လည်း ယွမ်ရိအား မျက်စိလှန်ကြည့်လိုက်ပြီးမှ
"အေးပါ။ ငါ နားမလည်ဘူးဆိုတော့လည်း ငါနားမလည်ဘူးဘဲပေါ့"
ဟု ပြန်ပြောလိုက်တော့သည်။
ထို့နောက် နှစ်ယောက်သား နေ့လယ်စာ စားလိုက်ကြသည်။
နေ့လယ်စာ စားပြီးသည့်နောက် ဈေးဝယ်လာသူတွေ တဖြည်းဖြည်းများလာသည်။ ဒါ့ကြောင့် ရှဲ့တုန်းယန်ရော ယွမ်ရိပါ သူတို့၏ဆိုင်အသီးသီးမှာ ဈေးရောင်းရင်းဖြင့် အလုပ်များနေကြတော့သည်။
ဒီလိုနဲ့ တဖြည်းဖြည်း ညနေသုံးနာရီဝန်းကျင် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှ အရင်အပတ်က ရောက်လာခဲ့သည့် ဖဲကြိုးအပြာလေးဖြင့် မိန်းကလေးလည်း ပြန်ရောက်လာတော့သည်။
ဒီနေ့မှာတော့ ထိုမိန်းကလေးဟာ ဖဲကြိုးအပြာလေးကို ခေါင်းစည်းထားခြင်းမဟုတ်ဘဲ လိမ္မော်ရောင် ဖဲကြိုးလေးကိုသာ အလှဆင်ခေါင်းစည်းထား၏။ ဒါ့အပြင် သူမဘေးမှာလည်း သက်တူရွယ်တူ မိန်းကလေးအဖော်တစ်ယောက် ပါလာခဲ့သေးသည်။
သူမတို့နှစ်ယောက်ဟာ လျင်မြန်စွာဘဲ ယွမ်ရိ၏ဆိုင်ထဲကို ဝင်လာခဲ့၏။
ယွမ်ရိလည်း ဆိုင်ထဲကိုဝင်လာသည့် ဖဲကြိုးလိမ္မော်ရောင်လေးဖြင့် အမျိုးသမီးကိုမြင်တော့ ပြုံးလိုက်ပြီး
"ရောက်လာပြီလား"
ဟု ပြောကာ နှုတ်ဆက်လိုက်သည်။
ထိုအခါ ဖဲကြိုးလိမ္မော်ရောင်လေးဖြင့် မိန်းကလေးကလည်း ခေါင်းညိတ်ပြလိုက်ပြီးမှ
"ဝတ်စုံက ချုပ်ပြီး သွားပြီလား"
ဟု ပြန်မေးလိုက်သည်။
"အင်း။ ပြီးသွားပြီ"
ယွမ်ရိလည်း မီပူတိုက်ပြီး ခေါက်ထည့်ထားသည့် ဝတ်စုံလေးအား ထုတ်ကာ ဖဲကြိုးလိမ္မော်ရောင်ဖြင့် မိန်းကလေးအား ပေးလိုက်သည်။
"နင်ကြိုက်မယ်လို့တော့ ငါထင်တယ်"
ဖဲကြိုးလိမ္မော်ရောင်ဖြင့် မိန်းကလေးဟာ ယွမ်ရိ ပေးသော ဝတ်စုံကို ယူ၍ ဖြန့်ကြည့်လိုက်ရာ လှပလွန်းသဖြင့် အကြည့်တွေတောက်ပသွားတော့သည်။ ထို့နောက် ခန္ဓာကိုယ်ဖြင့် တိုင်းထွာနှိုင်းယှဉ်လိုက်ပြီး သူမနဲ့ပါလာသော အဖော်အား
"ဘယ်လိုလဲ။ ငါ ကြည့်လို့ကောင်းလား"
ဟု မေးလိုက်သည်။
သူမ၏အဖော်က သေချာအကဲခတ်ပြီးသည့်နောက် ခေါင်းတညိတ်ညိတ်ဖြင့်
"အရမ်းလှတယ်"
ဟု အမှန်အတိုင်း ဖြေပေးလိုက်သည်။
ယွမ်ရိချုပ်ပေးထားသည့် ဝတ်စုံဟာ အမြင်ဆန်းတဲ့အပြင် ခေတ်မီသည့်ပုံစံလေးလည်း ဖြစ်နေ၍ တမျိုးလေးလှနေပါသည်။
ယွမ်ရိက
"နင်နဲ့ တော်၊ မတော် စမ်းဝတ်ကြည့်လေ"
ဟု ပြောလိုက်သည်။
"ဝတ်ကြည့်လို့ရတာလား။ ဘယ်နေရာမှာ သွားလဲရမလဲ"
ဖဲကြိုးလိမ္မော်ရောင်ဖြင့် မိန်းကလေးက ပြန်မေးလိုက်သည်။
ယွမ်ရိလည်း သူမဆိုင်ထဲက အခန်းတစ်ခုလို ဖွဲ့စည်းထားသည့်နေရာကို ညွှန်ပြကာ
"အဲ့ထဲမှာ သွားလဲလို့ ရပါတယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
သူမက ဆိုင်ထဲမှာ ကိုယ်လုံးပေါ်မှန်တွေကိုလည်း တပ်ဆင်ထားပါသေးသည်။
ဖဲကြိုးလိမ္မော်ရောင်ဖြင့် မိန်းကလေးလည်း ဝတ်စုံကိုစမ်းဝတ်ကြည့်ရန် စိတ်လှုပ်ရှားစွာဖြင့် အဝတ်လဲခန်းအတွင်း ဝင်ရောက်သွားတော့သည်။
ခဏကြာတော့ ထိုမိန်းကလေးဟာ ဝတ်စုံအသစ်ကို ဝတ်ဆင်လျက် အဝတ်လဲခန်းအတွင်းမှ ပြန်ထွက်လာတော့သည်။
သူမက ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ရင်း သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ ပြီးနောက် အဖော်မိန်းကလေးဘက်ကို လှည့်ကာ
"ဘယ်လိုလဲ။ ငါ ကြည့်လို့ အဆင်ပြေရဲ့လား"
ဟု မေးမြန်းလိုက်သည်။
အဖော်မိန်းကလေးဟာ အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ
"နင်နဲ့ အရမ်းလိုက်ဖက်တာဘဲဟယ်"
ဟု ချီးမွမ်းလိုက်တော့သည်။
ဖဲကြိုးလိမ္မော်ရောင်ဖြင့် မိန်းကလေးလည်း သူမအဖော်ထံမှ ချီးမွမ်းစကားကြောင့် အလွန်ပျော်ရွှင်သွားတော့သည်။ ဒါ့အပြင် ယွမ်ရိနဲ့ ရှဲ့တုန်းယန်၏ဆိုင်ကို ဈေးလာဝယ်ကြသည့် ဈေးဝယ်တွေကပါ သူမကို အံ့အားတကြီး ကြည့်သွားကြတာမို့ အကျေနပ်ကြီး ကျေနပ်နေတော့သည်။
မှန်ထဲမှာ သူမကိုယ်သူမ ကျေနပ်သည်အထိ ကြည့်ပြီးသည့်နောက်မှာ ဖဲကြိုးလိမ္မော်ရောင်ဖြင့် မိန်းကလေးက
"ဒါလေး ချုပ်ခ ဘယ်လောက်လဲရှင့်"
ဟု ယွမ်ရိကို မေးမြန်းလိုက်သည်။
"ရှစ်ယွမ်ပါ"
ယွမ်ရိက ချိုသာစွာပြုံးလျက် ပြန်ဖြေလိုက်သည်။
ထိုဈေးနှုန်းကြောင့် လိမ္မော်ရောင်ဖဲကြိုးနဲ့မိန်းကလေးလည်း အံ့အားသင့်သွားသည်။
'အင်းးး နည်းနည်းတော့ ဈေးကြီးသားဘဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုချုပ်ပုံမျိုးနဲ့ကတော့ ဒီဈေးနဲ့လည်း တန်ပါတယ်လေ'
သူမနဲ့ပါလာသည့်အဖော်ကလည်း အံ့အားသင့်သွားဟန်ဖြင့်
"ဒါက နည်းနည်းတော့ ဈေးမြောက်သားဘဲ။ ပုံမှန်အဝတ်အစားတွေတောင်မှ ငါးယွမ်လောက်ဘဲ ရှိတာလေ"
ဟု ရေရွတ်လိုက်သည်။
ဒါ့ကြောင့် မူလက တန်တယ်ထင်နေသည့် လိမ္မော်ရောင်ဖဲကြိုးနဲ့မိန်းကလေးလည်း အနည်းငယ် တုံ့ဆိုင်းသွားရသည်။
ထိုအချိန်မှာဘဲ ဈေးလာဝယ်သည့် သက်လတ်ပိုင်းအမျိုးသမီးက ယွမ်ရိအနားကို ရောက်လာပြီး
"သမီးရေ။ သမီးရဲ့စက်ချုပ်တဲ့ဆိုင်က နေ့တိုင်းဖွင့်တာလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ပြုံးလိုက်ပြီး
"သမီက ကျောင်းတဖက်နဲ့မို့ တနင်္ဂနွေနေ့လေးဘဲ ဖွင့်တာပါရှင့်။ နွေရာသီအားလပ်ရက် ရောက်ရင်တော့ နေ့တိုင်းဖွင့်မှာပါရှင့်"
ဟု ချိုချိုသာသာ ပြန်ဖြေလိုက်သည်။
ထိုသက်လတ်ပိုင်း အမျိုးသမီးကြီးက
"ကောင်းလိုက်တာ သမီးရေ။ အဒေါ်လည်း နောက်အားတဲ့အခါကျမှ သမီးဆီအထည်လာအပ်ဦးမယ်ကွယ်။ သမီးချုပ်ထားတာလေးတွေကို အဒေါ်သဘောကျတယ်"
ဟု ချီးမွမ်းလိုက်သည်။
"ဟုတ်ကဲ့ပါရှင့်။ အဒေါ်လာတဲ့အခါကျရင် အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ဝတ်စုံတွေ ချုပ်ပေးပါ့မယ်ရှင့်"
ဟု ယွမ်ရိက ယဉ်ကျေးစွာ ပြန်ပြောလိုက်တော့သည်။
ယွမ်ရိနဲ့သက်လတ်ပိုင်းအမျိုးသမီးတို့ စကားကောင်းနေတုန်းမှာဘဲ လိမ္မော်ရောင်ဖဲကြိုးနဲ့ မိန်းကလေးလည်း ဆုံးဖြတ်ချက်တစ်ခုကို ချပြီးသွားပြီ ဖြစ်သည်။
သူမက ဝတ်စုံကို ဝယ်ယူဖို့ဆုံးဖြတ်လိုက်ပြီး သူမအိတ်ထဲမှ ငွေရှစ်ယွမ်ထုတ်ကာ ယွမ်ရိကို ပေးလိုက်တော့သည်။
ယွမ်ရိလည်း ငွေလက်ခံယူလိုက်ပြီးနောက် လိမ္မော်ရောင်ဖဲကြိုးနဲ့ မိန်းကလေးအား
"နောက်ထပ်လည်း ဝတ်စုံတွေချုပ်ချင်ရင် ကျွန်မဆီလာခဲ့ပါနော်။ ကျွန်မဆီကနေ ရာသီဥတုနဲ့ ကိုက်ညီလိုက်ဖက်မယ့် ဝတ်စုံတွေလည်း ချုပ်ပေးပါတယ်ရှင့်"
ဟု သူမဆိုင်ကို သူမ ကြေညာလိုက်သည်။
ဆက်လက်ပြီး သူမက
"အဆင်ပြေမယ်ဆိုရင် မိန်းကလေးရဲ့သူငယ်ချင်းတွေကိုလည်း ကျွန်မရဲ့ဆိုင်လေးအကြောင်း သတင်းကောင်း ပါးပေးပါဦး"
ဟု အကူအညီတောင်းလိုက်တော့သည်။