အပိုင်း - ၈၅.၂
ခြံထဲကနေ အပြင်ကိုရောက်တာနဲ့ လင်မယားနှစ်ယောက်လုံး၏မျက်နှာပေါ်မှာ အပြုံးပန်းများ ပွင့်လန်းလာသည်။
အစက သူတို့အနေနဲ့ ဒီအိမ်နဲ့ဒီခြံကြီးအား ရောင်းမထွက်နိုင်ဖြစ်မှာကို စိုးရိမ်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိမ်နဲ့ခြံရှိနေသည့်နေရာက မြို့အစွန်ဘက်ပိုင်းမှာ ဖြစ်သည့်အပြင် လူနေလည်း ကျဲပါးနေသေးလို့ပင်။
ဒါ့အပြင် သူတို့တွေက မြို့ထဲကိုပြောင်းရွှေ့ခဲ့ကြပြီဖြစ်၍ ဤအိမ်ကြီးဟာ ဘယ်သူမှမနေတော့ဘဲ အလကားသက်သက် လွတ်နေခဲ့တာဖြစ်သည်။
ဒါ့ကြောင့် အခုလိုမျိုး ရောင်းထွက်သွားသည့်အပြင် ဈေးကောင်းလည်း ရခဲ့တာမို့ လင်မယားနှစ်ယောက်လုံး ပျော်ရွှင်ဝမ်းမြောက်နေကြတော့သည်။
ထိုလင်မယားနှစ်ယောက် ထွက်သွားတာနဲ့ ရှဲ့တုန်းယန်က ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိရေ၊ နင်ကတော့ တော်တော်သတိကြီးတာဘဲ။ စာချုပ်စာတမ်းတွေကိုတောင်မှ တစ်ခါတည်း ပြင်ဆင်လာတယ်။ ငါကတော့ အံ့ဩလို့ကိုမဆုံးဘူး"
ဟု ပြောလိုက်သည်။
ယွမ်ရိလည်း ရှဲ့တုန်းယန်အား ပြုံးပြပြီး ဘာမျှပြန်မပြောခဲ့ပေ။
တစ်ခဏကြာမှ သူမက နောက်ထပ်စာရွက်အလွတ်တစ်ရွက်ကို ထုတ်ယူပြီး
"တုန်းယန်။ နင်အခြားအိမ်တွေကိုလည်း ရှာထားသေးတယ်မလား။ အဲ့အိမ်တွေရဲ့ လိပ်စာတွေကို ချရေးပေးဦး"
ဟု ပြောလိုက်သည်။
ထိုစကားကြောင့် ရှဲ့တုန်းယန်က ယွမ်ရိကို အံ့အားတကြီးကြည့်ကာ
"ဟေး နင်က နောက်ထပ် ခြံဝန်းတွေထပ်ဝယ်ချင်နေတာလား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ပြုံးလိုက်ပြီးမှ
"လောလောဆယ်တော့ မဝယ်နိုင်သေးပါဘူးဟာ။နောက်ပိုင်း လက်ထဲမှာ ငွေပိုငွေလျှံလေးတွေ ရှိလာတဲ့အခါကျမှ ဝယ်ဖို့ အခုကတည်းက ပြင်ထားတာ။ နင်ရော တစ်လုံးလောက် ဝယ်ဖို့ စိတ်ကူးမရှိဘူးလား"
ဟု ရှဲ့တုန်းယန်ကို မေးခွန်းထုတ်လိုက်၏။
ထိုအခါ ရှုဲ့တုန်းယန်က မျက်လုံးပြူးကြီးဖြင့်
"ဒီလို မြို့စွန်မြို့ဖျားမှာတော့ မဝယ်ချင်ပါဘူး။ ဝယ်ချင်းဝယ် မြို့ထဲက အိမ်ကိုဘဲ ဝယ်မှာပေါ့"
ဟု ပြန်ဖြေပေးလိုက်သည်။
သူ့စိတ်ထဲမှာတော့ မြို့ထဲက အိမ်ကိုမဝယ်ဘဲ မြို့စွန်ကအိမ်ကို ဝယ်ယူသည့်အတွက် ယွမ်ရိအား ထူးဆန်းသူတစ်ယောက်အဖြစ် မြင်နေတော့သည်။
ယွမ်ရိလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"အေးပါ။ နင်ကြိုက်သလိုလုပ်ပါ"
ဟု ပြောလိုက်သည်။
ထို့နောက် စာရွက်နဲ့မှင်တံကို ရှဲ့တုန်းယန်လက်ထဲ ထိုးထည့်လိုက်ပြီး
"ကဲ၊ လောလောဆယ် နင်ရှာကြည့်ထားတဲ့အိမ်တွေရဲ့ လိပ်စာတွေ အရင်ရေးပေးဦး"
ရှဲ့တုန်းယန်လည်း ယွမ်ရိ၏ဆန္ဒအတိုင်း အနီးအနားမြို့စွန်ပိုင်းမှာ ရှိသည့် ရောင်းနိုင်ချေရှိသည့်အိမ်တွေ၊ ဘိုးဘွားသက်ကြီးတွေရှိနေသည့် အိမ်တွေရဲ့နေရာလိပ်စာအား စာရွက်ထဲ ချရေးပေးလိုက်၏။
လိပ်စာများအား ရေပေးပြီးသည့်နောက် စာရွက်နဲ့မှင်တံကို ယွမ်ရိထံပြန်ပေးလိုက်သည်။
ယွမ်ရိက ထိုပစ္စည်းနှစ်ခုကို သေချာသိမ်းဆည်းလိုက်ပြီး ရှဲ့တုန်းယန်ကိုကြည့်ကာ
"နင်ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတော့အခက်အခဲတွေ့တော့မှာဟ။ နင့်ကို တကယ်ကျေးဇူးတင်ပါတယ်ဟာ"
ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ရပါတယ်ဟာ။ ငါတို့ကြားမှာ ကျေးဇူးတင်တာတွေက လိုအပ်နေသေးလို့လား"
ရှဲ့တုန်းယန်က
"နောက်လည်း ခြံတွေအိမ်တွေတင်မကဘူး တစ်ခုခုအကူအညီလိုအပ်ရင်လည်း ငါ့ကိုပြော ဟုတ်ပြီလား။ ငါတတ်နိုင်သမျှ အကုန်ကူညီပေးမယ်"
ဟု ပြောလိုက်တော့သည်။
လိုချင်သောခြံနဲ့အိမ်လည်း ရရှိသွားပြီဖြစ်၍ ယွမ်ရိစိတ်ထဲပျော်ရွှင်သွားတော့သည်။
ယွမ်ရိဟာ ခြံနဲ့အိမ်အား ချက်ချင်း ရှင်းလင်းကာ သန့်ရှင်းရေးလုပ်ဖို့ အစီအစဉ်မရှိသေးချေ။ ဒါ့ကြောင့် အိမ်၏ပြတင်းတံခါးတွေကို သေချာပိတ်၊ ကန့်လန့်ထိုးလိုက်သည်။
ပြီးတာနဲ့ ခြံတံခါးကိုပါ အပြင်ကနေ သော့ခတ်ကာ ရှဲ့တုန်းယန်နဲ့အတူတူ မြို့အတွင်းပိုင်းကို ပြန်လာကြတော့၏။
မြို့အတွင်းပိုင်းကိုပြန်ရောက်တော့ နေလယ်ခင်းကိုပင် ရောက်နေပြီဖြစ်သည်။ ဒါ့ကြောင့် ယွမ်ရိက ရှဲ့တုန်းယန်အား နေ့လယ်စာ ဖိတ်ကျွေးလိုက်သည်။
နှစ်ယောက်သား နေ့လယ်စာ စားပြီးသည့်နောက်မှာ ဒီနေ့ဈေးဆိုင်မဖွင့်ဘဲ နားလိုက်ကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ရှဲ့တုန်းယန်သည်လည်း သူ့အိမ်သူ ပြန်သွားသကဲ့သို့ ယွမ်ရိသည်လည်း အဆောင်ကိုပြန်လာခဲ့တော့သည်။
ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲ ကျင်းပမည့်ရက်ကို တဖြည်းဖြည်း နီးကပ်လာတော့သည်။ ယွမ်ရိသည်လည်း အလုပ်တွေလျော့ကာ ပညာရေးဘက်သို့ ပြန်အားစိုက်လိုက်သည်။
နောက်ဆုံးစာမေးပွဲဖြေဆိုပြီးစီးသည့် ညနေခင်းမှာဘဲ ရူကျောင်းက ယွမ်ရိထံရောက်လာပြီး
"ရှောင်ရိ၊ စာသင်နှစ် တစ်နှစ်တော့ ပြီးသွားပြီ။ယွမ်ကျဲနဲ့နင်က အိမ်ပြန်ကြမှာလား။ ငါလည်း ပြန်မှာဆိုတော့ အတူတူပြန်ကြမယ်လေ"
ဟု ပြောလိုက်၏။
(နွေရာသီကျောင်းပိတ်တာက စာသင်နှစ်ပြီးလို့ ပိတ်တာမဟုတ်ဘဲ ကျတော်တို့ ဒီဇင်ဘာကျောင်းပိတ်ရက်တို့၊ သီတင်းကျွတ်ကျောင်းပိတ်ရက်တို့ ပိတ်သလိုဘဲ ရက်ရှည်ကျောင်းပိတ်တာကို ပြောတာပါခဗျ)
ယွမ်ရိက
"ငါတို့ညီအမနှစ်ယောက် တောင်ပေါ်ပြန်ကြမှာ"
ဟု အားတုံ့အားနာဟန်ဖြင့် ရူကျောင်းအား ပြန်ပြောလိုက်တော့သည်။
နောက်ရက်ကိုရောက်သည့်အခါ ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏အဝတ်ထုပ်များကိုဆွဲလျက် အဆောင်ကနေ ကားမှတ်တိုင်ကို ထွက်လာခဲ့ကြသည်။
ကားမှတ်တိုင်ရောက်တာနဲ့ ကားခဏစောင့်လိုက်၏။ ကားရောက်လာတာနဲ့ ကားပေါ်တက်လိုက်ကြကာ ရထားဘူတာရုံအနီးမှ မှတ်တိုင်မှာ ဆင်းသက်လိုက်ကြသည်။
ရထားဘူတာရုံကို ရောက်တာနဲ့ ရထားလက်မှတ်ဖြတ်ထားလိုက်ကြပြီး တုန်းဖန်မြို့ရထားဘူတာကိုသွားမည့် ရထားပေါ်သို့ တက်လိုက်ကြတော့၏။
မကြာခင်မှာဘဲ ရထားဟာ ဥဩဆွဲလျက် စတင်ထွက်ခွာတော့သည်။ ရထားပေါ်တွင် ယွမ်ရိနဲ့ယွမ်ကျဲတို့ ညီအမနှစ်ယောက်ဟာ စကားပြောလိုက် အိပ်လိုက်ဖြင့် လိုက်ပါလာခဲ့ကြသည်။
အချိန်အတော်ကြာအောင် ရထားစီးပြီးသည့်နောက်မှာ ရထားဟာ တုန်းဖန်းမြို့၏ဘူတာရုံသို့ ဝင်ရောက်လာခဲ့တော့သည်။
ဤတစ်ခေါက်မှာတော့ သူမတို့ ဖန်းမင်းတောင်ကို ပြန်မည့်အကြောင်းအား သူမအဖေထံ ကြိုတင်အကြောင်းကြားမထား၍ သူမတို့အား လာကြိုမည့်ကား မရှိချေ။
ဒါ့ကြောင့် ညီအမနှစ်ဟာ ဘူတာရုံအတွင်းမှ မြင်းလှည်းကို ငှားရမ်းလျက် တုန်းဖန်မြို့တွင်းကို ဝင်ရောက်လာခဲ့ကြတော့သည်။
တုန်းဖန်မြို့မှာ ခဏအနားယူရင်း ဗိုက်ဖြည့်လိုက်ကြသေးသည်။ ပြီးမှ တောင်ပေါ်ကို ညီအမနှစ်ယောက် စတင်တက်လှမ်းခဲ့ကြ၏။
ဖန်းယန်ရွာကိုရောက်ပြီး ယွမ်အိမ်ကိုပြန်ရောက်သည့်အခါ တစ်အိမ်လုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
၁၉၈၀ ခုနှစ်၏ နှစ်သစ်ကူးနွေဦးပွဲတော်ဟာ ယခင်နှစ်များနဲ့မတူဘဲ ပိုပြီးတော့တက်ကြွကာ ပျော်ရွှင်ဖွယ်ရာဖြစ်နေသည်။
တောင်ပေါ်ကလူတွေဟာ ကျေးလက်နေ လူတန်းစားတွေဖြစ်ကြပေမယ့် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများက အကောင်းဘက်ကိုဦးတည်နေကြောင်းကိုတော့ သိထားကြပါသည်။ ဒါ့ကြောင့် ဤနှစ်၏ နှစ်သစ်ကူးဟာ ယခင်နှစ်များနဲ့မတူဘဲ ပျော်ရွှင်ဖွယ်ရာ အပြည့်ဖြစ်လို့နေတော့သည်။
နှစ်သစ်ကူးအကြိုနေ့ညအတွက် ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ သူမတို့မိသားစုဖြင့် စကားဝိုင်းဖွဲ့ခဲ့ကြသည်။
သူမတို့က မြို့မှာ သူမတို့ကြုံတွေ့ခဲ့ရသည့်အကြောင်းများအား သူမတို့၏မိသားစုကို ပြန်လည်ဖောက်သည်ချခဲ့ကြ၏။
ယွမ်ရိက ဈေးဆိုင်ဖွင့်ပြီး လမ်းဘေးမှာ ဈေးရောင်းသည့်အကြောင်းကို မပြောချင်ခဲ့ပေမယ့် ယွမ်ကျဲကအရင်ပြောချလိုက်တာမို့ တားဖို့မမှီလိုက်တော့ချေ။
ထိုစကားတွေကြားပြီး လျူရှင်းဟွာက စိတ်မကောင်းဖြစ်သွားဟန်ဖြင့်
"ရှောင်ရိရယ်။ ပညာကိုဘဲ ကောင်းကောင်းသင်တာမဟုတ်ဘဲနဲ့ ဘာလို့များ ဈေးဆိုင်ဖွင့်ပြီး ဈေးရောင်းရတာတုန်း။ နင့်ရဲ့တတိယအဒေါ်ပေးလိုက်တဲ့ငွေတွေက မလောက်လို့လား။ ချန်းဖူတို့ကရော နင့်ကို ငွေပို့မပေးဘူးလား"
ဟု မေးလိုက်၏။
ယွမ်ရိလည်း စပ်ဖြဲဖြဲဖြင့် ပြုံးလိုက်ပြီးမှ
"အဖွားကလည်း သမီးလက်ထဲမှာ တတိယအဒေါ်ပေးထားတဲ့ငွေတွေရော၊ အဖေတို့ပို့ပေးတဲ့ငွေတွေရော ရှိပါတယ်။ ဒါပေမဲ့ ငွေကိုပိုရှာထားတော့ ငွေပိုရှိတာပေါ့။ မဟုတ်ဘူးလား၊ အဖွားရယ်"
ဟု ဆင်ခြေ အမြန်ပေးလိုက်ရသည်။
ထိုအခါ လျူရှင်းဟွာက ယွမ်ရိ၏ခေါင်းအား ခပ်ဖွဖွလေးပုတ်ကာ
"တယ်၊ ဒီငွေမက်တဲ့ ကောင်မလေးကတော့"
ဟု ချစ်စနိုးဖြင့် စနောက်လိုက်တော့သည်။
ထို့နောက် တစ်မိသားစုလုံး တဟီးဟီးတဟားဟားဖြင့် ပွဲကျသွားကြတော့၏။
လျူရှင်းဟွာက ရယ်မောနေသည့် ယွမ်ချန်းရှန်နဲ့ချန်ခွန်းကိုကြည့်ကာ
"နင်တို့လင်မယားနှစ်ယောက်က ရယ်မောနိုင်သေးတယ်နော်။ ဒီနှစ်ထဲ ဘယ်နှစ်ခါလောက် အဖမ်းခံရသေးတယ်ဆိုတာကိုလည်း သတိရကြပါဦး"
ဟု ဆူလိုက်၏။
ယွမ်ရိကလည်း သူမအဖွား၏စကားကြောင့် ဦးလေးငါးတို့လင်မယားအား အံ့အားတကြီးကြည့်ကာ
"ဦးလေးတို့ အဖမ်းခံရတယ်ဟုတ်လား"
ဟု စိတ်ပူစွာဖြင့် မေးလိုက်သည်။
ချန်ခွန်းကခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ
"ခဏခဏပါဘဲဟာ"
ဟု ပြန်ပြောလိုက်တော့၏။
အစပိုင်းတွင် ပြုပြင်ပြောင်းလဲလာသော မူဝါဒအသစ်များကြောင့် သူမတို့၏ကုန်ပစ္စည်း မှောင်ခိုရောင်းချမှုအား ရပ်တန့်ထားခဲ့သည်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲကာလက အရမ်းကြာနေသဖြင့် သူမတို့လင်မယားနှစ်ယောက်လည်း အရဲစွန့်ပြီးတော့ ကုန်ပစ္စည်းများအား မှောင်ခိုပြန်ရောင်းချခဲ့ကြသည်။
ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုများကြောင့် နေရာတိုင်းမှာ စည်းကမ်းတင်းကျပ်လိုက်သဖြင့် သူမနဲ့ချန်းရှန်တို့လည်း ခဏခဏမိကာ အကြိမ်ကြိမ်အဖမ်းခံခဲ့ရသည်။
ထိုသို့အဖမ်းခံခဲ့ရပြီးနောက် ဆုံးမစကားအနည်းငယ်ပြောပြီးမှ သူမတို့ကို ပြန်လွှတ်ပေးကြသည်။
ယွမ်ရိလည်း ချန်ခွန်းကိုကြည့်ကာ
"ဒေါ်လေးရယ်။ ဒီတောင်ပေါ်မှာဘဲနေပြီး အဲ့လိုတွေ လုပ်မနေပါနဲ့တော့။ နွေဦးပွဲတော်ပြီးရင် သမီးနဲ့အတူတူ ပေကျင်းကို လိုက်ခဲ့ကြတော့။ အဲ့မှာ သမီးအလုပ်ကြီးကြီးတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်"
ဟု ပြောလိုက်၏။
"ဟုတ်လား။ ဘာအလုပ်ကြီးကြီးလဲ"
"အဟမ်း"
ယွမ်ရိက ပြန်မဖြေခင် လည်ချောင်းကို အရင်ရှင်းလိုက်၏။
"သမီးက ဝတ်စုံကိုတွေချုပ်ပြီး တိုက်ရိုက်ရောင်းချမယ့် လုပ်ငန်းလုပ်မလို့ စီစဉ်ထားတာ။ တကယ်တော့ သမီးဒီတစ်ခေါက်ပြန်လာတာက တတိယအဒေါ်တို့ကိုရော၊ ဦးလေးငါးတို့ကိုရော ခေါ်ဖို့ပြန်လာတာ။ ဟိုမှာက အထည်စက်ရုံတွေ အများကြီးရှိတော့ ပိတ်စတွေကို လျော့ဈေးနည်းနည်းလေးနဲ့ ဝယ်ယူလို့ရတယ်။ အဲ့လို ဝယ်ယူတဲ့ကိစ္စကိုတော့ တတိယဦးလေးဟောင်ဖန်က ကူညီပေးပေါ့။ ဦးလေးငါးနဲ့ဒေါ်ခွန်းတို့ကတော့ ဝတ်စုံရောင်းချတာနဲ့ ဆိုင်ကိုစီမံတာတွေလုပ်ပေးလေ။ တတိယအဒေါ်နဲ့သမီးကတော့ ဝတ်စုံတွေချုပ်ပေးမယ်။ ပြီးတော့ ပညာသင်နည်းနည်းလက်ခံပြီး ဝတ်စုံချုပ်တာတွေ သင်ကြားပေးမယ်"
ဟု သူမ၏အစီအစဉ်ကြီးအား အသေးစိတ်ပြောပြလိုက်တော့သည်။
ဤခေတ်တွင် ဝတ်စုံချုပ်သူတွေရှိပေမယ့် လှပဆန်းသစ်သည့် ဖက်ရှင်အမြင် သိပ်မရှိကြချေ။ ဒါ့ကြောင့် လူအများစု၏ဝတ်စုံတွေဟာ ချုပ်ပုံချုပ်နည်းနဲ့ဒီဇိုင်းပုံစံတွေက တူညီနေလေ့ရှိကြသည်။
ထိုကဲ့သို့အများနဲ့တူညီသည့် အသုံးအဆောင်များအား နေ့စဉ်သုံးနေရသည့်အတွက် လူတိုင်း၍မသိစိတ်ထဲမှ ငြီးငွေ့မှုကိုတော့ ခံစားနေရမှာပင်။
ဤအချိန်မှာသာ ယွမ်ရိ၏ဆန်းသစ်လှပသည့် ဒီဇိုင်းဆန်းဆန်းဝတ်စုံများအား ထုတ်လုပ်ရောင်းချလိုက်ပါက လုံးဝ ဝက်ဝက်ကွဲ အောင်မြင်မှာပင်။
အဘယ်ကြောင့်ဆိုသော် လောကမှာ အသစ်အဆန်း၊ အလှအပမကြိုက်သည့်သူ လုံးဝမရှိတာကြောင့်ပင်။
ယွမ်ရိပြောပြသည့်အချက်အလက်တွေက များပြားလွန်းတာကြောင့် ယွမ်မိသားစုဝင်တွေ အကုန်လုံး နားလည်ရန် အချိန်တစ်ခုမျှ ယူလိုက်ကြရသည်။
တအောင့်ခန့်ကြာမှ ယွမ်ချန်းရှန်က
"ဦးလေးတို့ ဟိုကိုလိုက်လာခဲ့ရင် နေတာထိုင်တာတွေအတွက် အကုန် ပြန်စီစဉ်ရမှာထင်တယ်နော်"
ဟု ပြောလိုက်၏။
ယွမ်ရိလည်း ယုံကြည်မှုရှိရှိ ပြုံးလိုက်ပြီး
"အဲ့ဒီအတွက် လုံးဝစိတ်မပူနဲ့။ ပေကျင်းမှာ သမီးက အိမ်ဝယ်ပြီးသွားပြီ။ အဲ့ဒီအိမ်မှာဘဲ အထည်ချုပ်တာကို လုပ်ကြမှာ။ အိမ်က မြို့စွန်မှာ ဆိုပေမယ့် မြို့အတွင်းပိုင်းနဲ့မဝေးတာမို့ အဆင်ပြေတယ်။ ပြီးတော့ ပတ်ဝန်းကျင်လည်း အရမ်းကောင်းတယ်"
ဟု ရှင်းပြလိုက်သည်။
"အိမ်ဝယ်ပြီးပြီ။ ဟုတ်လား"
ချန်ခွန်းက အံ့အားတကြီးဖြစ်စွာဖြင့် ဝင်မေးလိုက်သည်။
"ဟုတ်တယ်"
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"သမီးဝယ်ထားတဲ့အိမ်မှာ အိပ်ခန်းကိုးခန်းတောင် ပါတယ်။ ခြံဝန်းထဲမှာလည်း စိုက်ခင်းတစ်ခု ပါသေးတယ်။ ပတ်ဝန်းကျင်ကလည်း အေးအေးဆေးဆေးဖြစ်ပြီး နေလို့ထိုင်လို့ကောင်းတယ်"
"ဝါးးးးအဲ့လိုအိမ်မျိုးကိုတောင်မှ ရအောင်ဝယ်နိုင်တယ်။ ရှောင်ရိက တော်လိုက်တာ"
ချန်ခွန်းက ချီးမွမ်းလိုက်၏။
သူမဘေးမှ ယွမ်ချန်းရှန်က ခါးကော့ရင်မော့လျက်
"တော်မှာပေါ့ဟ။ အဲ့တာ ငါ့တူမဘဲဟာကို"
ဟု ဝင်ပြီး အမှတ်ယူလိုက်သေးသည်။
ချန်ခွန်းလည်း သူမ၏လင်ယောက်ျားအား မျက်စောင်းလေး အသာလှည့်ထိုးလိုက်တော့သည်။
ယွမ်ရိက သူမ၏တတိယအဒေါ် ယွမ်ချီကျီနဲ့ဦးလေးရွယ်ဟောင်ဖန်းဘက်ကို လှည့်ကာ
"တတိယအဒေါ်၊ အဒေါ်တို့လည်း ပေကျင်းကို လိုက်ခဲ့ကြပါနော်။ ဟိုမှာဆိုရင် ငွေရှာရတာက ဒီတောင်ပေါ်မှာထက် ပိုလွယ်တယ်။ ဒါ့ကြောင့် လိုက်ခဲ့ကြပါနော်"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ချီကျီတို့ လင်မယား ပြန်မဖြေခင်မှာဘဲ ချန်ခွန်းက လက်မြှောက်ကာ
"အဒေါ်တို့ကတော့ ငါ့တူမတွေနဲ့အတူတူ ပေကျင်းကိုလိုက်ခဲ့မယ်"
ဟု တက်ကြွစွာဖြင့် ပြောလိုက်သည်။
ပြီးတာနဲ့သူမက သူမယောက်ျားယွမ်ချန်းရှန်၏လက်ကိုပါ ဆွဲမြှောက်လိုက်ပြီး
"သမီးရဲ့ဦးလေးငါးလည်း သမီးတို့နဲ့အတူတူ လိုက်မှာတဲ့"
ဟု ယွမ်ချန်းရှန်ကိုယ်စား ထပ်ပြောလိုက်သည်။
ထိုအခါ ယွမ်ချီကျီလည်း ယွမ်ရိအား ပြုံးပြလိုက်ပြီးမှ
"အကုန်လုံးလိုက်မယ်ပြောနေမှတော့ ငါကလည်း လိုက်ရတော့မှာပေါ့။ မဟုတ်လည်း ယွမ်ရိက ကျောင်းတက်ရမှာနဲ့ဆိုတော့ အထည်ချုပ်တဲ့နေရာတွေမှာ အချိန်တိုင်း ကြီးကြပ်နိုင်မှာမဟုတ်ဘူးလေ။ ဒါ့ကြောင့် ငါလည်း လိုက်ရတော့မှာတော့"
ဟု ပြောလိုက်တော့သည်။
ယွမ်ရိလည်း သူမအဒေါ်၏စကားကြောင့် ဝမ်းသာအားရဖြစ်သွားပြီး
"လိုက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါ်လေး"
ဟု ပြောလိုက်တော့၏။