အပိုင်း - ၁၁၂.၁
နှစ်ဖက်ပူးပေါင်းဖို့ အသေးစိတ်ကို ဆွေးနွေးပြီးတဲ့အခါမှာတော့ နောက်တစ်ဆင့်က သူတို့ ဒီကုမ္ပဏီကို စက်မှုလုပ်ငန်းတွေနဲ့ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ အဖွဲ့ချုပ်မှာ စာရင်းသွင်းဖို့သာ လိုတော့တာဖြစ်လေသည်။ ပြီးတော့ ယွမ်ရိအနေနဲ့လည်း ထိုနယ်ပယ်နှင့် ရင်းနှီးကျွမ်းဝင်ရန်က လိုသေးသည်လေ။
ထိုနေ့မှာပဲ သူမ စီးပွားရေးလိုင်စင်ကို လုပ်ဖို့သွားတုန်း တစ်ဖက်မှာလည်း ကျန်းစုယွင်ကို တွေ့လိုက်ရတာကြောင့် နှစ်ယောက်သား စကားစမြည်ပြောဖို့ နေရာရှာလိုက်လေသည်။
ကျန်းစုယွင် ယွမ်ရိ၏လိုင်စင်အသစ်ကိုကြည့်ကာ အပြုံးလေးနှင့် ပြောလာလေသည်။ "တခြားသူတွေကတော့ အခုပဲ အလုပ်ထွက်ပြီး နိုင်ငံခြားထွက်လိုက်ရမလားတွေးနေချိန် နင်ကတော့ဒီမှာ ကုမ္ပဏီနှစ်ခုတောင် ထောင်ထားလိုက်သေးတယ်။ ဒါပေမယ့်လည်း ဒါက အိမ်ခြံမြေဈေးကွက်မှာ နင်ဝင်ပါဖို့အတွက်ရော အသုံးဝင်ရဲ့လား?"
ယွမ်ရိလည်း ပြုံးလိုက်ကာ ပြန်ပြောလာလေသည်။ "လောလောဆယ်တော့ အသုံးဝင်တယ် မဟုတ်သေးပါဘူးလေ။"
အဘယ်ကြောင့်ဆိုသော် အခုအချိန်မှာက ကိုယ်ပိုင်ရုံးတွေအတွက် အိမ်ခြံမြေဈေးကွက်ဘက် ဝင်ဖို့မရနိုင်ပေမဲ့ တကယ်လို့ မြေနေရာလေလံတင်တာမျိုးတွေသာ မရှိလာဘူးဆိုရင်လည်း အိမ်ခြံမြေဈေးသမားတွေအတွက် သဘာဝလိုလို လုပ်စရာဆိုတာ ရှိလာမှာမျိုးမဟုတ်ပေ။ တိုးတက်မှုနှုန်းဆိုတာမျိုးက အလွန်သိသာတာမျိုးလေ။ အခုဆိုရင်ပဲ ဖြိုဖျက်ရေးပရောဂျက်တောင် စနေပြီပင်ဖြစ်လေသည်။
ကျန်းစုယွင်ကတော့ ဒီအထိမတွေးပဲ ပြောလိုက်တာဖြစ်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် နင်က လုပ်ရဲတာပဲ။ နင်က တခြားသူတွေမလုပ်ရဲတာမျိုးတောင် လုပ်ရဲသေးတာပဲကို။ လုပ်ချင်စိတ်ရှိဖို့ပဲ လိုတာကို ငါနောက်ဆုံးတော့ တွေ့ခဲ့ရပြီးပြီပဲ။ နင်လုပ်သမျှမှာလည်း ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိနေတာပဲလေ။"
ယွမ်ရိအပြုံးလေးနှင့် ပြန်ဖြေလေသည်။ "ဒါက ဒီအတိုင်း အကြောင်းပြချက်က တစ်ခုထဲပါပဲ။ ငါသေမှာကိုလည်း ကြောက်သလို ငတ်သေမှာကိုလည်း ကြောက်တယ်လေ။"
ကျန်းစုယွင်လည်း ကြောက်တာပင်။
ယွမ်ရိ သူမနှင့် အတန်ကြာစကားပြောပြီးနောက်မှာ ထိုနေရာကနေ ပြန်ထွက်လာခဲ့လေသည်။
စီးပွားရေးလိုင်စင်ကို ပြန်လာယူကာ ရုံး၏ပထမထပ်ကို သန့်ရှင်းထားဖို့ ပြောထားလိုက်လေသည်။
လောလောဆယ်မှာ သူမရုံးက ဒီအတိုင်း အခွံသက်သက်သာ ရှိသေးသည်။ ထိုနေရာမှာ အခုရလာတဲ့ စီးပွားရေးလိုင်စင်ရယ်၊ အဖွဲ့ဝင် သူမနှင့် ရှဲ့သုန့်ယန်တို့သာ ရှိသေးသည်။
အိမ်ခြံမြေလုပ်ငန်းကို ရှဲ့သုန့်ယန်အား တာဝန်ယူခိုင်းထားလိုက်ပြီး တစ်ဖက်မှာ ယွမ်ရိကတော့ အဝတ်အစားတွေ လုပ်တဲ့နေရာမှာသာ အားစိုက်ထားလိုက်လေသည်။
နှင်းဆီစံအိမ်အတွက် အကြမ်းရေးဆွဲထားသော ဒီဇိုင်းပုံကြမ်းများကို ရေးဆွဲပြီးသည်နှင့် ယွမ်ရိထိုဒီဇိုင်းတွေကို ဒီဇိုင်နာတွေဆီ လွှဲပေးလေ့ရှိသည်။ သူမအနေနှင့် ထိုဒီဇိုင်းတွေ၏ အကြမ်းဆွဲထားသည်တို့ကိုသာကြည့်ကာ ကျန်သည့်ထုတ်လုပ်မှုအပိုင်းတွေ၊ ရောင်းဝယ်ရေးအပိုင်းတွေက သူမသိပ်စိတ်ပူစရာမလိုပေ။
သေချာပေါက် သူမဘက်က ကုမ္ပဏီ၏ အဓိကပွဲတွေကိုတော့ စစ်ဆေးဖို့လိုသေးပေမယ့်ပေါ့။
သူမလုပ်ဖို့လိုတာာက သူမ၏ကိုယ်ပိုင်ဘရန်းတစ်ခုထုတ်ရန်နှင့် အဖွဲ့တစ်ခုသာ ဖြစ်လေသည်။
နွေရာသီက ပူလောင်လွန်းလှကာ မြို့ကြီးတစ်မြို့လုံး မီးဖိုထဲ ထည့်ခံထားရသလိုပင်။
ထောင့်မှာထား,ထားတဲ့ လေအေးပေးစက်က နှစ်ချက်မြည်လာကာ လေအေးအေးလေးက တိုးဝင်လာလေသည်။
ရုံးခန်းထဲက လူတွေခမျာ အခုမှပဲ ရုတ်တရက် ပျော်ရွှင်လာကြတော့သည်။ "ဒါကမှ တကယ့်လေပြည်အေးလေး။ လျှပ်စစ်ပန်ကာတွေကရတဲ့ လေနဲ့များ ကွာလိုက်တာ။"
ကုမ္ပဏီမှာ အခုမှ လေအေးပေးစက်ကို စတပ်လိုက်တာဖြစ်လေရာ ဒီရုံးထဲကလူတွေအဖို့ အခုမှလေအေးပေးစက်ကို စတင်သုံးရခြင်းဖြစ်လေသည်။
သူတို့အတွက် ဒါကို နှစ်,နှစ်လောက်က ဈေးဝယ်စင်တာတွေမှာမြင်ဖူးပေမဲ့ ဈေးနှုန်းကမြင့်လွန်းတာကြောင့် မသုံးဖူးကြသေးပေ။
ယွမ်ရိ သုံးထပ်စတူဒီယိုက လေအေးပေးစက်ကို ဖွင့်လိုက်တာကြောင့် အခုဆို တစ်ခန်းလုံး အေးမြသွားတော့သည်။
တစ်ဖက်မှာ အဝတ်စတွေကို ချုပ်နေသည့် အန်တီချင်က ပြောလာလေသည်။
"ချမ်းသာချက်ကတော့ လက်လန်ပါတယ်ဟယ်"
အန်တီချင်ဆိုတာက ဝတ်စုံချုပ်သည့်လောကထဲ ယွမ်ရိကြောင့်ဝင်လာသည့်သူ ဖြစ်လေသည်။ သူမ၏ ပန်းထိုးသည့်လက်ရာက သေသပ်သည်။ ရိုးရိုးအပ်တစ်ချောင်း၊ ချည်တစ်ချောင်းနဲ့တင် တစ်လောကလုံးကို လှပအောင် ပန်းထိုးပြနိုင်လေသည်။
ယွမ်ရိအပြုံးလေးနှင့် ပြန်ပြောလာလေသည်။
"သုံးသင့်တာတော့ ခြွေမထားပဲ သုံးရမယ်လေအန်တီရယ်။"
အန်တီချင် ယွမ်ရိကို ပြုံးကာကြည့်ရင်း ပြောလာလေသည်။ "သူဌေးက တကယ် ရက်ရောတာပဲ"
သူမ ဒီကုမ္ပဏီကိုမရောက်ခင်က သူသိခဲ့တာက ယွမ်ရိက မောက်မာတယ်ဆိုတာပင်။
အခုတော့ စတူဒီယိုတစ်ခုလုံးလည်း အေးချမ်းနေကာ အားလုံး သက်သောင့်သက်သာဖြစ်နေကြလေသည်။ နှစ်ယောက်သား စကားစမြည်ပြောနေလိုက်ကြပြီး တစ်ဖက်မှာလည်း အန်တီချင် အပ်တစ်ချောင်းကိုင်ကာ ပန်းထိုးနေလေသည်။ ယွမ်ရိလည်း ပုလဲလုံးလေးတွေကို အဝတ်ပေါ်ဖြည်းဖြည်းချင်း စီးကွင့်ထိုးနေလိုက်သည်။
နှစ်ယောက်သား အနားယူနေတုန်းလေးမှာပင် စတူဒီယိုတံခါးခေါက်သံကို ကြားလိုက်ရလေသည်။
ယွန်ရိ ရေသောက်နေရင်း မော့ကြည့်လိုက်သည်နှင့် ချန်နော်နော်က ပြောလာလေသည်။
"မိန်းကလေးယွမ်၊ မစ္စဝမ် ရောက်နေပါတယ်။"
နောက်ဆုံးတော့ လာတွေ့ပြီပေါ့။ ယွမ်ရိ သူမမျက်မှန်ကို အောက်ချလိုက်ကာ ပြုံးလိုက်ရင်း တစ်ဖက်တံခါးကနေ ဝမ်ရှောင် ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
ဝမ်ရှောင်ဝင်လာသည်နှင့် ယွမ်ရိကို အပြုံးလေးနှင့် နှုတ်ဆက်လာကာ "တစ်ချက်လောက် လာကြည့်ချင်နေတာ စိတ်မထိန်းနိုင်တာနဲ့ပဲ လာခဲ့လိုက်တာ။ အနှောင့်အယှက်ပေးမိသလိုများ ဖြစ်သွားလားရှင့်"
ယွမ်ရိ သူမကို ကာထားသည့်နားဘက် ဆွဲခေါ်လာကာ "မနှောင့်ယှက်မိပါဘူးနော်၊ ဒီအတိုင်း အခုကဘာမှကြည့်စရာ မရှိသေးလို့ပါ"
အဘယ်ကြောင့်ဆိုသော် သူမဘက်ကလည်း ပြင်ဆင်နေတာတွေပြီးအောင် စောင့်ရဦးမည်လေ။ ဥပမာဆိုရသော် ပန်းထိုးတာတွေ၊ ပုတီးလုံးလေးတွေကို သူမဖြတ်ညှပ်ပြီး အပ်ထိုးဖို့၊ ချုပ်ဖို့၊ အသင့်ဖြစ်ဖို့လိုသေးသည်လေ။
ဝမ်ရှောင့်မှာတော့ အခုတွေ့လိုက်ရတဲ့ ပန်းထိုးထားတဲ့လက်ရာနဲ့၊ ပုလဲစေ့သေးသေးလေးတွေနှင့်တင် အံ့အားသင့်နေလေပြီဖြစ်လေသည်။ ပါးစပ်ထောင့်စွန်းလေးတွေရော မျက်ခုံးတွေပါ မြှင့်ကာရယ်မောနေလေပြီး မျက်နှာတစ်ခုလုံးက ပျော်ရွှင်နေလေတော့သည်။ သူက ပြောလာလေသည်။
"ဒါက တကယ်ကို လှတာပဲ။ ငါထင်ထားတာထက်ကို လှနေတာပဲ။"
ယွမ်ရိလည်း သူမဝမ်းသာနေသည်နှင့်တင် ကျေနပ်နေတော့သည်။ ဒါပေါ့ သူမလည်း သေချာပေါက် ပျော်တာပေါ့။
စက်ချုပ်သမားတစ်ယောက်အတွက် သူ့ကာစတန်မာက အဝတ်အစားတွေကို ကျေနပ်ပါတယ်ဆိုတဲ့စကားထက် ဘယ်ဟာက ပိုပျော်ဖို့ကောင်းနိုင်ပါ့မလဲ။
အဝတ်က အခုအချိန်ထိ ပုံပေါ်မလာသေးပေမဲ့ ဝမ်ရှောင်ခမျာ ချက်ချင်း ထွက်မသွားနိုင်သေးပေ။
သူမကြည့်ရတာတော့ တော်တော်အဆင်ပြေနေပုံပင်။ နေ့ခင်းဘက်မှာတော့ ယွမ်ရိ စတူဒီယိုမှာပဲနေကာ ယွမ်ရိနဲ့အန်တီချင်တို့ အပ်ထိပ်ဖျားလေးတွေကနေ ပန်းတွေလန်းဆန်းစွာ ပွင့်လန်းလာသည်ကို အတူတူကြည့်နေလိုက်သေးသည်။
ယွမ်ရိနဲ့အန်တီချင်တို့ ညနေဘက် အိမ်ကို ပြန်ဖို့ပြင်နေသည်အထိ သူမကြည့်ရတာ သိပ်ပြန်ချင်သည့်ပုံမပေါ်သေးပေ။
ယွမ်ရိကိုယ်တိုင် သူမကို စတူဒီယိုထဲကနေ ခေါ်ထုတ်လာရကာ ပြုံးပြီးပြောလိုက်ရသည်။ "စိတ်မပူပါနဲ့။ နောက်ဆုံး ဒါက မစ္စဝမ်အတွက်ပဲ ဖြစ်လာမှာလေ။"
ဝမ်ရှောင် သူမကို ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြလာကာ "ကျွန်မ တော်တော်ကို ကြိုက်နေတာ"
သူမအနေနှင့် ပန်းထိုးတာမျိုးကို တစ်ခါမှမမြင်ဘူးတာလည်း မဟုတ်ပေ။ ဒါပေမယ့် သူမအတွက် ဒီတစ်ခေါက်လိုမျိုး လှပလွန်းတာမျိုးကိုတော့ မတွေ့ဖူးသေးပေ။ ပန်းထိုးတာဖြစ်ဖြစ်၊ စီးကွင့်လေးတွေကို သီထားတာဆိုရင်တောင် သူမအတွက် ဒါကစင်ပေါ်မှာ တောဆန်နေသည့်ပုံမျိုး၊ ဈေးပေါပေါပုံမျိုး လုံးဝထွက်လာမှာမဟုတ်ပေ။ ဒါက တကယ်ကို သူမနှလုံးသားထဲက ဝန်ခံရအောင်ကို လှလွန်းသည်။
လင်းယောင် ညနေဘက်ထိ အချိန်ပိုဆင်းရတာကြောင့် ယွမ်ရိလည်း ညစာကို ဝမ်ရှောင်နှင့်အတူတူ စားလိုက်လေသည်။
နှစ်ယောက်သား စားသောက်ဆိုင်ထဲ ဝင်ထိုင်လိုက်ကာ သူတို့အကြိုက်ဆုံးဟင်းပွဲတွေကို မှာလိုက်ကြလေသည်။
ဝမ်ရှောင် မီနူးကိုပိတ်လိုက်ကာ ဝိတ်တာကိုပေးလိုက်လေသည်။ တစ်ဖက်က ယွမ်ရိကို ကြည့်ရင်း မေးလာလေသည်။
"အန်တီချင်ဆိုတဲ့သူက ပန်းထိုးချည် ထိုးတဲ့နေရာမှာ တော်တော်လေး တော်တယ်နော်"
ဟု ပြောလိုက်သည်။
ယွမ်ရိ ခေါင်းညိတ်ပြလိုက်ကာ "အင်း ကျွန်မအန်တီ့ကို ပန်းထိုးတဲ့နယ်ပယ်ထဲကနေ မနည်းရှာထားရတာလေ။ ပြီးတော့ သူ့ကို လစာရဲ့ သုံးဆပေးထားတယ်။ လက်လုပ်ထည်တွေဆိုတာ နဂိုကတည်းက အချိန်ကုန် လူပင်ပန်းလေ။ အထူးသဖြင့် ဒီလိုအလုပ်ရှုပ်လွန်းတဲ့ နယ်ပယ်တွေမှာဆိုရင် ပိုဆိုးပေါ့၊ တစ်ယောက်တည်းလုပ်ဖို့က ဘယ်လိုမှ မလွယ်ဘူးလေ။"
ဝမ်ရှောင် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။
"ဝတ်စုံတစ်စုံလုပ်ဖို့ ဒီလောက်အားထုတ်ရမယ်မှန်း ကျွန်မ မထင်ထားခဲ့မိဘူးပဲ။ စတူဒီယိုထဲမှာ ရှင်တို့လုပ်တာကြည့်ပြီးတောင် ကျွန်မပင်ပန်းနေတာ။ ဒါပေမယ့်လေ တစ်ချိန်တည်းမှာပဲ အပ်ချည်တစ်ချက်ထိုးတာကတောင် ဖြည်းညင်းပြီး သက်သောင့်သက်သာ ဖြစ်နေတာလည်း ကြည့်ကောင်းသား"
ယွမ်ရိ သူမကို ပြုံးကာကြည့်လိုက်ပြီး "ဒါက ဒီအတိုင်း ကိုယ်သဘောကျတယ်ဆိုရင် ပင်ပန်းတယ်လို့ မခံစားရတော့ဘူးလေ။"
အထူးသဖြင့် နောက်ဆုံးပြီးမြောက်အောင် လုပ်နေရတဲ့ အဆင့်မျိုးဆို ဒီတစ်ခုအောင်မြင်အောင် လုပ်နိုင်သွားပြီဆိုတဲ့ ခံစားချက်က အလွန်ကိုကောင်းလှပေသည်။