Chapter 112.2

1.7K 146 0
                                    

အပိုင်း - ၁၁၂.၂
ညစာစားပြီးသည်နှင့် ယွမ်ရိနှင့်ဝမ်ရှောင်တို့နောက်ထပ်တစ်နေရာ ဆက်မသွားကြတော့ပေ။ နှစ်ယောက်သား ဂိတ်မှာပဲ လမ်းခွဲလိုက်ကြကာ ကိုယ့်ကားကိုယ် မောင်းထွက်လာကြလေသည်။

စားသောက်ဆိုင်ကနေ ထွက်လာလာချင်း ယွမ်ရိအိမ်ကိုတန်းမပြန်တော့ပဲ ယွမ်ချီကျီအိမ်ဘက် ထွက်လာလေသည်။ အဓိက,ကတော့ သူမ၏အဖိုးနဲ့အဖွားဖြစ်သူတို့ထံ အလည်သွားခြင်းပင်။

အခုဆို လူတိုင်းမှာ ကိုယ်ပိုင်အိမ်တွေ ရှိလာကြကာ မိသားစုနှင့်အတူတူ ညစာစားတဲ့ အချိန်တွေဆိုတာလည်း အလွန်နည်းလာလေသည်။ ဒါပေမဲ့ ယွမ်ရိနှင့်ယွမ်ကျဲတို့၊ ယွမ်ချန်ရှန်းတို့မှာ အားရင်အားသလို ယွမ်ကျီကောင်းနှင့် လျူရှင်းဟွာတို့ကို သွားတွေ့လေ့ရှိကြသည်။

ယွမ်ရိက သူမ၏ကားကို လမ်းမှာရပ်ခဲ့ကာ တံခါးကိုခေါက်လိုက်လေသည်။
ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့လည်း အခုချိန်အိမ်မှာရှိနေကြကာ မိသားစုငါးယောက်လုံး တီဗီကြည့်နေကြလေသည်။

ယွမ်ရိလာသည်ကို သိလိုက်သည်နှင့် ရွယ်ဟောင်ဖန်းနှင့်ယွမ်ချီကျီတို့ ချက်ချင်းထကာ သူမကိုလာနှုတ်ဆက်ကြပြီး လက်ထဲကပါလာသည်ကို လှမ်းယူလိုက်ရင်း မေးလာလေသည်။
"ညစာရော စားပြီးပြီလား?"

"ဟုတ်ကဲ့ စားပြီးခဲ့ပြီးပြီ"
ယွမ်ရိအိမ်ထဲကို သူတို့နှင့်အတူ ဝင်လာခဲ့လိုက်လေသည်။
ယွမ်ယွဲ့ သူမကို ခေါ်လာလေသည်။
"မမ"
သူတို့က မိသားစုပဲကို အထူးတလည်ရိုသေပြနေစရာ မလိုပေ။

ယွမ်ရိလည်း သူတို့နှင့်အတူ ဝင်ထိုင်လိုက်ကာ ယွမ်ကျီကောင်းတို့နှင့်အတူ စကားပြောနေလိုက်လေသည်။ ပြီးတာနှင့် ယွမ်ချီကျီအား
"လျို့ရှောင်းဟူနဲ့သူမိန်းမက ခုထိ သားမွေးစက်ရုံမှာ လုပ်နေတုန်းလား?" ဟု မေးလိုက်သည်။
သူမမေးလိုက်သည်နှင့် ယွမ်ချီကျီ ခေါင်းညိတ်ပြလာကာ "အင်း၊ အခုထိပဲ"

ယွမ်ရိ ပုံမှန်အတိုင်း မေးလိုက်လေသည်။
"ပြန်မလာတော့ဘူးလား?"
ယွမ်ချီကျီ ပြန်ဖြေလာလေသည်။
"ဟင့်အင်း၊ ငါ အဲ့လောက်လည်း ဂရုမစိုက်ဖြစ်တော့ပါဘူး။"

ယွမ်ရိ အရယ်မရပ်နိုင်တော့ပဲ
"ကြည့်ရတာတော့ သူတို့တော်တော် စိတ်တိုသွားပုံပဲ။ ကျွန်မထင်ထားတာက သူတို့ဘဝတစ်လျှောက်လုံး အမေကိုရှာနေဖို့ အဲ့လောက်ထိ အားစိုက်ထားမယ်လို့မထင်ထားတာပဲ။ အဲ့ဒါကို အန်တီလေးက သူတို့ကိုအဝေးပါ ပို့ပေးလိုက်သေး။"

လျူရှင်းဟွာ သူမဘေးထိုင်လိုက်ကာ
"ငါဖြင့် သူတို့ကိုမတွေ့ရတာ ၁ ၅နှစ် ၁၆ နှစ်လောက်ရှိပြီဟာကို၊ ငါ တောဘက်မှာနေတုန်းက အမေကို တစ်ခါမှ လိုက်မရှာဖူးတာ။ အခုမှ သားလိုဆက်ဆံစေချင်တာလား? သူ တကယ်ကို လွယ်လွယ်လေးတွေးလိုက်တာပဲ။ ဒီလောက်ရိုးရှင်းကောင်းလှပါချည်ရဲ့ဆိုတာမျိုးက ဒီလောကကြီးမှာရှိလို့လား?"

ယွမ်ရိလည်း ပြုံးကာပြောလာလေသည်။
"သူ အဲ့လိုတွေးချင် တွေးမှာပေါ့လို့။"
လျူရှင်းဟွာ ပြောလာသည်။
"ဒီတစ်ခေါက်တော့ သူတို့ကို သားမွေးစက်ရုံဘက် ပို့လိုက်တာကို သူတို့နားလည်လိမ့်မယ်တော့ ထင်တာပဲ။ ဒီလောက် စိတ်ဝင်စားနေရင် ဒီဘက်ကိုပြန်မလာတာ အကောင်းဆုံးပဲလေ။ ဒါပေမယ့် သူတို့သာ မျက်နှာကောင်းလိုချင်တယ်ဆိုရင် အစကတည်းက တောကနေတက်လာပြီး ကိုယ့်အမေကို တက်ရှာမနေသင့်တာ။"

လျူရှင်းဟွာ ကိုယ်တိုင်ကပါ ဒီလိုပြောလာတာကြောင့် ယွမ်ရိ မရယ်ပဲ မနေနိုင်တော့‌ပေ။ "တကယ်လို့ သူတို့က မရှက်ဘူးဆိုရင်ရော။ ဒီနေရာမှာ လူးလှိမ့်ပြီး ငိုနေရင်ရော? သူတို့အသက်အရွယ်လေးတွေနဲ့ မလုပ်ဘူးထင်နေတာလား?"

ယွမ်ချီကျီက ပြောလာလေသည်။
"သူက သူ့အဖေလိုပဲ။ သူရဲဘောကကြောင်သေး။ ပြဿနာဆိုတာမျိုးက ဖြစ်လာရင် မကောင်းဘူးနော်။"
ယွမ်ကျီကောင်းကပါ ပြန်ဖြေလာလေသည်၊ "ဒါပေမယ့် ငါကလည်း လုံးဝ အလျော့မပေးနိုင်ပါဘူး။"

တကယ်လို့ သူတို့သာ မြို့ကိုတက်လာပြီး သူတို့ဘယ်လိုနေတယ်ဆိုတာကိုသာ မမြင်ခဲ့ရင်၊ သူကရော သူတို့ဘယ်လိုအခြေအနေဖြစ်နေကြလဲ သိချင်မှာ မဟုတ်ဘူးမလား?

ယွမ်ချီကျီ လိမ္မော်သီးကိုအခွံခွာရင်း ပြောလာလေသည်။
"ကျွန်မကတော့ စိတ်မဝင်စားပါဘူး။ ကျွန်မနဲ့ဟောင်ဖန်းနဲ့နှစ်ယောက် ကြိုးစားလုပ်လာရတဲ့ ဒီမိသားစုစီးပွားရေးကိုတော့ ဘာအကြောင်းမှမရှိပဲ တခြားသူကိုမပေးနိုင်ပေါင်။ နောက်ဆုံးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ယွဲ့ယွဲ့လေးဖို့ပဲလေ"

စကားပြောနေရင်း လျူရှင်းဟွာတစ်ယောက် သတိရကာ မေးလာလေသည်။
"ရှောင်ရိ သမီးရော သမီးမိသားစုပိုင်ဆိုင်မှုတွေကို ဘယ်သူ့ပေးဖို့ ရည်ရွယ်ထားတာတုန်း?"

ထိုစကားကြားကြားချင်း ယွမ်ရိက လျူရှင်းဟွာကို ကြည့်လိုက်ကာ ပြုံးပြုံးလေးနှင့် ပြောလာလေသည်။
"ဖွားဖွား၊ ကျွန်မအခုပဲ အိမ်ပြန်ပြီး အမွေခံလေးတစ်ယောက် သွားလုပ်တော့မလို့လေ။"

သူမအိမ်ရောက်တဲ့အချိန်မှာ လင်းယောင်တစ်ယောက် အလုပ်ကပြန်ရောက်ရောက်ချင်း ရေချိုးနေတာနှင့် တိုးလေသည်။
ယွမ်ရိလည်း သူမအဝတ်တွေကိုချွတ်လိုက်ကာ ရေဝင်ချိုးလိုက်လေသည်။

ရေမိုးချိုးပြီးကြတာနှင့် ပင်မအခန်းထဲက စားပွဲကိုမှီလိုက်ရင်း လင်းယောင်မေးကိုမကာ မေးလိုက်လေသည်။
"ရဲဘော်လင်းယောင်၊ အသင် ကျွန်ုပ်ကို အမွေခံလေးတစ်ယောက်လောက် ဖန်တီးလိုက်စေချင်လား?"

လင်းယောင် သူမ လက်မောင်းကိုဆွဲဖက်လိုက်ကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်၏။
"အသင် ဘယ်လောက်လိုချင်သလဲ ပြောလိုက်ပါ?"
ယွမ်ရိ သူ့ကို သေချာကြည့်ကာ မေးလာလေသည်။
"ရှင်အခုထိ ထိန်းချုပ်နိုင်သေးတယ်လား?"
လင်းယောင် ပြုံးလိုက်ကာ ပြောလာလေသည်။"ကြိုးစားကြည့်လိုက်လေ။"

ပုံမှန်ဆို အခုက အမွေခံ မမွေးနိုင်သေးပေ။ ဒါပေမဲ့ ဝမ်ရှောင်နဲ့ရှဲ့သုန့်ရန်တို့နဲ့ တစ်နေ့ပြီးတစ်နေ့ နီးကပ်လာကြသည့်အပြင် သူတို့ မင်္ဂလာဆောင်ဒိတ်ကလည်း ဆောင်းဦးဆိုဖြစ်ရာ ထိုအချိန်မှာ ဝတ်စုံလှလှဝတ်ဖို့အတွက်က အသင့်တော်ဆုံးပင်။

ယွမ်ရိဆို နေ့တိုင်းလိုလို လုပ်စရာတွေ များစွာရှိနေတဲ့ကြားထဲက အချိန်တော်တော်များများကို အဝတ်အစားလုပ်တဲ့ဘက်မှာ မရ ရအောင် ညှစ်ထုတ်ကာ သုံးနေတုန်းပင်။

အန်တီချင်ဆို တခြားဘာမှလုပ်မနေတော့ပေ။ သူမအလုပ်လုပ်နေသရွေ့ စတူဒီယိုထဲမှာပဲနေကာ အလုပ်နဲ့ခေါင်းက အမြဲတိုက်နေတော့သည်အထိ။ ယွမ်ရိက သူမကို လစာရဲ့သုံးဆပါပေးသည့်အပြင်ကို အခုလိုကောင်းလှသည့် အလုပ်လုပ်ဖို့ပတ်ဝန်းကျင်ပါ ပေးထားသည်လေ။ အခုဆို သူမ အရင် ပန်းထိုးသည့် နယ်ပယ်မှာထက်ကို အလုပ်လုပ်ရတာ ပိုအားရှိ တက်ကြွနေလေသည်။

ယွမ်ရိမှာ တခြားလုပ်စရာမရှိတဲ့နေ့ဆို စတူဒီယိုထဲ အန်တီချင်နဲ့အတူထိုင်ကာ ပုလဲလုံးတွေကို ထိုးလေ့ရှိတတ်သေးသည်။ အပ်နှင့်အပ်ချည်က ချော်သွားခြင်း၊ မသေသပ်ခြင်းတို့ အလျဉ်းမရှိပဲ လိုက်ဖက်စွာအလုပ်လုပ်နေကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဤဝတ်စုံကို ဝမ်ရှောင်ကိုယ်တိုင် ရှုပ်ထွေးလှသည့်ကြားက ရွေးထားတာမလို့ ယွမ်ရိ တော်တော်ကို အာရုံစိုက်ထားရာ ထုတ်လုပ်ဖို့အချိန်ဆိုတာကလည်း နွေကနေ ခုဆို ဆောင်းဦးတောင် ရောက်သည်အထိ ရှည်ကြာနေတော့သည်။

ဝတ်စုံ၏ နောက်ဆုံးအပ်ချည်မျှင်ကို ဖြတ်လိုက်ပြီးနောက်မှာတော့ ယွမ်ရိလည်း ကတ်ကြေးတွေကို ဂရုတစိုက်ပြန်ချထားလိုက်ပြီး အန်တီချင်နှင့်အတူ အရုပ်ပေါ်မှာ ဆင်ကြည့်လိုက်လေသည်။ ပုခုံးတွေ၊ ခါးနေရာတွေကို သေချာပြင်လိုက်ကာ ရှေ့နှင့်နောက်ကို ဂရုတစိုက် အဝေးကနေကြည့်ကြည့်လိုက်လေသည်။

ယွမ်ရိ အန်တီချင်ကို မေးကြည့်လိုက်လေသည်။"အန်တီ ဘယ်လိုခံစားရတုန်း?"
ဒီဝတ်စုံအောက်ပိုင်းကို အန်တီချင်ကိုယ်တိုင်လုပ်ထားတာဖြစ်ရာ အခုလိုပြီးစီးသွားသည့် ထုတ်ကုန်ကို ကိုယ့်မျက်စိရှေ့မြင်နေရတာက တကယ်ကို အံ့ဩဖို့ကောင်းပေသည်။

သူမ ပန်းထိုးသည့်နယ်ပယ်ထဲမှာကို မရေတွက်နိုင်သည့်အလုပ်တွေ လုပ်ဖူးပေမဲ့ ဒီလိုစကတ်နှင့်အတွဲအဖက်က ဒီလောက်ထိလှပသည်ကို မမြင်ဖူးပေ။

သူ့ရှေ့ကဝတ်စုံကို ကြည့်နေရင်း
"ဒါကို ဘယ်လိုစကားလုံးနဲ့ ပြောပေးရမှန်းကို မသိပါဘူးကွယ်။ ဒါက တကယ့်ကို လှလွန်းတယ်။"

ယွမ်ရိ ထိုစကားကို ကြားကြားချင်း ရယ်လိုက်မိသည်။ အင်း ဒါက တကယ့်ကို အကောင်းဆုံးချီးမွမ်းလိုက်တာပဲ။
ဝတ်စုံပြီးစီးသွားတာမလို့ ယွမ်ရိလည်း စိတ်သက်သာရာရသွားတော့သည်။

ရုံးကိုပြန်လာကာ ကော်ဖီတစ်ခွက်နှင့် အနားယူနေရင်း ဘေးကဖုန်းကို ကောက်ယူကာ ဝမ်ရှောင်ကိုခေါ်လိုက်လေသည်။
သူမ ပထမတော့ ဝမ်ရှောင်ကို မနက်ဖြန်မှလာကြည့်စေချင်ပေမဲ့ ဝမ်ရှောင်တစ်ယောက်ကတော့ တစ်မိနစ်ကလေးတောင် မစောင့်နိုင်တော့ပဲ ချက်ချင်းကို ထွက်ချလာလေတော့သည်။

နောက်ဆုံးအပြီးသတ်ထားသည့် လက်ရာကိုတွေ့လိုက်ရတဲ့ အခါမှာတော့ သူမဘက်က စိတ်လှုပ်ရှားနေကာ တစ်ချိန်တည်းမှာပဲ အံ့အားသင့်နေသည့် ပုံပါပြလာလေတော့သည်။

သူမဝတ်စုံရှေ့မှာ ရပ်လိုက်ကာ ပါးစပ်ကို ဖုံးထားပုံက တစ်ချိန်တည်းမှာ ရယ်နေရင်းငိုချလိုက်တော့မလိုပင်။
သူမအခုချိန်မှာ ပျော်လွန်းလို့ ရယ်ချင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ဒီဝတ်စုံက သူမ မြင်ဖူးသမျှထဲမှာ အလှတကာ့ အလှဆုံးပင်။ သူမငိုချင်တာကတော့ သူမ နောက်ထပ် မစောင့်ချင်တော့ပေ။ ဒီဝတ်စုံကို ဝတ်ကာ မြန်မြန်မင်္ဂလာဆောင်ချင်နေလေပြီ။

ယွမ်ရိ သူမပုံကို ကြည့်ကာမေးလာလေသည်။
"ဒါနဲ့ အခု စမ်းဝတ်ကြည့်ကြည့်လိုက်မလား?"

ဝမ်ရှောင်အနောက်ကို ပြန်လှည့်ကြည့်လာကာ ခေါင်းညိတ်ပြလာလေသည်။
"အိုခေ"
ယွမ်ရိနဲ့အန်တီချင်လည်း ဝတ်စုံကိုသေချာကိုင်တွယ်ကာ အဝတ်အစားလဲသည့်အခန်းထဲသို့ ယူသွားရင်း ဝမ်ရှောင်ကို လဲခိုင်းလိုက်လေသည်။

အဝတ်လဲပြီးသည်နှင့် ဝမ်ရှောင် အခန်းထဲကနေ ဂရုတစိုက်နှင့် ဖြည်းညင်းစွာ လမ်းလျှောက်ရင်းထွက်လာလေတော့သည်။

သူမမှန်ရှေ့ကိုသွားကာ ရပ်ကြည့်လိုက်လေသည်။ မှန်ရှေ့က သူမကိုယ်ကိုကြည့်ကာ မျက်ဝန်းတွေထဲ ညအချိန်မှ ကြယ်တွေအလားပင် တောက်ပမှုက ဖျတ်ခနဲ ထင်ဟပ်လာတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now