အပိုင်း - ၉၅
စားသောက်ဆိုင်တစ်ဆိုင်အတွင်း လူငါးယောက်ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ အမှန်တွင် လေးယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်နေကြခြင်းဖြစ်သည်။
ထိုလူတွေကတော့ ယွမ်ရိတို့မောင်နှမတသိုက်နဲ့ လင်းယောင်ပင်ဖြစ်သည်။ လင်းယောင်ဟာ စားပွဲ၏တဖက်မှာ ထိုင်နေပြီး ယွမ်ရိတို့လေးယောက်ကတော့ အခြားတဖက်မှာ ထိုင်နေ၏။
ယွမ်ဟောင်ဂျန်ဟာ လည်ချောင်းရှင်းလိုက်ပြီး လင်းယောင်ကို ကြည့်လျက်
"မင်းက ဘယ်သူတုန်း"
ဟု မေးလိုက်သည်။
လင်းယောင် : ".........."
တဖန် ယွမ်ဟောင်ဂျန်က ယွမ်ရိဘက်ကို လှည့်ကာ
"အမ၊ ဒီလူက ဘယ်သူလဲ"
ဟု မေးလိုက်ပြန်သည်။
ယွမ်ရိဟာ ယွမ်ဟောင်ဂျန်၏မေးခွန်းကိုမဖြေဘဲ လင်းယောင်ကိုသာ ကြည့်လျက်
"ကဲ၊ ကိုယ့်ဘာသာကိုယ် မိတ်ဆက်ပေးလိုက်ပါဦး"
ဟု ပြောလိုက်သည်။
လင်းယောင်လည်း ပြုံးလိုက်ပြီး ယွမ်ရိ၏ မောင်နှမတွေကိုကြည့်ကာ
"တွေ့ရတာဝမ်းသာပါတယ်။ ငါက လင်းယောင်ပါ။ယွမ်ရိနဲ့ငယ်သူငယ်ချင်းတွေပေါ့။ အရင်တုန်းက ငါတို့ တွေ့ဖူးတယ်လေ။ အဲ့တုန်းက မင်းတို့က ငယ်သေးတော့ မမှတ်မိတာထင်တယ်"
ဟု ပြောရင်း သူ့ကိုယ်သူမိတ်ဆက်ပေးလိုက်သည်။
လင်းယောင်၏မိတ်ဆက်စကားဆုံးတော့ ယွမ်ချူးရွယ်ဟာ အရင်တုန်းက အဖြစ်အပျက်များကို ပြန်အမှတ်ရသွားပြီး
"ငါမှတ်မိပြီ။ နင်က မိုးပျံမျှော်စင်က ကောင်လေးဘဲ။ အဲ့ဒီတုန်းက နင့်အမေကတောင်မှ ငါ့ခြေထောက်နာနေတာကို ကုသပေးခဲ့သေးတယ်"
ဟု ရုတ်တရက် ထပြောလိုက်သည်။
"ဟုတ်တယ်"
လင်းယောင်က ယွမ်ချူးရွယ်၏စကားတွေမှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
ယွမ်ရိဟာ လင်းယောင်ကို သေချာကြည့်နေရင်းဖြင့်
"နင် တော်တော်ပြောင်းလဲသွားတယ်နော်။ ငါဖြင့် မှတ်တောင် မမှတ်မိတော့ဘူး"
ဟု ပြောလိုက်သည်။
လင်းယောင်လည်း ယွမ်ရိကို ပြန်ပြုံးပြလိုက်ပြီးမှ
"အသက်တွေကြီးလို့ အရွယ်ရောက်လာပြီလေဟာ။ငယ်ငယ်ကနဲ့ ဘယ်လိုလုပ်ပြီးတော့ တူတော့မှာလဲ။နင်တောင်မှ ပြောင်းလဲသွားတာဘဲဟာကို"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိဟာ လင်းယောင်၏စကားကို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ပြီးမှ
"ဒါနဲ့ နင်က ဘယ်လိုဖြစ်ပြီးတော့ စင်ပေါ်ကနေ ငါတို့ကိုလှမ်းခေါ်ရတာလဲ။ ဒီတိုင်းဘဲ လာခေါ်လိုက်ရင် ရနေတဲ့ဟာကို"
ထိုအခါ လင်းယောင်က သူ့ခေါင်းကိုသူကုတ်လျက် ရှက်ပြုံးလေးဖြင့်
"အဲ့တုန်းက လူအုပ်ကြီးက အရမ်းထူတော့ နင်တို့ဆီကို ရောက်ဖို့ကမလွယ်ဘူးဟ။ ပြီးတော့ ဒီတစ်ခေါက်တွေ့ပြီးရင် အနာဂတ်မှာ ဘယ်အချိန်ပြန်တွေ့ရတော့မယ်ဆိုတာကို ဘယ်သူသိမှာလဲ။ ဒါ့ကြောင့် ကြံမိကြံရာလုပ်ရင်း စင်ပေါ်က မိုက်ခရိုဖုန်းနဲ့လှမ်းခေါ်လိုက်ရတာ"
ဟု ရှင်းပြလိုက်သည်။
ထိုရှင်းပြချက်ကြောင့် ယွမ်ရိရင်ထဲ ခံစားသွားရသည်။
တစ်ခဏကြာမှ ယွမ်ရိက
"တကယ်တော့ ရှောင်ကျဲက ပညာရေးဌာနမှာ အလုပ်လုပ်နေတာဟ။ ဟောပြောတြ့သူတွေထဲမှာ နင့်နာမည်ကို မြင်လို့ရှိရင်လည်း သူက ငါ့ဆီ အကြောင်းကြားမှာပါ"
ဟု ပြောလိုက်သည်။
လင်းယောင်လည်း ယွမ်ရိ၏မျက်ဝန်းထဲကိုစိုက်ကြည့်လိုက်ပြီး
"အဲ့အခါကျရင်ရော နင်က ငါ့ကိုလာရှာမှာလား"
ဟု မေးလိုက်၏။
ယွမ်ရိလည်း ခဏမျှစဉ်းစားပြီးမှ
"အင်း၊ လာရှာလောက်ပါတယ်"
ဟု မရေမရာသော အဖြေကိုသာ ပြန်ပေးလိုက်သည်။
ပြီးမှ သူမက ပြုံးလိုက်ပြီး
"ဘာပဲဖြစ်ဖြစ် အခု နင်က ပညာတက်ပြီးဖြစ်လို့ ဟောပြောပွဲတွေမှာတောင် မိန့်ခွန်းတွေ ပြောနေရပြီဘဲ။ ဒီအကြောင်းတွေကို တောင်ပေါ်ပြန်ရောက်မှကြွားလုံးထုတ်ကစ်ဦးမယ်"
ဟု ပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
ယွမ်ရိစကားကြောင့် လင်းယောင်ခဗျာ သွားဖြူဖြူလေးများပေါ်သည်အထိ ရယ်မောမိသွားပြီး
"အဲ့လောက်ကြီးလဲ မဟုတ်ပါဘူးဗျာ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိကတော့ လင်းယောင်၏အပြုံးအောက်တွင် ဖမ်းစားခံလိုက်ရကာ တမေ့တမြောငေးမောနေရတော့သည်။ သူမစိတ်ထဲတွင်လည်း
'ဒီလိုအပြုံးလေးကို မြင်မှဘဲ ငယ်ငယ်က လင်းယောင်နဲ့ ပြန်ဆက်စပ်မိတော့တယ်'
ဟု ရေရွတ်မိလိုက်သည်။
စကားအနည်းငယ် ပြောပြီးချိန်မှာဘဲ မှာယူထားသော စားစရာများရောက်ရှိလာတော့သည်။ ဒါ့ကြောင့် လူငါးယောက်ဟာ စားရင်းသောက်ရင်းဖြင့် အရင်တုန်းက အကြောင်းများကို ပြန်ပြောကြတော့သည်။
လင်းယောင် ဖြတ်သန်းခဲ့ရသည့် ဘဝက ရိုးရှင်းလှပေသည်။ ဖန်းမင်းကျေးရွာကနေ မြို့ကိုပြန်ရောက််တော့ သူက ကျောင်းဆက်တက်ခဲ့သည်။
သိပ်မကြာခင်မှာဘဲ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်စတော့မည်ဟူသော သတင်းအား ကြားရသဖြင့် ထိုစာမေးပွဲအတွက် သေချာပြင်ဆင်ခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကြီး စတင်သည့်အခါ လင်းယောင်ဟာ ကြိုတင်ပြင်ဆင်ထားမှုကြောင့် ပထမတစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့၏။
တက္ကသိုလ်ကို ရောက်သည့်အခါမှာလည်း သူဟာ သင်သမျှကို ကြိုးကြိုးစာစားဖြင့် လေ့လာသင်ယူခဲ့သည်။ သူဟာ သိပ္ပံပညာရပ်ကို အထူးစိတ်ဝင်းစားဖြင့် အထူးလေ့လာခဲ့သည်။
ဒါ့ကြောင့် နည်းပြတွေ၊ ဆရာတွေကလည်း သူ့ကိုနှစ်ခြိုက်သဘောကျကြကာ အချို့သော အသေးစားသုတေသနများတွင် ပါဝင်ခွင့်ပြုခဲ့ကြသည်။ ထိုမှတဆင့် သူ၏ကြိုးစားမှုကြောင့် ထိပ်တန်းသုတေသနများတွင်ပါ ပါဝင်ခွင့်ရရှိခဲ့တော့သည်။
တက္ကသိုလ် ပြီးသည့်နောက်မှာ လင်းယောင်ဟာ သုတေသနဌာနတွင် အလုပ်ဝင်လုပ်ခဲ့တော့သည်။
ယွမ်ရိကလည်း သူမတို့အကြောင်းအား အကျဉ်းချုံးလျက် လင်းယောင်ကို ပြောပြခဲ့၏။
"ငါနဲ့ယွမ်ကျဲတို့ ဖန်းမင်းတောင်ကနေ ဆင်းလာတော့ အဖေတို့ဆီမှာဘဲ ကျောင်းဆက်တက်ခဲ့ကြတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း ဝင်ဖြေခဲ့ကြပြီး တက္ကသိုလ်ဆက်တက်ဖို့အတွက် ပေကျင်းကိုရောက်လာခဲ့ကြတာ။ အခုတော့ ပေကျင်းမှာဘဲ အလုပ်လုပ်ရင်း အခြေချနေသလိုဖြစ်သွားတယ်"
"အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ"
လင်းယောင်က မေးလိုက်သည်။
ယွမ်ရိက
"အခုတော့ ကိုယ့်လုပ်ငန်းနဲ့ကိုယ် တနိုင်တပိုင်လုပ်နေတယ်"
ဟု ပြန်ဖြေလိုက်၏။
ယွမ်ရိအဖြေကြောင့် လင်းယောင် အံ့အားသင့်သွားပြီး
"တက္ကသိုလ်ပြီးတဲ့နောက် အစိုးရက ပေးတဲ့အလုပ် မလုပ်ဘူးလား"
ဟု ထပ်မေးလိုက်သည်။
"အဲ့တာကို တစ်နှစ်ကျော်,ကျော်လောက် လုပ်လိုက်သေးတယ်။ နောက်ပိုင်းမှ အလုပ်ထွက်လိုက်တာ"
ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။
"ဒါဆိုရင် အခု နင်တို့က ဘယ်မှာနေကြတာလဲ"
လင်းယောင်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။
"မြို့စွန်ဘက်ပိုင်းမှာ။ မြို့အတွင်းပိုင်းမှာလည်း အိမ်ဝယ်ထားသေးတယ်"
ဟု ယွမ်ရိက ပြောလိုက်သည်။
"ဒါနဲ့ နင်တို့မိသားစုအကုန်လုံး ပေကျင်းကိုပြောင်းလာကြတာလား"
လင်းယောင်က မေးလိုက်ပြန်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်ဟ။ တောင်ပေါ်မှာနေလည်း လုပ်ကိုင်စားသောက်ရတာ ခက်ခဲတယ်လေ။ ဒါ့ကြောင့် မိသားစုဝင်တွေ အကုန်လုံးနီးပါး ပေကျင်းကို ခေါ်လာလိုက်တာ"
"အိမ်လိပ်စာလေး ပြောဦးဟ။ မြို့စွန်က အိမ်ရော။အတွင်းပိုင်းက အိမ်ကိုရော နှစ်ခုလုံးပေး"
ဟု ပြောကာ လင်းယောင်က ယွမ်ရိ၏လိပ်စာကိုတောင်းလိုက်သည်။
ယွမ်ရိလည်း သူမ၏အိမ်လိပ်စာများကို လင်းယောင်အား သေချာပြောပြလိုက်၏။
ယွမ်ရိနဲ့လင်းယောင်တို့ စကားကောင်းနေကြစဉ်တွင် ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ ယွမ်ဟောင်ဘင်းတို့ကတော့ စားစရာသောက်စရာများကိုသာ တိတ်တိတ်လေးစားသောက်နေခဲ့ကြသည်။
စားသောက်ပြီးကြသည့်နောက် လင်းယောင်က သူ့အိတ်အတွင်းမှ လေးထောင့်ကတ်လေးကို ထုတ်ပြီး ယွမ်ရိကိုပေးလိုက်ကာ
"ဒါက ငါ့ရဲ့လိပ်စာကတ်။ အဲ့ထဲမှ ငါ့ရဲ့ရုံးဖုန်းလည်းပါတယ်။ တစ်ခုခု အကူအညီလိုရင် ငါ့ဆီလှမ်းဆက်လိုက်နော်"
ဟု ပြောလိုက်သည်။
"ကောင်းပြီ၊ နင့်ဆီ ဖုန်းလှမ်းဆက်လိုက်ပါ့မယ်"
ယွမ်ရိက လင်းယောင်ပေးသော လိပ်စာကတ်ကို ယူရင်းပြောလိုက်သည်။
ယွမ်ရိက သူ့ရဲ့လိပ်စာကတ်ကို ယူလိုက်တာကြောင့် လင်းယောင်လည်း ဝမ်းသာအားရဖြစ်ကာ ပြုံးပြလိုက်သည်။
ညစာစားပြီးသည့်နောက် ယွမ်ရိတို့တတွေဟာ စားသောက်ဆိုင်ကနေ ထွက်လာခဲ့ကြသည်။
သူမက လင်းယောင်ကိုကြည့်လျက်
"ဒီတစ်ခေါက်က နင်ကျွေးတာဆိုတော့ နောက်တစ်ခေါက်ကျရင် ငါပြန်ကျွေးမယ်နော်"
ဟု ပြောလိုက်၏။
"အချင်းချင်းတွေကြား အဲ့တာတွေ မလိုပါဘူးဟာ"
လင်းယောင်က ခေါင်းယမ်းလျက် ပြန်ပြောလိုက်သည်။
ယွမ်ရိလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ မှောင်နေပြီဆိုတာကို သတိထားမိလိုက်ပြီး
"ကဲ။ အဲ့တာဆို ငါတို့ ပြန်တော့မယ်။ နောက်မှထပ်တွေ့ကြရအောင်"
"အေးပါ"
လင်းယောင်က ပြန်ပြောလိုက်သည်။
ယွမ်ရိလည်း လင်းယောင်အား လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်ပြီး ယွမ်ချူးရွယ်တို့သုံးယောက်ကို ခေါ်၍ထွက်လာခဲ့တော့သည်။
လင်းယောင်ကတော့ ယွမ်ရိတို့ သူ့မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးမောရင်းကျန်ရစ်တော့သည်။
ယွမ်ရိဟာ ဒီနေ့ညမှာလည်း အိမ်မပြန်တော့ဘဲ ယွမ်ဟောင်ဂျန်တို့ကိုခေါ်လျက် ယွမ်ကျဲ၏အိမ်ကို ဦးတည်သွားကြသည်။
ယွမ်ကျဲ၏အိမ်ကိုရောက်တော့ အိမ်တံခါးကို ယွမ်ရိက ခေါက်လိုက်၏။ မကြာခင်မှာဘဲ ယွမ်ကျဲက အိမ်တံခါးကို လာဖွင့်ပေးတော့သည်။
ယွမ်ကျဲကိုမြင်တော့ ယွမ်ရိလည်း ပြုံးပြလိုက်ပြီး
"ဒီနေ့ညလည်း ဒီမှာဘဲ အိပ်ဦးမယ်နော်"
ဟု တောင်းဆိုလိုက်သည်။
"ရပါ့တော်"
ယွမ်ကျဲက ပြုံးလိုက်ပြီး
"အမသာနေချင်သပဆိုရင် ကျွန်မအိမ်မှာဘဲ တစ်သက်လုံး နေလည်းရပါသတဲ့ရှင်။ လာကြ အိမ်ထဲကို မြန်မြန်ဝင်ခဲ့ကြ"
ဟု ပြန်ပြောလိုက်သည်။
ဒီနေ့ညတွက် တာဝန်ချိန်မရှိသဖြင့် ချန်းဝေ့တုန်းလည်း အိမ်မှာရှိနေ၏။ ယွမ်ရိတို့ အိမ်ထဲကိုဝင်လာတော့ ချန်းဝေ့တုန်းက နှုတ်ဆက်လိုက်သည်။
ယွမ်ရိကလည်း ချန်းဝေ့တုန်းအား ခေါင်းညိတ်လျက် ပြန်နှုတ်ဆက်လိုက်သည်။ ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့ကလည်း ချန်းဝေ့တုန်းအား
"ယောက်ဖ"
ဟု ခေါ်လျက် ပြန်နှုတ်ဆက်လိုက်ကြ၏။
ယွမ်ကျဲကတော့ အိမ်ထဲကို ယွမ်ရိတို့ဝင်လာတာနဲ့ ယွမ်ရိလက်ကိုဆွဲလျက် အခန်းထဲကို အမြန်ခေါ်သွားလိုက်သည်။
အခန်းထဲကိုရောက်တော့ စိတ်လှုပ်ရှားနေဟန်ဖြင့်
"အမ၊ လင်းယောင်နဲ့ စကားပြောခဲ့ရတာ ဘယ်လိုအခြေအနေရှိလဲ"
ဟု မေးလိုက်သည်။
ယွမ်ရိဟာ ရေတစ်ခွက်ကို အရင်သောက်လိုက်ပြီးမှ
"အချိန်အကြာကြီး ခွဲခွာပြီးမှ ပထမဆုံးပြန်တွေ့တဲ့အချိန်မို့လို့လားတော့ မသိဘူး။ စကားပြောရတာ နည်းနည်းတော့ ထောက်နေသေးတယ်။ ငါတို့ အတိတ်တုန်းက အကြောင်းတွေကို ပြန်ပြောခဲ့ကြတယ်။ ငါ့ရဲ့အိမ်လိပ်စာလည်း သူ့ကိုပေးခဲ့တယ်။ သူကလည်း သူ့ရဲ့လိပ်စာကတ်နဲ့ ဆက်သွယ်လို့ရမယ့် ရုံးဖုန်းနံပါတ်ကို ပြန်ပေးခဲ့တယ်"
ယွမ်ကျဲက
"အမ၊ မသိလို့နော်။ နေ့လယ်တုန်းက လင်းယောင်က အမနာမည်ကို မိုက်ခရိုဖုန်းကနေ တဆင့် အော်လိုက်တာလေ။ ဒါ့ကြောင့် ညီမတို့ဌာနထဲကမိန်းကလေးအများစုက အမကို မနာလိုနေကြတယ်"
ယွမ်ရိလည်း ယွမ်ကျဲကို အံ့အားတကြီး ကြည့်လိုက်ပြီး
"အဲ့လောက်တောင်ဘဲလား"
ဟု မေးလိုက်သည်။
ယွမ်ကျဲက ခေါင်းညိတ်ကာ
"အမရဲ့နာမည်က ချက်ချင်းဘဲ လူအများရဲ့အာရုံစိုက်စရာ ဖြစ်လာတော့တာဘဲ"
ယွမ်ရိလည်း ပြုံးလိုက်ပြီး
"အဲ့တာကလည်း လင်းယောင်ကြောင့်ဘဲလေ။"
ဟု ပြန်ပြောလိုက်၏။
ပြီးမှ သူမက ဆက်လက်ပြီး
"လင်းယောင်အနေနဲ့ ငါ့အပေါ်မှာ ခင်မင်နေဦးမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး။ ဘာလို့လည်းဆိုတော့ မတွေ့ရတာ နှစ်တွေကြာနေပြီကိုး"
ဟု ရေရွတ်လိုက်သည်။
ယွမ်ကျဲက ခဏမျှစဉ်းစားပြီးမှ
"အမက အရင်တုန်းက လင်းယောင်အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တော့ အချိန်တွေ ဘယ်လောက်ဘဲကြာကြာ သူကလည်း မှတ်မိနေတာဖြစ်မှာပေါ့"
ဟု သူမ ထင်မြင်ချက်ကို ပြောလိုက်တော့သည်။
ယွမ်ရိဟာ လင်းယောင်ဘဝရဲ့အလိုအပ်ဆုံးချိန်များတွင် နွေးနွေးထွေးထွေး ဂရုစိုက် အဖော်ပြုပေးခဲ့ခြင်းပင်။ ဆောင်းတွင်းမှာ လာပေးသော အနွေးဓာတ်ဟာ တန်ဖိုးအကြီးဆုံး ဆိုသလိုပင် လင်းယောင်အနေနဲ့ ယွမ်ရိအား အချိန်တွေကြာသွားသည်တောင်မှ ခင်မင်နေသေးသည်က မထူးဆန်းတော့ချေ။
ညီအမနှစ်ယောက်ဟာ အချိန်အတော်ကြာအောင် စကားတွေ ပြောဆိုနေခဲ့သည်။
ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ ယွမ်ဟောင်ဘင်းတို့ကတော့ ချန်းဝေ့တုန်းနဲ့အတူတူ ရုပ်ရှင်ကြည့်ကြသည်။
နည်းနည်းလေး မိုးချုပ်လာသည့်အခါမှာတော့ သူတို့တွေဟာ အိပ်ရာဝင်ခဲ့ကြတော့သည်။
ဒီနေ့ညမှာ ချန်းဝေ့တုန်းရောရှိနေသဖြင့် ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဘဲ တစ်ခန်းတည်း အတူတူအိပ်လိုက်ရတော့သည်။
မနက်ခင်း၏ နေမင်းအလင်းတန်းများဟာ ထက်ကောင်းကင်အာကာယံမှ မြေကမ္ဘာပေါ်သို့ ဖြာကျလို့နေသည်။
မနက်စာ စားပြီးဟည့်နောက်မှာ လင်းယောင်ဟာ အလုပ်ကိုသွားကာ သူ့နေရာတွင် အလုပ်လုပ်ရန်အတွက် ထိုင်လိုက်သည်။
ထိုင်ခုံပေါ်တွင် ဖင်ပူအောင်မထိုင်ရသေးခင်မှာဘဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ လင်းယောင်အနားကို ရောက်လာပြီး
"ရှောင်ရိရေ၊ ငါက လင်းယောင်ပါ"
ဟု ပြုံးစိစိဖြင့် ပြောလျက် စနောက်လိုက်သည်။
လင်းယောင် : "........."
လင်းယောင်၏ကြောင်အသွားသည့် အမူအရာကြောင့် လုပ်ဖော်ကိုင်ဖက်လည်း တစ်ချက်ရယ်လိုက်ပြီး
"မင်းစိတ်ထဲမှာ သုတေသနအလုပ်တွေနဲ့ဘဲ ပြည့်နေမယ်ထင်ထားတာ။ မထင်မှတ်ထားဘဲ ကောင်မလေးတစ်ယောက်ပါ ရှိနေသေးတာဘဲ။ ရှောင်ရိဆိုတာ ဘယ်သူလဲ။ ပြောစမ်းပါဦးဟ"
လင်းယောင်ကတော့ သူ့လုပ်ဖော်ကိုင်ဖက်အား မနိုင်ဘူးဆိုသော ပုံစံဖြင့် ဘာမျှမပြောတော့ဘဲ တိတ်တိတ်လေးနေလိုက်သည်။
ထိုအချိန်မှာဘဲ နောက်ထပ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က
"လင်းယောင်ရေ၊ ငါက ဌာနမှူးပါ။ ဓာတ်ခွဲခန်းဘက်ကို ခဏလာပါဦး"
ဟု မနေ့ နေ့လယ်က လင်းယောင်ပြောခဲ့သည့်စကားအတိုင်းပြောလျက် စနောက်လိုက်သည်။
ထိုစနောက်မှုကြောင့် သုတေသနဌာနတစ်ခုလုံး ရယ်မောသံများဖြင့် ညံသွားကြတော့သည်။
လင်းယောင် : "................"