အပိုင်း - ၁၁၉
ဆေးခန်းမှာ လေးနာရီကြာအောင် စောင့်ဆိုင်းပြီးသည့်နောက် ယွမ်ရိတို့အတွက် ဆေးစစ်ချက်ရလဒ်တွေ ထွက်ပေါ်လာတော့သည်။ ယွမ်ရိလည်းစစ်ဆေးချက် ရလဒ်စာရွက်ကိုယူကာ အပြင်လူနာကြည့်ဆောင်ကို ထွက်လာခဲ့လိုက်လေသည်။
ဆရာဝန်က စာရွက်ကိုကြည့်ကာ ပြောလာလေ၏။ "ဂုဏ်ယူပါတယ်ဗျာ။ မိန်းကလေးမှာ ရင်သွေးလေးရှိနေပါပြီ"
ရာသီလာတဲ့အချိန်တွေ ကြည့်ပြီးကတည်းက ကိုယ်ဝန်ရှိတာ ဖြစ်နိုင်တယ်ထင်ခဲ့ပေမဲ့ အခုကြားလိုက်ရတာတောင် နှစ်ယောက်သား မသိလိုက်ပဲ ရင်တုန်နေကြသေးသည်။ ဆေးရုံသွားကာ သွေးနမူနာယူပြီး စစ်ဆေးနေကတည်းက နည်းနည်းတော့ကြောက်နေခဲ့ကြသည်ပင်။
နောက်ဆုံးတော့ ဆရာဝန်ဆီကနေ သေချာကြောင်းပြောလာတာလည်းကြားရော နှစ်ယောက်သားနှလုံးခုန်သံက ထပ်တူကျနေတော့သည်။ တစ်ပါတည်း ပျော်ရွှင်ကြည်နူးမှုက ရင်ဘတ်ထဲလှိုက်ကနဲပင်။
အပြင်လူနာဆောင်က ထွက်လာပြီးတာနှင့် ကားထဲရောက်မှ ယွမ်ရိက ပြောလာလေသည်။ "ဒါ ဟိုရေပူစမ်းမှာတုန်းကတည်းကဟာ ဖြစ်မယ်"
လင်းယောင်က ပြန်တော့ဖြေမလာပေမဲ့ ကားမောင်းသူနေရာမှာထိုင်ကာ ပြုံးနေလေသည်။ ပါးစပ်ထောင့်စွန်းကအပြုံးက အခုထိကို မကျသွားပေ။
ယွမ်ရိ သူ့ကို လှမ်းကြည့်လာကာ "ဘာတွေ ရယ်နေတာတုန်း?"
မေးနေရင်း သူမပါ တစ်ပါတည်း လိုက်ရယ်မိလာပြန်သည်။
တကယ်တော့ ဒါမေးစရာမလို နှစ်ယောက်သားခံစားချက်တွေက ထပ်တူညီနေကျတာမလို့ သိနေကြလေသည်။
နှစ်ယောက်လုံးက ဒီအရာကို အဲ့လောက်ထိ သေချာဂရုတစိုက်မရှိပေမဲ့ အနာဂတ်မှာတော့ ကလေးယူဖို့တွေးထားတဲ့လူများဖြစ်ရာ အခုလည်း တကယ် ကိုယ်ဝန်ရှိနေပါပြီလည်းဆိုရော ပျော်ရွှင်မှုက အတိုင်းထက်အလွန်ပင်။ ကိုယ့်ကိုယ်ကိုယ် ခံစားချက်တွေတောင် မထိန်းနိုင်တော့သည်မှာ ပုံမှန်လိုပင်။
ထိုနေ့ကစပြီး နေ့ရက်တိုင်းလိုလို အံ့ဩစရာတွေကတော့ ပြည့်နှက်နေလောက်တော့မည်။
နှစ်ယောက်သား ကားထဲမှာ အတန်ကြာ ရယ်မောနေကြလေသည်။
ညစာချက်ရန်အတွက် အများကြီးဝယ်လာခဲ့ကာ အိမ်ပြန်ရောက်တော့ အချိန်ကလည်း ကွက်တိပင်။
လင်းယောင်က ယွမ်ရိကို အနားယူဖို့ပြောကာ သူကိုယ်တိုင်ဆေးကြောကာ ချက်ပြုတ်ဖို့ပြင်ဆင်နေလိုက်လေသည်။
သေချာပေါက် ယွမ်ရိတစ်ယောက် လှဲလျောင်းမနေပဲ မီးဖိုချောင်ထဲဝင်ကာ လင်းယောင်ချက်တာကို ကြည့်နေလိုက်လေသည်။
လင်းယောင်ချက်နေရင်း ယွမ်ရိနဲ့စကားပြောကာ "မ ကလေးထိန်းတစ်ယောက် ငှားချင်သေးလား?"
သူတို့တွေ အိမ်မှာလူစိမ်းတစ်ယောက်ရှိနေတာ မကြိုက်လို့အိမ်ဖော်တောင် မငှားဖူးပေ။ အခုတော့ ယွမ်ရိလည်း ကိုယ်ဝန်ရှိနေပြီဖြစ်တာကြောင့် ဂရုစိုက်ဖို့က လိုလာပြီဖြစ်သည့်အပြင် လင်းယောင်ဆိုတာလည်း အလုပ်က တစ်ခါတလေ ရှုပ်တတ်တာကြောင့် သူအိမ်မှာမရှိနေတဲ့အချိန်တွေ အဲ့လောက် စိတ်ချနိုင်မှာမဟုတ်ပေ။
ယွမ်ရိလည်း စဉ်းစားကြည့်လိုက်ကာ ထိုအကြံကလည်း မဆိုးတာကြောင့် ခေါင်းညိတ်ကာ ပြောလာလေသည်။ "အိုခေ၊ အန်တီသုံးနဲ့ဦးလေးငါးတို့တုန်းကလည်း သူတို့မိဘတွေအတွက် အကူရှာခဲ့ဖူးသေးတာပဲဆိုတော့။ မ တို့လည်း တစ်ယောက်တော့ရှာကြည့်ကြတာပေါ့"
ခဏလောက် စကားပြောပြီးတာနှင့် နှစ်ယောက်သားလမ်းကြားလေးထဲ လမ်းလျှောက်ဖို့ထွက်လာခဲ့ကြလေသည်။
အခု သူမဗိုက်ထဲ နောက်ထပ် သက်ရှိလေးတစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိက သူမကိုမသိလိုက်ပဲ ဗိုက်ကလေးကိုသာ ပွတ်နေမိစေလေသည်။
နှစ်ပေါင်းများစွာ အလုပ်ကြိုးစားလာပြီးနောက်မှာတော့ အခုမှ ဘဝကြီးက နှေးကွေးစွာကုန်ဆုံးနေရတာလည်း ကောင်းသလိုပင်။
လက်ကိုင်ကာ လမ်းကြားလေးထဲ လျှောက်နေရင်း တွေးမိတာက သူဘာတွေပဲလုပ်မိလုပ်မိ ကြောက်ရွံ့ခြင်းလည်း မရှိတော့သလို အရာရာတိုင်းက နှေးကွေးစွာ ကုန်ဆုံးနေကြသလိုပင်။ နေမင်းကြီးက နှေးကွေးစွာထွက်လာပြီး ပြန်ဝင်သွားတတ်ပြီး နေ့ရက်တွေကလည်း နှေးကွေးစွာပင် ကုန်ဆုံးနေကြလေသည်။
လမ်းလျှောက်ပြီးအပြန်မှာတော့ ဆေးကြောပြီးအိပ်ယာဝင်ခဲ့ကြလေသည်။
မအိပ်ခင်လေး လင်းယောင်ကိုမှီကာ တီဗီကြည့်နေရင်း "ဒါနဲ့ ကိုယ်ဝန်ရှိနေပြီဆို အန်ကြတယ်မဟုတ်ဘူးလား? အဲ့ဒါကို ချစ် ဘာလို့ မအန်သေးတာပါလိမ့်?"
သူမသာ ရာသီလာတဲ့ရက်ကို မှတ်မထားမိရင် ကိုယ်ဝန်ရှိနေပြီဆိုတာ တွေးမိမှာတောင် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နည်းနည်းလေးပင်ပန်းနေတယ် ခံစားရတာကလွဲလို့ သူမကိုယ်တိုင်ကလည်း အချိန်ပြည့်အိပ်ချင်နေတတ်ကာ တခြားလည်း အထူးတလည် ခံစားချက်မရှိပေ။
"အဲ့ဒါ ကောင်းတာ မဟုတ်ဘူးလား?"
ယွမ်ရိလည်း ဒါကောင်းတယ်လို့ပဲ ထင်လိုက်လေသည်။ ရလဒ်ကတော့ နောက်တစ်နေ့မနက် သူမအိပ်ယာထပြီး သွားတိုက်နေတုန်း ပျို့တက်လာတော့သည်။ ဘေစင်နားနေကာ အန်တာနှစ်ခါတောင်တဲ့။
"...."
ဒီပါးစပ်စုတ်!
သူမကိုယ်ဝန်ရှိနေပေမဲ့ အထူးတလည် အနားယူတာမျိုးမလုပ်ပဲ အလုပ်နေ့တိုင်းသွားကာ အစည်းအဝေးထိုင်ပြီး အဝတ်အစားတွေကို ဒီဇိုင်းဆင်နေတုန်းပင်။
အခုလောလောဆယ်တော့ သူမ နောက်ထပ်နွေဦးပွဲတော်အတွက် ဝတ်စုံတွေလက်ခံထားသလို တစ်ဖက်ကလည်း အဆိုတော်တွေ၊ သရုပ်ဆောင်တွေဆီကနေ အဝတ်လာအပ်သည့် အော်ဒါတွေကိုပါ လက်ခံနေသေးသည်။ အခုဆို သူမ၏လက်ရှိစတူဒီယိုက ပွဲတော်နီးလာသည်နှင့်အမျှ နွေဦးပွဲတော်၏ ဝတ်စုံတွေနှင့်သာ ပြည့်နေတော့သည်။
ကိုယ်ဝန်လွယ်စအချိန်အတွက် သူမခံစားချက်က အဲ့လောက်မဆိုးပေ။ တခြား ဖြစ်လေ့ဖြစ်ထရှိတာတွေကလည်း သိပ်မသိသာပေမဲ့ ဝလာခြင်းနှင့် လေအန်ခြင်းကတော့ တော်တော်သိသာလာလေသည်။
သူမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဲ့လောက်တွန်းအားမပေးပေ။ ပင်ပန်းလာပြီဆိုတာနှင့် အနားယူလိုက်လေသည်။
အခြေတည်နေတဲ့ သုံးလပြီးတဲ့နောက်မှာတော့ ထိုအဆင်မပြေဖြစ်နေတဲ့ အခြေအနေတွေက ပျောက်ကွယ်သွားကြလေတော့သည်။
အခုမှပဲ ကိုယ်ဝန်ဆောင်နေရခြင်း၏ ကြည်နူးမှုလေးကို ပြန်ခံစားလာရလေတော့သည်။ အထူးသဖြင့် ဗိုက်ထဲမှာ ငါးပိစိလေးက ကူးလာခတ်နေသလိုပင်။
"ငါးလေး" သူမဗိုက်ကလေးက ခုဆို ဆူထွက်လာပြီး နှလုံးသားလေးကလည်း ထိုအရာလေးကြောင့်ပင် နွေးထွေးကာ ယားကျိယားကျိပင် ဖြစ်လာတော့သည်။
ဒီအချိန်လေးတွေမှာ သူမအတွက် စံယူစရာတွေများလှကာ ဒီဇိုင်းပုံကြမ်းတွေက ဆွဲသလောက် ထွက်နေတော့သည်။
သူမ၏ ပထမဆုံး ဝတ်စုံဒီဇိုင်းပြပွဲမတိုင်ခင် အကုန်အပြီးသတ်နိုင်ဖို့ စဉ်စားထားလေသည်။
ဆောင်းရာသီကတော့ မြူခိုးငွေ့တွေ ဝေလာနေချေပြီ။
ယွမ်ရိ ကားထဲဝင်လိုက်ကာ လင်းယောင်နှင့်အတူ ဆေးရုံသို့ ပုံမှန်စစ်ဆေးဖို့ ထွက်လာခဲ့လိုက်လေသည်။
ယွမ်ရိကို ခါးပတ်ကူပတ်ပေးလိုက်ကာ ပြောလာလေသည်။ "ကိုယ့်မိဘတွေက ဒီနှစ် နွေဦးပွဲတော် အတူတူလာဆင်နွှဲမယ်တဲ့။ ကိုယ်တို့သာ သွားရင် နှစ်ရက်တည်းနဲ့ ရောက်ပြန်ကြီးဖြစ်နေဦးမှာ"
"သူတို့တွေ ဒီမှာပဲ ပွဲတော်ဆင်နွှဲရတာကို သဘောကျနေကြတဲ့ပုံပဲ"
ဒါပေါ့။ သေချာပေါက် သူတို့တွေ သူမကို ပင်ပန်းခံစေချင်ကြမှာမဟုတ်ပေ။
"ကိုယ်အိုလာရင်လည်း အဲ့လိုလေး တက်ကြွနေချင်လိုက်တာ"
နှစ်ယောက်သား စကားတပြောပြောနှင့် ဆေးရုံသို့မောင်းလာခဲ့လိုက်လေသည်။
ဖောင်ကိုဖြည့်ပြီးတာနှင့် အရောင်ပါသည့် အာထရာဆောင်းပါ ရိုက်လိုက်ကြလေ၏။
ယွမ်ရိ လှဲနေရင်း သူမဗိုက်ကိုပြကာ ဆရာဝန်ကိုမေးကြည့်နေရသည်။
ဆရာဝန်ငယ်ငယ်လေးက သူ့ဗိုက်ကိုကြည့်ရင်း တတွတ်တွတ်နှင့် ရေရွတ်လာတော့သည်။
ဆရာဝန်လေးဖြစ်နေသည်ကိုကြည့်ကာ အခြေအနေများ မကောင်းလို့လားဆိုကာ နှစ်ယောက်လုံးစိတ်ပူလာတော့သည်။ "ဆရာ၊ တစ်ခုခုများ မှားနေလို့လား?"
ဆရာဝန်လေးက နောက်ထပ် သက်ပြင်းချလိုက်ကာ "ဒါ တကယ်ကို ထူးဆန်းတာပဲ။ ဒါ ပထမဆုံးမြင်ဖူးတာပဲ။ ခင်များတို့ကလေးက လက်လေးချောင်း၊ ခြေထောက်လေးချောင်းနဲ့ ခေါင်းကလည်း နှစ်လုံးတောင်"
ကြားကြားချင်း လင်းယောင်နဲ့ယွမ်ရိတို့ စိတ်ပူသွားကြတော့သည်။ ကလေးလေးက ပုံစံမမှန်တာများလား?
သူတို့နှလုံးတွေ အခုန်မြန်နေကာ စိတ်ပူနေတုန်း ဆရာဝန်ကြီးက ဝင်လာလေ၏။
ဆရာဝန်ကြီးက မော်နီတာကို သိချင်စိတ်အပြည့်နှင့် ပြူးပြဲကာကြည့်လာကြလေသည်။ ပြောပါဦး ဘာတဲ့ ခြေထောက်လေးချောင်း၊ လက်လေးချောင်းနဲ့ ခေါင်းနှစ်လုံးဆိုတာ။
ပြီးကာမှ ဘေးက ဆရာဝန်လေးကို ခပ်တည်တည်ကြည့်ကာ ဟန့်လိုက်ရင်း "မင်းတော့ ငါ့ကိုလန့်သေအောင်လုပ်နေတာပဲ၊ ဒါက အမွှာကွ"
ယွမ်ရိ နဲ့ လင်းယောင် : "...."
အဖွားရေ ဒီမှာလည်း သေမလိုပဲ။
ဟမ် နေပါဦး! တွေးလို့မှ မဆုံးခင် ယွမ်ရိနဲ့လင်းယောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ
"ဘာကြီး၊ အမွှာ ဟုတ်လား!!!"
ဟု အံ့ဩတကြီး ပြန်မေးလိုက်ကြတော့သည်။