အပိုင်း - ၉၄.၁
ယွမ်ရိလည်း ပန်းကန်တွေကို ဆေးကြောပြီးသည့်နောက် သူမ၏လွယ်အိတ်ကို သွားယူလျက် ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့သုံးယောက်အား မြို့ထဲ လိုက်ပို့ပေးဖို့ ပြင်ဆင်လိုက်သည်။
ယွမ်ရွယ်နဲ့ယွမ်တပေါင်တို့ကတော့ ငယ်ရွယ်သေးသဖြင့် မြို့ထဲကိုမခေါ်ခဲ့ကြတော့ပေ။
ထို့နောက် မောင်နှမလေးယောက်ဟာ စက်ဘီးနှစ်စီးဖြင့် အိမ်ကနေထွက်ခဲ့ကြတော့သည်။ တစ်စီးကိုတော့ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ စီးကြပြီး ကျန်တစ်စီးကိုတော့ ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့က စီးကြသည်။
စက်ဘီးစီးနေရင်းဖြင့် ယွမ်ချူးရွယ်က ယွမ်ရိ၏ခါးကိုဖက်ထားပြီး
"အမ၊ ငယ်ငယ်တုန်းက တတိယအဒေါ်အကြောင်းမေးတဲ့အခါ တတိယအဒေါ်က ကွာရှင်းထားခဲ့တာမို့လို့ အသေးစိတ်မပြောပြခဲ့တာလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အဲ့ဒီတုန်းက နင်ကလည်း ငယ်သေးတယ်လေ။ ဒီတော့ အဖြစ်အပျက်တွေကို နားလည်နိုင်မယ့်အရွယ်မရောက်သေးဘူး။ ဒါ့ကြောင့်မို့ ဒေါ်လေးအကြောင်းကို အသေးစိတ်မပြောပြခဲ့တာ"
ဟု ပြန်ဖြေပေးလိုက်သည်။
ယွမ်ချူးရွယ်လည်း အသက်ကို ခပ်ပြင်းပြင်းလေးရှူပြီးသည့်နောက်
"အင်း၊ တတိယအဒေါ်လည်း အများကြီးခံစားခဲ့ရမှာဘဲ။ ဘာပဲဖြစ်ဖြစ်ပါလေ အခုချိန်မှာ တတိယအဒေါ်ကိုကြည့်ရတာ စိတ်ရောကိုယ်ပါ ပျော်ရွှင်ချမ်းသာနေရပြီဘဲ"
ဟု ရေရွတ်လိုက်သည်။
ယွမ်ရိကလည်း ခေါင်းညိတ်လိုက်ပြီး
"အင်း။ စဉ်းစားကြည့်မှ ဘဝက အခက်အခဲတွေ့ဖူးမှ အောင်မြင်သလိုချည်းနော်။ ဒါ့ကြောင့် ချူးရွယ် နင်လည်း သေချာကြိုးစားရမယ်နော်"
ဟု ဆုံးမလိုက်သည်။
ယွမ်ချူးရွယ်လည်း နောက်ကနေ ခေါင်းညိတ်ပြလိုက်၏။
သူတို့မောင်နှမလေးယောက်ဟာ နေ့လယ်ခင်းကိုရောက်သည်အထိ မြို့ထဲမှာ စက်ဘီးပတ်စီးခဲ့ကြသည်။
နေ့လယ်ခင်းကိုရောက်တော့ ယွမ်ရိက ယွမ်ချူးရွယ်တို့အား နေ့လယ်စာကျွေးရန်အတွက် စားသောက်ဆိုင်တစ်ဆိုင်ကို ခေါ်သွားလိုက်သည်။
ဤတစ်ကြိမ်မှာ ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့အတွက် ပေကျင်းကိုရောက်ဖူးသည့် ပထမဆုံးအတွေ့အကြုံဖြစ်သည်။ ဒါ့ကြောင့် ယွမ်ရိအနေနဲ့ သူ့မောင်နှမသုံးယောက်ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဖို့ ဆုံးဖြတ်ထား၏။
စားသောက်ဆိုင်ထဲကိုရောက်တော့ ယွမ်ရိက မီးနူးစာအုပ်ကို ယွမ်ချူးရွယ်တို့ရှေ့ တိုးပေးလိုက်ပြီး
"ကြိုက်တာ မှာစားကြနော်"
ဟု ပြောလိုက်သည်။
"ဒါဆိုရင် အားမနာတော့ဘူးနော်"
ယွမ်ဟောင်ဂျန်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
ထိုအခါ ယွမ်ရိလည်း ယွမ်ဟောင်ဂျန်အား မျက်စောင်းလေးအသာထိုးလိုက်ကာ
"နင်က ဘယ်တုန်းကများ အားနာတတ်ဖူးလို့လဲ"
ဟု ခွန်းတုံ့ပြန်လိုက်သည်။
ထို့နောက် မောင်နှမလေးယောက်လုံး တဟီးဟီးတဟားဟားဖြင့် ရယ်မောရင်း ပွဲကျကုန်တော့သည်။
ယွမ်ချူးရွယ်တို့ဟာ မီနူးစာအုပ်ကိုကြည့်ပြီးသည့်နောက် သူမတို့ စားချင်သောအရာများကို မှာယူစားသောက်လိုက်ကြတော့သည်။
မူလက ယွမ်ရိဟာ ယွမ်ချူးရွယ်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ သုံးယောက်အား နေ့လယ်စာ စားပြီးသည့်နောက်တွင် ပေကျင်းမြို့၏ အထင်ကရပန်းခြံကို အလည်လိုက်ပို့ပေးရန် စီစဉ်ထားခဲ့သည်။
ဒါပေမယ့် နေ့လယ်စာ စားပြီးသည့်နောက် နေကလည်း အရမ်းပူနေသဖြင့် အစီအစဉ်ပြောင်းလိုက်ရတော့သည်။
ဒါ့ကြောင့် ယွမ်ရိဟာ ယွမ်ချူးရွယ်တို့သုံးယောက်အား အဖွားကျောင်း၏အိမ်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။
လွန်ခဲ့သည့် နှစ်တွေအတွင်း ယွမ်ရိဟာ အော်ဒါတင်သောအထည်များကို မချုပ်တော့ဘဲ အသင့်ရောင်းချဖို့အတွက်ဘဲ ချုပ်ခဲ့သည်။ ဒါပေမယ့် အရင်ကတည်းက သူမထံမှာ ချုပ်နေကျ အမာခံဖောက်သည်များအတွက်ဆိုလျှင်တော့ ယွမ်ရိကချုပ်ပေးနေပါသေးသည်။ သူမ၏အမာခံဖောက်သည်များထဲတွင် အဖွားကျောင်းဟာလည်း ထိပ်ဆုံးကနေပါ၏။
အဖွားကျောင်းအိမ်ရှေ့ကိုရောက်တော့ ယွမ်ရိတို့လည်း စက်ဘီးကိုရပ်လိုက်ပြီး
"အဖွားကျောင်းရှိလား"
ဟု အော်မေးလိုက်သည်။
"အေးရှိတယ်။ ဝင်ခဲ့ကြလေ"
အတွင်းမှ အဖွားကျောင်း၏အသံ ပျံ့လွင့်လာခဲ့သည်။
ဒါ့ကြောင့် ယွမ်ရိလည်း ယွမ်ချူးရွယ်တို့သုံးယောက်ကိုခေါ်ပြီး အဖွားကျောင်း၏အိမ်ထဲကိုဝင်လာခဲ့လိုက်ကြသည်။
အိမ်ထဲကိုရောက်တော့ ထိုင်ခုံပေါ်မှာထိုင်ရင်း အနားယူနေဟန်ရသည့် အဖွားကျောင်းကို ယွမ်ရိမြင်လိုက်ရကာ
"အဖွား သမီးပါ"
ဟု အသိပေးလိုက်သည်။
ထိုအခါမှ အဖွားကျောင်းလည်း အမှတ်ရသွာပြီး
"ဪ၊ ရှောင်ရိကိုးးး"
ဟု ပြောလိုက်တော့သည်။
ထို့နောက် အဖွားကျောင်းက ယွမ်ရိနောက်မှ ယွမ်ချူးရွယ်တို့ကိုကြည့်ပြီး
"ဒါနဲ့ သူတို့သုံးယောက်ကရော ဘယ်သူတွေလဲကွဲ့"
ဟု မေးလိုက်သည်။
ယွမ်ရိက ပြုံးလိုက်ပြီး
"သူတို့က သမီးရဲ့မောင်နှမတွေပါ။ ပေကျင်းကိုအလည်လာကြတာလေ"
ဟု ပြန်ဖြေလိုက်သည်။
"အေးကွယ်"
အဖွားကျောင်းက ခေါင်းတညိတ်ညိတ်ဖြင့်
"ထိုင်ကြဦး။ မတ်တတ်ကြီးတွေ ရပ်မနေကြနဲ့"
ဟု ပြောလိုက်သည်။
ယွမ်ရိက အဖွားကျောင်းအိမ်မှာ အချိန်အကြာကြီးနေဖို့ အစီအစဉ်မရှိ၍ ခေါင်းယမ်းကာ
"မထိုင်တော့ဘူးအဖွား။ သူတို့သုံးယောက်ကို မြို့ထဲလိုက်ပို့ပေးရဦးမှာ။ အခုက အဖွားဟိုတလောကအပ်ထားတဲ့အထည်လေးတွေ ပြီးသွားလို့ လာပေးတာ"
ဟု ပြောရင်း သူမလွယ်အိတ်ထဲမှ အထုပ်တစ်ထုပ်ကို ထုတ်ကာအဖွားကျောင်းထံပေးလိုက်သည်။
"အေးပါ ခဏစောင့်ဦး။ အဖွား ချုပ်ခသွားယူလိုက်ဦးမယ်"
ထိုသို့ ပြောလျက် အဖွားကျောင်းဟာ သူမအခန်းထဲကိုဝင်သွားတော့သည်။
မကြာခင်မှာဘဲ လက်ထဲမှာ ငွေတချို့ယူလျက် ပြန်ရောက်လာကာ ထိုငွေများကို ယွမ်ရိအား ပေးလိုက်သည်။
ယွမ်ရိလည်း အဖွားကျောင်းပေးသောငွေတွေကို ယူပြီးသည့်နောက်
"အဖွား အဲ့တာဆိုရင် သမီးတို့ ပြန်လိုက်ဦးမယ်။ အားတဲ့ရင်ကျမှ အဖွားနဲ့အေးအေးဆေးဆေးစကားလာပြောဦးမယ်နော်"
ဟု ပြောကာနှုတ်ဆင်လိုက်သည်။
ထို့နောက် ယွမ်ရိတို့ဟာ အဖွားကျောင်းအနားမှ ထထွက်လာကြတော့သည်။
ဒါပေမယ့် သူမတို့အဖွားကျောင်းအိမ်ထဲမှ မထွက်ခင်မှာဘဲ နောက်ကနေ အဖွားကျောင်း၏အသံကိုကြားလိုက်ရသည်။
အဖွားကျောင်းက
"ရှောင်ရိ၊ သမီးက ပေကျင်းဒေသခံ မဟုတ်ဘူးမလား"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်အဖွား။ သမီးက အခြားဒေသကလာတာ"
ဟု ပြန်ဖြေလိုက်၏။
ထိုအခါ အဖွားကျောင်းက
"ဒါဆိုရင်လေ သမီးအသိတွေထဲ ခြံဝန်းဝယ်ချင်တဲ့သူရှိရင် အဖွားရဲ့ခြံလေးနဲ့ဆက်စပ်ပေးစမ်းပါကွယ်"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ရိလည်း အံ့အားသင့်သွားပြီး
"ဘယ်လို အဖွားက အဖွားရဲ့ခြံကို ရောင်းမလို့လား"
ဟု ပြန်မေးလိုက်၏။
အဖွားကျောင်းက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အဖွားရဲ့ခြံလေးကို ရောင်းလိုက်တော့မလို့။ အဖွားက အသက်ကြီးပြီလေ။ ဒီတော့ တစ်ယောက်တည်းနေလို့ မဖြစ်တော့ဘူး။ အဖွား သားသမီးတွေရှိတဲ့ နိုင်ငံခြားကို လိုက်သွားတော့မှာ။အဖွားခြံလေးကိုတော့ ရောင်းထားခဲ့တော့မှာ။ အဖွားလည်း ပတ်ဝန်းကျင်မှာ ဝယ်မယ့်သူရှိမလားလို့ လိုက်စုံစမ်းပါသေးတယ်ကွယ်။ ဒါပေမယ့် ဘယ်သူကမှ မဝယ်ချင်ကြဘူးကွဲ့။ ဒါ့ကြောင့် အခြားဒေသကလူတွေဆိုရင်တော့ ဝယ်သွားနိုင်လောက်တယ်"
ဟု သက်ပြင်းချရင်း ဖြေပေးလိုက်သည်။
ယွမ်ရိက မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"အဖွား တကယ်ရောင်းဖို့ ဆုံးဖြတ်ပြသွားပြီလား"
ဟု ထပ်မေးလိုက်သည်။
အဖွားကျောင်းက ခေါင်းညိတ်လိုက်ပြီး
"သေချာပေါက်ရောင်းမယ်လို့ အဖွားဆုံးဖြတ်ပြီးသွားပါပြီကွယ်"
"ဒါဆိုရင် အဖွားက ဘယ်လောက်နဲ့ ရောင်းမယ်လို့ မှန်းထားလဲ"
ယွမ်ရိက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
အဖွားကျောင်းက ခဏမျှ စဉ်းစားလိုက်ပြီးမှ
"အဖွားရဲ့သားသမီးတွေနဲ့ တိုင်ပင်ထားတာတော့ ယွမ် ၁၂၀၀၀ လောက် မှန်းထားတယ်ကွယ်"
ဟု ပြန်ပြောလိုက်သည်
ယွမ်ရိလည်း နှစ်လိုဖွယ်ရှိသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး
"ဒါဆိုရင် အဖွားရဲ့ခြံကို သမီးဝယ်မယ်"
ဟု ပြောလိုက်တော့သည်။
အဖွားကျောင်းလည်း ယွမ်ရိစကားကြောင့် အံ့အားသင့်သွားပြီး
"တကယ်ကြီး အဖွားခြံကို ဝယ်မလို့လား"
ဟု ထပ်မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်အဖွား။ အစကတည်းက သမီးက မြို့ထဲမှာ အိမ်နဲ့ခြံ ဝယ်ချင်လို့ လိုက်ရှာနေတာ။ အဆင်ပြေတာမတွေ့သေးလို့ မဝယ်သေးတာရယ်။ အခု အဖွားက အဖွားခြံနဲ့အိမ်ကို ရောင်းဖို့ စိတ်ကူးထားရင်တော့ သမီးသေချာပေါက်ဝယ်ပါ့မယ်"
ဟု စကားဆိုလိုက်၏။
အဖွားကျောင်းလည်း ဝမ်းသာအားရဖြစ်သွားကာ
"မင်းက ဝယ်ဖို့သေချာမှတော့ ဒီက အဖွားကလည်း သေချာပေါက်ရောင်းရမှာပေါ့"
ဟု ပြောလိုက်တော့သည်။
အစကတည်းက ယွမ်ရိသာ မြို့ထဲမှာ အိမ်နဲ့ခြံဝယ်ဖို့ လိုက်ရှာနေမှန်းသိလျှင် သူမက ယွမ်ရိအား သူမ၏အိမ်နဲ့ခြံလေးကို တစ်ခါတည်း ရောင်းချပေးလိုက်မှာပင်။ ဘာပဲဖြစ်ဖြစ် သူမ၏ခြံဝန်းလေးအား အခြားသူများကို ရောင်းချရသည်ထက် ယွမ်ရိကို ရောင်းချလိုက်ရသည်က မဆိုးဟု အဖွားကျောင်း တွက်လိုက်မိသည်။
"ဒါဆိုရင် အဖွား အခုလောလောဆယ် သမီး ပြန်လိုက်ဦးမယ်။ နောက်ရက်ကျရင် သမီးငွေယူပြီး ပြန်လာခဲ့မယ်နော်။ လိုအပ်တဲ့ စာချုပ်စာတမ်းကိုပါ တစ်ခါတည်း ပြင်ဆင်ခဲ့လိုက်မယ်"
ယွမ်ရိက ပြောလိုက်သည်။
ပြီးမှ သူမက အရေးကြီးတာ တစ်ခုကို သတိရသွားပြီး
"ဒါနဲ့ အဖွား ဒီအိမ်က အဖွားရဲ့အမည်ပေါက်နဲ့ရှိနေတာမလား"
ဟု မေးလိုက်၏။
အခုရှင်းမှ နောက်မရှုပ်ဖြစ်အောင် ယွမ်ရိက တစ်ခါတည်း ရှင်းရှင်းလင်းလင်း မေးထားလိုက်၏။အစိုးရ၏ပြုပြင်ပြောင်းလဲမှုတွေ လုက်ဆောင်ပြီးသည့်နောက်မှာ အရာရာတိုင်းပေါ်တွင် တရားဥပဒေဖြင့် လွှမ်းခြုံထားခဲ့သည်။
အရောင်းအဝယ် ကိစ္စများတွင်လည်း အသစ်အသစ်သော ဥပဒေများ ထုတ်ပြန်ထားကာ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး အရောင်းအဝယ်များတွင် အမည်ပေါက်က အရေးကြီးလှပေသည်။ ကိုယ့်အမည်ပေါက်မဟုတ်ဘဲ ရောင်းချမိပါက ထိုအရောင်းအဝယ်ဟာ တရားဝင်မည်မဟုတ်ပေ။
ဒါ့ကြောင့် ယွမ်ရိဟာ အစစအရာရာ သတိထားသောအားဖြင့် အဖွားကျောင်းအား မေးမြန်းလိုက်ရခြင်းဖြစ်ပေသည်။
အဖွားကျောင်းက
"အဲ့တာအတွက်တော့ စိတ်မပူပါနဲ့။ ဒီခြံနဲ့ဒီအိမ်က အဖွားရဲ့အမည်ပေါက်နဲ့ပါကွယ်"
ဟု ပြန်ဖြေပေးလိုက်၏။
ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ကောင်းပြီ၊ အဖွား။ သမီးငွေနဲ့အခြားလိုအပ်တာလေးတွေ ပြင်ဆင်ပြီးရင် ထပ်လာခဲ့ပါ့မယ်။ သမီးကိုစောင့်နေနော်"
ဟု ပြောလိုက်သည်။
"စောင့်ပါ့မယ်ကွယ်"
အဖွားကျောင်းက
"အဖွားအိမ်နဲ့ခြံကို သမီး ဝယ်လိုက်ပေလို့သာပေါ့။မဟုတ်ရင် အဖွားတော့ ဝယ်မယ့်သူကို ဘယ်အချိန်မှ တွေ့မယ်မသေချာဘူးရယ်။ သမီးက အဖွားအတွက် ကံကောင်းစေတဲ့သူလေးဘဲ"
ဟု ပျော်ရွှင်ဝမ်းမြောက်နေသည့်လေသံဖြင့် ယွမ်ရိအား ချီးမွမ်းလိုက်သည်။
ယွမ်ရိက ပြုံးကာ
"အခွင့်အခါ သင့်သွားလို့ပါ အဖွားရယ်"
ဟု နှိမ့်နှိမ့်ချချပြန်ပြောလိုက်၏။
ဒီလိုနဲ့ နှစ်ယောက်သား ကနဦး ဈေးစကားကိုပြောပြီးသွားကာ အရောင်းအဝယ်တည့်နေပြီဖြစ်သဖြင့် ပျော်ရွှင်သွားကြတော့သည်။
အဖွားကျောင်းအိမ်ကနေ ထွက်လာသည်အထိ ယွမ်ရိမျက်နှာပေါ်တွင် ပျော်ရွှင်မှုများက ဖုံးဖိလို့မရဘဲ အထင်းသား ပေါ်နေ၏။
ယွမ်ဟောင်ဂျန်က ရပ်ထားသောစက်ဘီးကို တွန်းနေရင်းဖြင့် ယွမ်ရိအား
"အမ၊ ငါဘဲစိတ်ထင်လို့လားတော့ မသိဘူးနော်။ အမကြည့်ရတာ ခုနကအဖွားထက်တောင်မှ ပိုပြီးတော့ ပျော်ရွှင်နေသလိုဘဲ။ ဒီလိုအိမ်အဟောင်းမျိုးကို ယွမ် ၁၂၀၀၀ တောင်ပေးဝယ်ရတာ တန်လို့လား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"အရမ်းတန်တာပေါ့။ အဖွားကျောင်းရဲ့အိမ်က ပေကျင်းမြို့အတွင်းပိုင်းထဲမှာ တည်ရှိနေတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့တင် အရမ်းတန်နေပြီ။ နင်တို့ မသိလို့နော်။ မြို့ထဲမှာ အိမ်ဝယ်ဖို့က လွယ်တာမဟုတ်ဘူးဟ။ မြို့ထဲမှာ နေချင်ရင် တိုက်ခန်းတွေဘဲ ဝယ်လို့ရတာများတယ်။ အခုလိုမျိုး အိမ်နဲ့ဝန်းနဲ့ဝယ်နိုင်တာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ"
ဟု ရှင်းပြလိုက်သည်။
ထို့နောက် ယွမ်ချူးရွယ်အား စက်ဘီးနောက်တွင်တက်စေကာ စတင်နင်းတော့သည်။
ယွမ်ဟောင်ဘင်းကလည်း ယွမ်ဟောင်ဂျန်၏ စက်ဘီးနောက်တွင် ခုန်တက်လိုက်၏။
ထို့နောက် မောင်နှမလေးယောက်ဟာ အဖွားကျောင်း၏အိမ်ရှေ့မှ စက်ဘီးစီးလျက် ထွက်လာခဲ့ကြတော့သည်။
လမ်းတွင် ယွမ်ချူးရွယ်က
"အမက အရမ်းအံ့ဩဖို့ကောင်းတာဘဲ။ယွမ် ၁၂၀၀၀ ကို မျက်တောင်တစ်ချက်မခတ်ဘဲ သုံးပစ်နိုင်တယ်နော်။ အိမ်နဲ့ခြံဝန်းကို ဝယ်လိုက်တာများ ဂေါ်ဖီထုပ်တွေကို ဝယ်လိုက်တာကျနေတာဘဲ"
ဟု အံ့ဩတကြီး စကားဆိုလိုက်သည်။
ယွမ်ချူးရွယ်၏စကားကြောင့် ယွမ်ရိလည်း ရယ်မောလိုက်မိသည်။ ပြီးမှ ခေါင်းတယမ်းယမ်းဖြင့်
"အမက နင်ပြောသလောက်လည်း အံ့ဩဖို့မကောင်းပါဘူးဟယ်။ ဒီကာလမှာ မြို့အတွင်းပိုင်းထဲ အိမ်နဲ့ခြံဝန်းရောင်းချင်တဲ့သူဆိုတာ ရှားတယ်။ ဘယ်လောက်ရှားလဲဆိုရင် အမ ဝယ်ချင်နေတာတောင်မှ လုံးဝ၊ ဝယ်လို့မရခဲ့ဘူး။ အခုလိုမျိုး အဖွားကျောင်းက သူ့အိမ်နဲ့ခြံရောင်းမယ်လို့ပြောလာတဲ့အခါမှာတော့ ရေကန်အသင့် ကြာအသင့်ဘဲမို့လို့ အမက ချက်ချင်းဝယ်လိုက်တာပါကွယ်။ ပြီးတော့ အမက အမရဲ့အထည်ဆိုင်နှစ်ဆိုင်ဆီကနေ နည်းနည်းပါးပါး စုမိဆောင်းမိထားသေးတယ်လေ"
ဟု ရှင်းပြလိုက်သည်။
ယွမ်ရိ၏ရှင်းပြချက်ကိုနားထောင်ပြီး ယွမ်ချူးရွယ်က
"ဒါဆိုရင် မြို့ထဲကအိမ်ကို ဝယ်ယူလိုက်တာက မဆိုးဘူး ပြောရမှာပေါ့နော်၊ အမ"
ဟု ပြောလိုက်တော့သည်။
ထို့နောက် မောင်နှမလေးယောက်ဟာ စက်ဘီးတစ်စီးဖြင့် ပေကျင်းမြို့ကို လျှောက်လည်ပတ်ကြတော့သည်။
လမ်းဘေးအစားအစာ အစုံရောင်းချသော တရုတ်တန်းကိုလည်း ယွမ်ရိက လိုက်ပို့ခဲ့သည်။တရုတ်တန်းတွင် သူမတို့၏တရုတ်ရိုးရာ မုန့်အများအပြားကို ရောင်းချသည်။
ထိုဈေးတန်းတွင် သူတို့မောင်နှမလေးယောက်ဟာ မုန့်တွေကိုတဝကြီး အမုန်းစွဲခဲ့ကြသေး၏။
ပန်းခြံထဲကိုလည်း ယွမ်ရိက လိုက်ပို့ပေးခဲ့သည်။
ယွမ်ရိဟာ ယွမ်ချူးရွယ်တို့အား တရုတ်ဘုံကျောင်းထဲကိုလည်း အလည်လိုက်ပို့ခဲ့သည်။
ပေကျင်းမှာရှိသည့် တရုတ်ဘုံကျောင်းကြီးဟာ အလွန်ကြီးမားလှပြီး ထိုအထဲတွင် စကားများပြောဆိုပါက ပဲ့တင်သံများထပ်နေသည်။
ထိုအခြင်းအရာကို သိပြီးသည့်နောက် ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ ညီအကိုနှစ်ယောက်ဟာ စမ်းသပ်ကြတော့သည်။
ယွမ်ဟောင်ဂျန်က လူအနည်းငယ်ရှင်းသည့်နေရာကို သွားကာ
"ဟောင်ဘင်းရဲ့တင်ပါးမှာ မှဲ့ရှိတယ်"
လို့ အော်ပြောလိုက်သည်။
မကြာပါ ထိုစကားသံအတိုင်း ပဲ့တင်သံခပ်တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။