Chapter 97.2

2.3K 219 0
                                    

အပိုင်း - ၉၇.၂
ထိုဌာနမှ အလုပ်ထွက်ပြီးသည့်နောက်မှာတော့ ထိုလူတွေ၏ချဉ်းကပ်မှုတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတော့သည်။

အလုပ်ထွက်ပြီးသည့်နောက် သူမက မြို့စွန်ကအိမ်မှာဘဲ စက်ချုပ်လိုက်၊ ဝတ်စုံပုံကြမ်းများကို ရေးဆွဲလိုက်ဖြင့် ကုန်ဆုံးခဲ့သည်။

သူမ၏အဒေါ် ယွမ်ချီကျီက အောင်သွယ်တော်တချို့ကို ငှားရမ်းကာ သူမကို အောင်သွယ်ပေးဖို့ ကြိုးစားသေးသည်။ ဒါပေမယ့် သူမက တစ်ကြိမ်တစ်ခါမျှ လက်မခံခဲ့ချေ။

သူမအတွက်တော့ သူမ၏အိမ်ထောင်ဖက်အား အချိန်တန်လျှင် တွေ့ရမည်ဟုသာ တွေးထား၏။

ဘာပဲဖြစ်ဖြစ် သူမက လင်းယောင်အား အသေးစိတ် ပြောမပြခဲ့ပေ။
သူမက လင်းယောင်ကို ကြည့်ကာ
"နင်ရော၊ လက်ထပ်မယ့်သူ ရှိနေပြီလား"
ဟု ပြန်မေးလိုပ်၏။

"ငါက ငယ်ငယ်လေးရှိသေးတာ အဲ့တာတွေ စိတ်မဝင်စားသေးဘူး"
လင်းယောင်က ခပ်တည်တည်ဖြင့် ပြန်‌ဖြေလိုက်သည်။

ယွမ်ရိ : "............."
'နှစ်ဆယ်ကျော်လာခဲ့ပြီကို ကလေးလိုလုပ်နေသေးတယ်။ ထားပါလေ။ ငါကဘဲ အရင်ဘဝတုန်းက သုံးဆယ်ကျော်ထိနေခဲ့ဖူးပြီးသားဆိုတော့ အခုဘဝနဲ့ပါပေါင်းရင် အသက်ငါးဆယ်လောက်ရှိနေပြီ'

ယွမ်ရိ၏တိတ်ဆိတ်သွားသော မျက်နှာထားကိုကြည့်ပြီး လင်းယောင်က ခပ်ဖွဖွလေးပြုံးကာ
"နင်လည်း ငယ်သေးပါတယ်ဟ။ အဲ့လောက်ကြီးလည်း တိတ်ဆိတ်မသွားပါနဲ့ဦး"
ဟု ပြန်နှစ်သိမ့်လိုက်သည်။

ထိုအခါမှ ယွမ်ရိလည်း ကြက်ပေါက်လေးအစာကောက်သည့်သဖွယ် ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်တယ်။ ငါလည်း ငယ်သေးတယ်။ အဲ့အကြောင်းတွေ မစဉ်းစားသေးတာ ကောင်းတယ်"
လို့ ရေရွတ်လိုက်တော့သည်။

ထို့နောက် နှစ်ယောက်သား အသံထွက်သည်အထိ ပြိုင်တူရယ်မောလိုက်ကြတော့သည်။

သူတို့နှစ်ယောက်ဟာ ငယ်စဉ်တုန်းက ရင်းနှီးခဲ့ကြပေမယ့် နှစ်များစွာ ဝေးကွာခဲ့ကြပြီးသည့်နောက် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သူစိမ်းဆန်မှုများအနည်းငယ်တော့ ရှိနေကြပြီဖြစ်သည်။

ထိုသူစိမ်းဆန်မှုများဟာ ယခု စိတ်လွတ်လက်လွတ်ရယ်မောပြီးသည့်နောက်တွင် နေလာနှင်းပျောက်သည့်အလား လွင့်ပျောက်သွားကာ ယခင်ငယ်စဉ်အချိန်များကကဲ့သို့ပင် ပြန်လည်ရင်းနှီးသွားကြပြီ ဖြစ်သည်။

ယွမ်ရိဟာ ရယ်မောနေသည့် လင်းယောင်ကို ငေးကြည့်ရင်း အတိတ်တစ်ချိန်ဆီသို့ အတွေးပေါက်သွားသည်။

နှစ်သစ်ကူးနွေဦးပွဲတော်အတွက် လိုအပ်တာတွေ ဝယ်ယူရန်အတွက် သူမနဲ့လင်းယောင်တို့နှစ်ယောက်သား တောင်ခြေမြို့ဆီ အတူတူခရီးသွားခဲ့ပုံကို ပြန်အမှတ်ရသွား၏။

ထိုအချိန်တုန်းက သူမတို့နှစ်ယောက်ဟာ ဆယ်ကျော်သက်လေးတွေဘဲ ရှိကြသေးသည်။
ထိုသို့သော အမှတ်တရများကို ပြန်လည်တွေးတောမိပြီးသည့်နောက် သူမနဲ့လင်းယောင်တို့နှစ်ယောက်ကြားက ရင်းနှီးမှု သံယောဇဉ်ကြိုးမျှင်လေးဟာ ပို၍ပင် ခိုင်မြဲလာတော့သည်။

နှစ်ယောက်သား ရယ်လိုက်မောလိုက် စကားပြောလိုက်ဖြင့် စက်ဘီးနင်းလာကြသည်။

ထိုအချိန်မှာဘဲ ဟိုးအဝေးဆီကနေ ယွမ်ဟောင်ဂျန်တစ်ယောက် စက်ဘီးတစ်စီးဖြင့်ပြန်ရောက်လာတာကို မြင်တွေ့လိုက်ရသည်။

ယွမ်ဟောင်ဂျန်၏စက်ဘီးပေါ်က ပစ္စည်းများကတော့ အိမ်မှာ ချထားခဲ့ပြီဖြစ်၍ ပါမလာတော့ပေ။

သူက ယွမ်ရိတို့ အနားကို ရောက်သည့်အခါမှာ
"အမ၊ အမစက်ဘီးကျွန်တော့်ကိုပေး၊ ကျွန်တော် နင်းခဲ့မယ်။ ကျွန်တော့်စက်ဘီးကိုဘဲ အမနင်းခဲ့လိုက်"
ဟု ပြောလိုက်သည်။

ယွမ်ရိလည်း ယွမ်ဟောင်ဂျန်ပြောသည့်အတိုင်း စက်ဘီး လဲပေးလိုက်၏။

ယွမ်‌ရိ၏ပစ္စည်းအပြည့်တင်ထားသော စက်ဘီးကိုတော့ ယွမ်ဟောင်ဂျန်က ယူနင်းလိုက်သည်။

စက်ဘီးချင်းလဲပြီးသည့်နောက် ယွမ်ရိက ခပ်သွက်သွက်လေး စီးသွားခဲ့သည်။

လင်း‌ယောင်းတို့နဲ့ ခပ်လှမ်းလှမ်းကို မရောက်ခင်မှာဘဲ သူမက ခေါင်းလှည့်ကာ
"နင်တို့ အိမ်အရင်ပြန်နှင့်ကြ ငါဝယ်စရာလေးတွေ ရှိသေးလို့ ဝယ်ပြီးမှ ပြန်ခဲ့တော့မယ်"
ဟု ပြောလိုက်သည်။

ထို့နောက် အဝေးကို စက်ဘီးစီးသွားတော့၏။

လင်းယောင်နဲ့ယွမ်ဟောင်ဂျန်တို့ နှစ်ယောက်ကတော့ စက်ဘီးပေါ်မှ ဝန်များကြောင့် စက်ဘီးအား ခပ်နှေးနှေးပင် နင်းကြတော့သည်။

ယွမ်ရိဟာ ဈေးဆိုင်တန်းသို့သွားကာ အဆာပြေမုန့်တွေ၊ သစ်သီးတွေနဲ့ဖရဲသီးခပ်ကြီးကြီးတစ်လုံးကို ဝယ်ယူခဲ့၏။

ထိုအရာများကို ဝယ်ယူပြီးသည့်နောက်မှာ အိမ်ကိုပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့ လင်းယောင်နဲ့ယွမ်ဟောင်ဂျန်တို့ နှစ်ယောက်သား စက်ဘီးပေါ်မှ ပစ္စည်းများကို အိမ်ထဲသို့ ရွှေ့ပြောင်းနေကြသည်ကို မြင်လိုက်ရသည်။

ယွမ်ရိလည်း မီးဖိုချောင်ထဲကိုဝင်ကာ အသီးအနှံတွေကို ခွဲလိုက်သည်။ ဖရဲသီးကိုလည်း အစိတ်စိတ်လေးများဖြစ်အောင် စိတ်လိုက်၏။

ပြီးတာနဲ့ ဧည့်ခန်းထဲ ယူသွားခဲ့သည်။ လင်းယောင်နဲ့ယွမ်ဟောင်ဂျန်တို့ကလည်း အချိန်ကိုက်ပင် ပစ္စည်းများရွှေ့လို့ ပြီးစီးသွားသည်။

ဒါ့ကြောင့် သုံးယောက်သားဟာ ယွမ်ဟောင်ဘင်းနဲ့ယွမ်ချူးရွယ်တို့ကိုပါ ခေါ်လျက် အသီးအနှံတွေ စားသောက်ကြတော့သည်။

ယွမ်ဟောင်ဂျန်က ဖရဲသီးစိတ်ကို တစ်ချက် ကိုက်ဝါးလိုက်ပြီးသည့်နောက် မျက်ဝန်း‌တွေ မှေးကျဉ်းသွားပြီး
"အင်းးးးးး အရမ်းချိုတာဘဲ"
ဟု ရေရွတ်လိုက်သည်။

"ချိုမှာပေါ့။ ငါက ဖရဲသီးကို ဘယ်ဟာချို မချို ရွေးတတ်တာကိုးးး"
ယွမ်ရိကလည်း ဖရဲသီးစားနေရင်းဖြင့် ဝင်ပြောလိုက်၏။

ထို့နောက် သူမက လင်းယောင်ကို ကြည့်ကာ
"ညနေစာကို ဆိုင်မှာ ငါကျွေးမှာနော်။ ဒါ့ကြောင့် တစ်ခါတည်း စားသွားရမယ်"
ဟု ပြောလိုက်သည်။

လင်းယောင်က ခေါင်းညိတ်လျက် တုံ့ပြန်လိုက်၏။

ယွမ်ဟောင်ဂျန်ကတော့ ယွမ်ရိစကားကြောင့် အကြည့်တွေ တောက်ပသွားပြီး
"အမ၊ အသားတွေ အစုံရတဲ့ဆိုင်ကို သွားကြမယ်နော်"
ဟု ဝမ်းသာအားရ ဝင်ပြောလိုက်သည်။

သူတို့ငါးယောက်ဟာ အသီးအနှံများကို ခဏမျှ စားသောက်ပြီးသည့်နောက်မှာ စားသောက်ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့ကြတော့သည်။

စားသောက်ဆိုင်ကို ရောက်တော့ ယွမ်ရိက ကြက်သား၊ ဝက်စား၊ အမဲသား၊ ဆိတ်သား၊ ဂျီသား အစရှိသဖြင့် အစုံမှာလိုက်၏။

မှာပြီး သိပ်မကြာခင်မှာဘဲ သူမတို့၏စားပွဲပေါ်တွင် အသားဟင်းအပြည့် ဖြစ်သွားတော့သည်။

စားပွဲအပြည့်ဖြစ်နေသော ဟင်းပွဲများကို ကြည့်ရင်း ယွမ်ဟောင်ဂျန်က အူမြူးနေသောလေသံဖြင့်
"ဝိုးးးး ဒီနေ့တော့ ဗိုက်ကားအောင် စား‌ရတော့မှာဘဲ"
ဟု ရေရွတ်လိုက်သည်။

ယွမ်ရိက လင်းယောင်ကို ကြည့်ကာ
"ထည့်စားနော်။ နောက်လည်း နင်အားတဲ့နေ့တွေကျရင် လာလည်လှည့်။ အဲ့ခါကျရင်လည်း ထပ်ကျွေးဦးမယ်"
ဟု လောကွတ်ပြုလိုက်သည်။

ထို့နောက် သူတို့ငါးယောက်ဟာ ဝါးတူကိုယ်စီကိုင်လျက် စားသောက်ကြတော့၏။

ဗိုက်တင်းအောင် စားသောက်ပြီးသည့်နောက် ယွမ်ရိတို့ငါး‌ယောက်ဟာ အိမ်ကိုပြန်ခဲ့ကြတော့သည်။

အိမ်ကိုရောက်သည့်အခါ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့မိသားစုလည်း ရောက်နေကြပြီးကို တွေလိုက်ရသည်။

ယွမ်ချန်းရှန်ကလည်း ယွမ်ချီကျီကဲ့သို့ပင် လင်းယောင်ကိုတွေ့တော့ ချက်ချင်းမမှတ်မိဘဲ ယွမ်ရိအား
"ရှောင်ရိ၊ ဒါက ဘယ်သူလဲ"
ဟု မေးလိုက်၏။

ဤတစ်ကြိမ်တွင်တော့ ယွမ်ရိ ပြန်မဖြေခင်မှာဘဲ ယွမ်ဟောင်ဂျန်က
"ဦးလေးကလည်း သူ့ကို မမှတ်မိဘူးလား။ သူက လင်းယောင်လေ"
ဟု ဝင်ပြောလိုက်သည်။

ထိုအခါမှ ယွမ်ချန်းရှန်လည်း အံ့အားသင့်သွားပြီး
"လက်စသတ်တော့ လင်းယောင်ကိုးးးး။ မင်းအကြောင်းတွေကို ငါ့တူမ‌ ပြောလို့ ကြားပါတယ်ကွာ။ မင်းက သုတေသနပညာရှင်တစ်ယောက်ဖြစ်နေပြီဆို။ မင်းအရမ်းတော်တာဘဲ"
ဟု ချီးမွမ်းလိုက်သည်။

လင်းယောင်လည်း
"အဲ့လောက်လည်း မဟုတ်ပါဘူးခဗျ"
ဟု တည်ကြည်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"ဟိုးးး အရင်တုန်းက တောင်ပေါ်မှာဆိုရင် မင်းကခပ်အေးအေးနေတတ်တဲ့ ကောင်လေး‌ လေ"
ယွမ်ချန်းရှန်က ဟိုးအရင်တုန်းက အဖြစ်အပျက်များကို ပြန်လည်တွေးတောနေဟန်ဖြင့်
"အခုလိုမျိုး သုတေသနပညာရှင်ကြီးဖြစ်လာတဲ့အထိ ထူးချွန်လာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး"

လင်းယောင်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ယွမ်ချန်းရှန်နဲ့ စကားတွေ ပြန်ပြောခဲ့သည်။

ဒီလိုနဲ့ ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်းမှောင်လာတော့သည်။ ယွမ်ရိဟာ နာရီကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် လင်းယောင်အား
"ဟဲ့၊ မှောင်နေပြီနော်။ နင်အပြန်ကျရင် မိုးချုပ်နေမယ်"
ဟု သတိပေးလိုက်သည်။

ထိုအခါမှ စကားကောင်းနေကြသည့် လင်းယောင်နဲ့ယွမ်ချန်းရှန်တို့လည်း ပတ်ဝန်းကျင်ကို သတိထားမိသွားကြသည်။

ယွမ်ချန်းရှန်က
"ဟုတ်သားဘဲဟေ့။ စကားကောင်းနေတာနဲ့ အချိန်ကိုမေ့သွားတယ်"
ဟု ရေရွတ်လိုက်သည်။

ထို့နောက် လင်းယောင်ကိုကြည့်ကာ
"ကိုင်းး ငါ့တူရေ၊ နောက်လည်း လာလည်လှည့်နော်။တစ်ခုခု အကူအညီလိုတာရှိရင်လည်း ပြော၊ ဟုတ်ပြီလား"
ဟု ပြောလိုက်၏။

"ဟုတ်ကဲ့ပါဗျ"
လင်းယောင်ကလည်း ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် သူက ယွမ်ချန်းရှန်နဲ့ ကျန်သောသူများကိုနှုတ်ဆက်ကာ ပြန်ဖို့ပြင်လိုက်သည်။

ယွမ်ရိက လင်းယောင်အား ခြံဝန်းအပြင်ဘက်ထိလိုက်ပို့ပေးခဲ့၏။

ခြံဝန်းအပြင်ကိုရောက်တော့ လင်းယောင်က ယွမ်ရိအား နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့သည်။

"လင်းယောင်"
ဒါပေမယ့် ခပ်ဝေးဝေးကို မရောက်သေးခင်မှာဘဲ ယွမ်ရိထံကနေ သူ့နာမည်ခေါ်သံကို ကြားလိုက်ရသည်။

ဒါ့ကြောင့် နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

ယွမ်ရိမျက်နှာပေါ်တွင် အနည်းငယ် နေရခက်နေဟန်လေး ပေါ်လာပြီးနောက်
"အရင်တုန်းက နင်ငါ့ဆီကို ရေးလိုက်တဲ့စာတွေက ငါ့လက်ထဲ ရောက်မလာခဲ့ဘူး။ တစ်ယောက်ယောက်က ကြားဖြတ်ယူပြီးတော့ မီးရှို့ပစ်လိုက်တာ။ ဒီအကြောင်းတွေကိုတောင် နောက်ပိုင်းမှ ငါသိခဲ့ရတာ။ ဒါ့ကြောင့် နင့်ဆီကို စာတွေ ပြန်မပို့နိုင်ခဲ့တာ"
ဟု ရှင်းပြလိုက်သည်။

ယွမ်ရိ၏ရှင်းပြသံ အဆုံးမှာ လင်းယောင်၏မျက်နှာပေါ်တွင် ညင်သာသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး
"လက်စသတ်တော့ အဲ့လိုဖြစ်ခဲ့တာကိုးးး"
ဟု ရေရွတ်လိုက်သည်။

ပြီးမှ ယွမ်ရိကိုကြည့်ကာ
"အင်းပါ၊ ငါကလည်း အဲ့နောက်ပိုင်းကျတော့ စာတွေ မပို့ဖြစ်တော့ဘူး။ ငါ့စိတ်ထဲမှာ ထင်နေတာက နင့်အတွက် အနှောင့်အယှက်များ ဖြစ်သွားပြီလားလို့ပေါ့။ ဘာလို့လည်းဆိုတော့ အဲ့ဒီကာလတွေတုန်းက ကောလိပ်ဝင်ခွင့် စာမေးပွဲကာလဆိုတော့ နင်လည်း ဝင်ခွင့်နဲ့ပတ်သက်ပြီး မအားလောက်ဘူး ထင်နေတာ"
ဟု ပြန်ပြောလိုက်သည်။

"ရပါတယ်ဟာ၊ နင်ပြောချင်တဲ့ အဓိပ္ပာယ်ကို ငါနားလည်ပါတယ်"
ယွမ်ရိက ပြန်ပြောလိုက်၏။

ထို့နောက် နှစ်ယောက်သား ပြုံးလိုက်မိကြတော့သည်။

အေးချမ်းတဲ့ ညရယ်။
ဖြာကျနေတဲ့ လရောင်ရယ်။
တိတ်ဆိတ်နေတဲ့ လမ်းကြားလေးရယ်က သူတို့နှစ်ယောက်ကို အဖော်ပြုလျက် တစ်ယောက်နဲ့တစ်ယောက်ကြား နွေးထွေးမှုတွေ ပိုပြီးတိုးပွားလာကြတော့သည်။

"ဟေးးနောက်ပိုင်း နင်အားတဲ့ ရက်တွေကျရင်လည်း အိမ်ကို အလည်လာခဲ့နော်"
ယွမ်ရိက လှမ်းမှာလိုက်၏။

"အင်းး၊ အားတဲ့နေ့ကျရင် ငါလာခဲ့ပါ့မယ်"
လင်းယောင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now