အပိုင်း - ၁၂၂.၂
နှိုးစက်သံကြောင့် နောက်တစ်နေ့မနက် နိုးလာကြကာ ၁၉၈၉ ခုနှစ်ကလိုပဲ မနက်ခင်းလုပ်စရာရှိတာတွေလုပ်ပြီးနောက်မှာတော့ မနက်စာ စားကာ ကိုယ့်ဆိုင်ရာအလုပ်နေရာတွေဆီ ထွက်လာခဲ့ကြလေသည်။
ယွမ်ရိ ကုမ္ပဏီကိုဝင်ကာ သူမလက်ထောက်ကိုခေါ်လာခဲ့ပြီး အသံသွင်းရုံဘက်သို့ ထွက်လာခဲ့လိုက်လေသည်။
ဝမ်ရှောင်လည်း တီဗီအစီအစဉ်တစ်ခုမှာ ပါစရာရှိတာမလို့ နှစ်ယောက်သား အဝတ်လဲခန်းမှာပဲ တွေ့လိုက်ကြလေသည်။
"ခုရက်ပိုင်း အတူတူတွေ့မယ်၊ နေ့လယ်ဘက်မှာလည်း လက်ဖက်ရည် အတူတူသောက်မယ်လုပ်ထားတာ အချိန်မရှိတာနဲ့ မတွေ့ဖြစ်ကြဘူးဖြစ်နေတယ်။ ဒါနဲ့ ဒီ တနင်္ဂနွေအားလား? အလုပ်မရှုပ်ရင် တွေ့ကြရအောင်လေ။"
"ငါလည်းတလောက အလုပ်ရှုပ်နေတာ ဒါပေမယ့် အခုတော့ သိပ်မရှုပ်တော့ပါဘူး။ ငါတို့အန်တီ့ကိတ်မုန့်က အရမ်းစားကောင်းတာ။ တနင်္ဂနွေအိမ်လာရင် နင့်အတွက်လုပ်ဖို့ ပြောထားလိုက်မယ်လေ။"
"တကယ်? ဒါဆို လာဖြစ်အောင်ကို လာမှပဲ။"
နှစ်ယောက်သား မိတ်ကပ်ပြင်နေရင်း စကားပြောနေလိုက်ကြကာ ခဏစောင့်နေလိုက်ကြလေသည်။
ယွမ်ရိက အရင်စရမှာမလို့ လက်ထောက်က လာခေါ်၍ ထွက်လာခဲ့လိုက်လေသည်။
ရီဟာဇယ်အတိုင်းပင် စတူဒီယိုထဲ အရင်ဝင်လာကာ ပွဲစီစဉ်သူကို နှုတ်ဆက်လိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက်လေသည်။ လုပ်ရမယ့်အရာတွေက အရင်ဆုံးကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကာ ကျန်တာအစီအစဉ်တင်ဆက်သူနဲ့အတူ အမေးအဖြေလုပ်ရုံပင်။
မေးခွန်းတွေ ဖြေနေရင်းနဲ့ကို လင်းယောင် ထိုင်စောင့်ပေးနေတာတွေ့တော့ ယွမ်ရိပြုံးမိလိုက်သေးသည်။
သူ ဒီအတိုင်းပြောလိုက်တာလို့ ထင်လိုက်ပေမဲ့ တကယ်ကြီး ရောက်ချလာခဲ့သည်တဲ့။
အင်တာဗျူးက အဆင်ပြေပြေဖြစ်နေကာ တင်ဆက်သူနဲ့ယွမ်ရိတို့နှစ်ယောက်လုံး အမေးအဖြေက အဆင်ပြေနေသေးသည်။ အင်တာဗျူးပြီးတော့မယ်ထင်နေတုန်းမှာပင် တစ်ဖက်က တင်ဆက်သူက ပြီးချင်သေးသည့်ပုံမပေါ်ပေ။
"မစ္စစ်ယွမ်က တရုတ်နိုင်ငံရဲ့ ပထမမျိုးဆက် ဒီဇိုင်နာထဲမှာလည်းပါပြီးတော့ တရုတ်နိုင်ငံတကာ အဝတ်အစားပြပွဲမှာလည်း အမြင့်ဆုံးဆုရထားတဲ့သူတစ်ယောက်ကိုမှ ထိပ်တန်း ၁၀ ယောက်ဝင် ဒီဇိုင်နာတွေထဲကလည်း တစ်ယောက်ဖြစ်ပြီးတော့ တခြား ပြည်တွင်းဆုတွေအများကြီးလည်း ရထားတဲ့သူလေ။ ပြီးတော့ ကျွန်တော်တို့ တရုတ်အဝတ်အစားထုတ်လုပ်ရေးအဖွဲ့အစည်းကြီးရဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်တော့ အခုလို တရုတ်နိုင်ငံကြီးရဲ့ ပွဲတော်ကြီးတွေ၊ ပါတီတွေက အဝတ်အစားတွေက မစ္စစ်ယွမ်လက်ထဲက ထွက်နေတာလို့တောင် ပြောလို့ရတယ်ပေါ့နော်။ အဲ့တော့ အခုလို ထိပ်တန်းဒီဇီုင်းနာတစ်ယောက်အနေနဲ့ နောက်ကျရင် နိုင်ငံတကာ အဝတ်အစားနယ်ပယ်မှာရော လုပ်ဖို့အစီအစဉ်များရှိသေးလားလို့ သိချင်ပါတယ်ဗျ?"
ဒါက သူမစီစဉ်ထားတဲ့အထဲလည်း ပါပေမဲ့ အင်တာဗျူးမယ့်ထဲမှာတော့ မပါပေ။
ထို့ကြောင့် ယွမ်ရိ ခေါင်းသာညိတ်ပြလိုက်ကာ "ဒါပေါ့၊ ပါပါတယ်ရှင့်။"
"အဲ့တော့ မစ္စစ်ယွမ်အနေနဲ့ ကိုယ့်ဘရန်းက နိုင်ငံတကာမှာ ခြေဆန့်နိုင်မယ်လို့ ယုံကြည်
ချက်ရှိတယ်ပေါ့?"
"ဟုတ်ကဲ့။"
"ကျွန်တော့်စိတ်ထဲရှိတာပြောပါရစေ၊ ကျွန်တော့်အထင်တော့ ဒါခက်လိမ့်မယ်ဗျ။"
ထိုစကားထွက်လာတာနှင့် စတူဒီယိုထဲက အခြေအနေက အေးစက်သွားသလိုပင်။
ယွမ်ရိကတော့ ပြုံးနေသေးကာ မေးလာချေသည်။ "ကျွန်မကို သင်ပြပါဦး။"
"ကျွန်တော် မစ္စစ်ယွမ်ရဲ့ လက်ရာတွေအကြောင်းအကုန် ဖတ်ထားတယ်ဗျ။ အဓိကသုံးတဲ့ အထည်တွေက များသောအားဖြင့် တရုတ်စတိုင်တွေဆိုတော့ နိုင်ငံတကာဈေးကွက်မှာ ဝင်ဆံ့ဖို့ကို ဒါကအရမ်းရိုးရှင်းနေလိမ့်မလားပေါ့နော်။ ဒီ့ထက် နယ်ပိုချဲ့မယ်ဆိုရင် ကျွန်တော်အကြံပေးချင်တာက အနောက်တိုင်းဘက်မှာ အသုံးများတဲ့ ပုံမျိုးသုံးရင်ရော ပိုကောင်းမလားပေါ့နော် ဒါလေးပါပဲ ကျွန်တော်ပြောချင်တာက။"
ယွမ်ရိမျက်နှာပေါ်က အပြုံးက တစ်ချက်လေးမှ ပုံမပျက်သွားသေးပေ။ "အဲ့တော့ ပြောချင်တာက ကျွန်မတို့နိုင်ငံကသုံးတဲ့ အထည်ပုံစံတွေက အရမ်းရိုးရှင်းတယ်ပေါ့ အဲ့လိုလား? တကယ်လို့ ပွဲတစ်ခုမှ ကျွန်မတို့သာ ထင်ပေါ်အောင်မလုပ်နိုင်ရင် ကျွန်မတို့ဘယ်လိုလုပ် နယ်ပယ်အပြင်မှာ ကျော်ကြားနိုင်ပါ့မလဲရှင်။"
"အဲ့လို ပြောလို့ရတယ်ဆိုပေမဲ့ပေါ့နော် ကျွန်တော်တို့ဆီက အစားအစာဖြစ်ဖြစ်၊ သောက်စရာဖြစ်ဖြစ် အဲ့ဒါတွေက နိုင်ငံခြားက ဒီဇိုင်းတွေနဲ့ယှဉ်ရင်တော့ အဲ့လောက် တိုးတက်မလာသေးတာတော့ ဟုတ်နေသေးတာပဲလေ။"
တစ်ယောက်မှ ခုထိ အင်တာဗျူးကို လာမရပ်သေးတာကြောင့် ယွမ်ရိကပဲ ပြန်ဖြေပေးလာသည်။ "ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဒီဘက်ကပဲ အရင်ဆုံး အဲ့လောက်နှိမ့်ချနေတော့ တစ်ခုလောက် သိပါစေ? ဒီဘက်က တရုတ်လူမျိုး မဟုတ်ဘူးလားရှင့်? တရုတ်အစားအစာတွေနဲ့ တရုတ်ဝတ်စုံတွေကိုရော မဝတ်ဖြစ်ဘူးလားရှင့်?"
ပွဲတင်ဆက်သူက ဒေါသဖြစ်လာသော်လည်း ပြုံးလျက် ဆက်ပြောလာသည်။ "ကျွန်တော် ကိုယ့်နိုင်ငံကို နှိမ်နေတာတော့မဟုတ်ပါဘူး။ ကျွန်တော် ကိုယ့်နိုင်ငံ အစားအစာလည်းကြိုက်သလို သေချာကြည့်မယ်ဆိုရင် ဒီဇိုင်းပိုင်းက ကျွန်တော်တို့ဆွေးနွေးစရာဖြစ်နေတာကြာပြီလေ။ ကျွန်တော်တို့ တရုတ်ရိုးရာထည်တွေက ဖက်ရှင်ခေတ်လည်း မပြေးသလို ရိုးရှင်းလွန်းတယ်ဆိုတာလည်း ဟုတ်တာပဲလေ။ ပြောရမယ်ဆို ကျွန်တော်က ပြည်တွင်းဖြစ်တွေထက် နိုင်ငံခြားဘရန်းက အဝတ်အစားတွေကိုပဲ ရွေးဝတ်ဖြစ်တယ်။"
ယွမ်ရိ သူ့ကို ခေါင်းကနေခြေအထိ တစ်ချက်ကြည့်လိုက်ကာ "အဲ့တော့ ရှင်ဝတ်ထားတာ ဖက်ရှင်ကျတယ်လို့ ထင်တယ်ပေါ့။"
"ကျွန်တော့်အဝတ်တွေက...."
သူဆက်မပြောနိုင်ခင်မှာပဲ ယွမ်ရိ ဝင်ပြောလိုက်လေသည်။ "ဒီအဝတ်ကို ရှင်ဝတ်ထားတဲ့ပုံအရတော့ နွားသိုးခေါင်းက နွားသိုးဆီမှာမရှိပဲ မြင်းပါးစပ်ထဲရောက်နေသလိုပဲလားလို့။ ပြီးတော့ ဒီဝတ်စုံက အဆင့်မြင့်တဲ့ပုံလည်း မပေါက်သလို သေချာကြည့်မယ်ဆို ဈေးပေါတဲ့ပုံတောင် ပေါက်နေသလားလို့။ ဖြတ်ညှပ်ထားတဲ့အပိုင်းတွေနဲ့ ချုပ်ထားတဲ့ပုံက ကောင်းပေမဲ့ သုံးထားတဲ့အထည်က မကိုက်တော့ ဒီဝတ်စုံကို ကျွန်မ စကားနှစ်လုံးထဲ ပြောရမယ်ဆိုရင် - ပေါတယ်။ ပြီးတော့ စီးထားတဲ့ဖိနပ်နဲ့ ဆင်ထားတဲ့ အဆင်တန်ဆာတွေကိုပါ စကားလေးလုံးနဲ့ ပြောပေးရမယ်ဆိုရင် - ရှုပ်ယှက်ခတ်တယ်။ ဒါမျိုးကသာ တကယ် ဖက်ရှင်ကျပြီး အဆင့်မြင့်တဲ့ပုံဆိုရင်တော့ ရှင် ရှင့်အကြိုက်ကို ပြောင်းကြည့်တာ ပိုအဆင်ပြေမယ်ထင်တာပဲ။"
ပွဲတင်ဆက်သူ ပြုံးကာ ဆက်ပြီး စကားပြောဖို့ကြိုးစားပေမဲ့ ယွမ်ရိမျက်နှာပေါ်က အပြုံးကိုမြင်ပြီး သူ့မျက်နှာက အပြုံးပါ တဖြည်းဖြည်းပျောက်လာလေတော့သည်။
"ကျေးဇူးတင်ပါတယ် မစ္စစ်ယွမ်။ ကျွန်တော့်ကိုပါ ဒီမှာ တစ်ခါတည်း သင်ကြားပေးသွားတာပဲ။ ကျွန်တော်ပြန်ရောက်တာနဲ့ အဝတ်အစားတွေဘယ်လိုလိုက်ဖက်ပြီး ဝတ်ရမလဲဆိုတာ သေချာသင်ယူကြည့်ပါဦးမယ်။ မစ္စစ်ယွမ်လည်း နိုင်ငံခြားဘက်ကို မြန်မြန်ခြေဆန့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
"ကျေးဇူးတင်ပါတယ်။ ကျွန်မ Paris Fashion Week ကို တက်ဖို့ ဖိတ်စာလည်းရပြီးပါပြီ။ နောက်နှစ်ထဲမှာပဲ ကျွန်မဘရန်းနဲ့ တရုတ်စတိုင်အဝတ်အစားတွေကိုလည်း နိုင်ငံတကာ စင်မြင့်ထက်မှာ ပြဖို့ရှိပါတယ်ရှင့်။"
သူမ ဒီအထိပြောဖို့ မစီစဉ်ထားပေမဲ့ ပွဲတင်ဆက်သူက သူပြောတာ ကြားကြားချင်း မျက်နှာကြီး တောင့်သွားကာ ဆက်တောင် မပြောနိုင်တော့ပေ။
သို့သော် သူ့မျက်နှာအနေအထား ပြန်ထိန်းသိမ်းနိုင်ပုံက တော်သည်ဟု ပြောရမည်။ ထိုလူက ရယ်လိုက်ကာ အံ့ဩသွားသည့်ပုံနှင့် "တကယ်လားဗျ? ကျွန်တော့်အသိဉာဏ် တိမ်လို့နေပါလိမ့်မယ်။
မစ္စစ်ယွမ်၊ အခုလိုမျိုး ဝတ်စုံတွေကို Paris Fashion Week မှာ ချပြခွင့်ရမှာ တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။"
"ဒါနဲ့ သူတို့ရော ဒီဘက်ကို ဖိတ်သေးလား မသိဘူး?"
ပွဲတင်ဆက်သူအပြုံးက အေးခဲသွားကာ ခပ်တောင့်တောင့်ကြီး ပြုံးလာ၍
"ကြည့်ရတာတော့ ပွဲကြည့်ခွင့်ရဖို့ဆိုတာတောင် တကယ်ကို ခက်လှတာပဲဗျာ။"
"ဟုတ်ပရှင် တကယ်ကို မလွယ်တာ။ ဒါဆို ကျွန်မကပဲ ဖိတ်စာပို့ပေးရမလား?"
ကြားတာနှင့် တစ်ဖက်က မျက်လုံးတွေက လင်းလက်လာကာ "အဲ့လိုက အဆင်ပြေလို့လားဟင်?"
ယွမ်ရိ ရယ်လိုက်ကာ "သေချာပေါက် မပြေဘူးပေါ့ရှင်။ ကျွန်မက ကျွန်မဒီဇိုင်းတွေကြိုက်တဲ့သူကိုပဲ ဖိတ်စာပေးတာလေ။"
ပွဲတင်ဆက်သူ : "....."
တစ်ဖက်က ဘာမှပြောမလာနိုင်တော့တာကိုကြည့်ကာ "ဒါနဲ့ တခြားမေးစရာ ရှိသေးလားရှင့်? ပရိုဂရမ်က ပြီးတော့မှာမလားလို့? တကယ်လို့ နောက်ထပ် ထပ်မေးဦးမယ်ဆို ကျွန်မတော့ဒါရိုက်တာကြီးဆီကနေ ပိုက်ဆံပိုတောင်းရတော့မှာပဲ။"
ပွဲတင်ဆက်သူ : "...."
ချက်ချင်းပင် ပရိုဂရမ်ကို အဆုံးသတ်ဖို့လုပ်လေတော့သည်။
အင်တာဗျူးတစ်ခုလုံး ပြီးတာနှင့် ယွမ်ရိ အနောက်က အဝတ်အစားလဲခန်းကိုသာ တန်းဝင်လာလိုက်တော့သည်။ အခန်းထဲက ဝမ်ရှောင်ကတော့ သူ့လက်ထောက်နှင့် အလုပ်ရှုပ်နေကြလေသည်။
အင်တာဗျူးအတွက် မိတ်ကပ်က ပေါ့ပေါ့ပါးပါးလေးဖြစ်တာကြောင့် မဖျက်တော့ပဲ ရေနည်းနည်းသောက်ကာ ပြန်လာခဲ့လိုက်လေသည်။
သူမ ပြန်ဖို့လုပ်နေတုန်းမှာပင် ပရိုဂရမ်၏ ခေါင်းဆောင်ဖြစ်သူ ဝင်လာကာ အင်တာဗျူးနောက်ဆုံးအပိုင်းတွေက ပွဲတင်ဆက်သူက သူ့ဟာသူထည့်တာတွေဖြစ်ကြောင်းပြော၍ တောင်းပန်လိုက်ပြီး ညစာအတွက် ဖိတ်ကြားလာလေသည်။
ယွမ်ရိက ပြုံးလိုက်ကာ "ရပါတယ်၊ ကျွန်မလည်း အဲ့လောက် စိတ်ထဲမထားပါဘူး အဆင်ပြေပါတယ်။"
ပြောပြီးတာနှင့် တီဗီအစီအစဉ် ထုတ်လွှင့်ရေးဌာနမှာဆက်မနေတော့ပဲ သူမလက်ထောက်နှင့် ပြန်လာခဲ့လိုက်လေသည်။ ပြီးတာနှင့် Company ကို မပြန်တော့ပဲ လင်းယောင်ကားပေါ်သာ တက်လိုက်လေသည်။
သူတို့နှစ်ယောက်အတွက် အချိန်က ရှားသည်မလို့ အိမ်မပြန်ကြပဲ နှစ်ယောက်သား ညစာစားဖို့ထွက်လာခဲ့ကြလေသည်။
လင်းယောင်ရှေ့မှာဆို ဘာမှဟန်ဆောင်နေဖို့မလိုတာမလို့ ယွမ်ရိ ပြောလာလေသည်။ "ကံမကောင်းတာပဲ။ ရှင်တော့ နိုင်ငံခြားသားတွေကို ကျွန်မ နောက်ပရိုဂရမ်ရိုက်မှပဲ တွေ့ရတော့မယ်။"
"တချို့လူတွေမျက်လုံးထဲမှာတော့ နိုင်ငံခြားဖြစ်ပစ္စည်းတွေက တရုတ်ထုတ်တွေထက် ပိုကောင်းနေကြတယ် ထင်ပါတယ်။"
တကယ်တော့ ဒါ ထိုပွဲတင်ဆက်သူသာ မဟုတ်ပေ။ လူအတော်များများလည်း ပြည်တွင်းထက် ပြည်ပကအရာရာတိုင်းက ပိုသာတယ်လို ထင်နေကြတာချည်းပင်။
"ချစ်တို့ ဘာစားကြမလဲ?"
"ဟော့ပေါ့?"
"အပူဆုံးက အကောင်းဆုံးပဲ။"
"အိုခေ"
အင်တာဗျူးအစီအစဉ်ကို စနေနေ့ညမှာ လွှင့်လေသည်။
ယွမ်ရိက ပွဲတင်ဆက်သူကို မကြိုက်တာကြောင့် မကြည့်သလို လင်းယောင်ကလည်း ကိုယ်တိုင်လာကြည့်ထားသူမလို့ တီဗီကနေ ကြည့်မနေတော့ပေ။
မိသားစုထဲက လူတွေကတော့ ညဘက်ဧည့်ခန်းထဲမှာ စုကြည့်ကြကာ ပြီးနောက် လေ့ကျင့်ခန်းလုပ်ပြီး အိပ်ဖို့ပြင်ကြလေသည်။
အရမ်းစောသေးတာမလို့ ယွမ်ရိက မအိပ်ချင်သေးပေ။ ဝမ်ရှောင်နဲ့ယွမ်ကျဲတို့ကိုသာ ဖုန်းလှမ်းခေါ်လိုက်လေသည်။
ဝမ်ရှောင်က မနက်ဖြန်နေ့လည် လက်ဖက်ရည်သောက်ဖို့ လာခဲ့မယ် ပြောလာတာကြောင့် မနက်ဖြန် သူမ အားမအား ကြိုစစ်ကာ ပြင်ထားလိုက်လေသည်။
ဝမ်ရှောင်နဲ့ပြောပြီးတာနှင့် ယွမ်ကျဲကိုဖုန်းထပ်ခေါ်လိုက်လေသည်။
သူမမှာ နေ့လည်ခင်း လက်ဖက်ရည်သောက်ဖို့ ချိန်းထားတာ ရှိသွားလေပြီဖြစ်ရာ အခုလည်း ယွမ်ကျဲနဲ့ဖုန်းပြောနေရင်း "ဒါရိုက်တာ ယွမ် ရှင့် မအိပ်သေးဘူးလားရှင့်?"
အခုဆို ယွမ်ကျဲက ပညာရေးဆိုင်ရာအဖွဲ့အစည်း၏ ဒါရိုက်တာအဖြစ် မနှစ်ကတည်းက ရာထူးတိုးသွားလေပြီဖြစ်လေသည်။ "ငါ မမ အင်တာဗျူးပရိုဂရမ်ကို ကြည့်နေတာလေတော့ ခုထိ မအိပ်ရသေးပါဘူး။"
"ဒါနဲ့ မနက်ဖြန်အားလား? အားရင် ဒီကို လာခဲ့ပါလား။ မနက်ဖြန် ဝမ်ရှောင်နဲ့တွေ့ဖို့ လုပ်ထားသေးတယ်။"
ယွမ်ရိက ပြောလိုက်သည်။
အသက်ဘယ်လောက်ပဲ ကြီးလာပါစေ၊ ညီအစ်မတွေစုဖို့ဆိုတာ လွတ်လို့မဖြစ်ပေ။
"အဖြေကတော့ yes ပါ။ မနက်ဖြန် အားတယ်ရှင်။"
"အိုခေ။ ဒါဆို မနက်ဖြန် လာခဲ့နော်။"
ဖုန်းချပြီးတာနှင့် စားပွဲပေါ်တင်လိုက်ကာ လင်းယောင်ကို မေးလာလေသည်။ "ရှင်ရော မနက်ဖြန် ဘာလုပ်ဖို့ရှိသေးတုန်း?"
"မသိသေးဘူး။ မနက်ဖြန် ကိုယ့်အလုပ်မှာ အချိန်ပိုဆင်းရကောင်းမလားလို့?"
"စိတ်တိုင်းကျပါရှင်။"
နောက်တစ်နေ့မှာတော့ လင်းယောင် အချိန်ပိုမဆင်းဖို့ လုပ်လိုက်ပေမဲ့ အလုပ်က ဖုန်းဝင်လာတာကြောင့် ရုံးကိုထွက်သွားလေသည်။
ကျိုးရွှယ်ယွင်တို့ကတော့ ယွမ်ချီကျီအိမ်ကိုသွားကာ နေ့လယ်စာ သွားစားကြလေသည်။ ခိုခိုလေးနဲ့လဲ့လဲ့လေးတို့က ဆော့ဖို့ အပြင်ထွက်သွားကြတာကြောင့် အိမ်မှာ ယွမ်ရိတစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။
ကြည့်ရတာတော့ နေ့လယ်ခင်း လက်ဖက်ရည်ချိန်လေးက သူတို့ကြီးပဲ ဆိတ်ငြိမ်စွာတွေ့လို့ရမည့်ပုံပင်။ ဝမ်ရှောင်နဲ့ယွမ်ကျဲတို့ရောက်မလာခင် ယွမ်ရိသူမဒေါ်လေးကို အချိုပွဲတွေ ကြိုပြင်ခိုင်းထားလိုက်လေသည်။
အချိန်က ကွက်တိပင်။ ဝမ်ရှောင်တို့ ရောက်လာတာနှင့် အချိုပွဲတွေက အသင့်ပင်။
ညီအစ်မသုံးယောက် အတူတူထိုင်ကာ လက်ဖက်ရည်သောက်ရင်း မုန့်စားနေလိုက်လေ၏။
ဝမ်ရှောင် မုန့်စားရင်း ထောက်ခံလာလေသည်။ "အန်တီ့ရဲ့ မုန့်လုပ်စကေးကတော့ တကယ်ရှယ်ပဲ။ ငါဆိုင်တွေမှာ စားတာထက်တောင် ကောင်းသေးတယ်။"
"ကြိုက်တယ်ဆိုရင် ခဏခဏ လာလို့ရတယ်နော်။"
"ကျွန်မအိုပြီမလို့ အရမ်းချိုတာတွေ မစားရဲတာမလို့ ငြင်းပါရစေရှင်။"
သူတို့က အသက်အတူတူလောက်ပင်မလို့ ယွမ်ရိလည်း သိပ်ချိုတာတွေ မစားရဲပေ။
ယွမ်ကျဲက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ ယွမ်ရိကို မေးလာလေသည်။ "မမ Paris Fashion Week ကို အဖိတ်ခံရတယ်ဆို။"
"ဟင် ဘယ်လိုသိတာတုန်း?"
ယွမ်ကျဲက ခွက်ကိုချကာ ပြောလာလေသည်။ "ပရိုဂရမ်မှာပဲ ပြောခဲ့တာလေ။"
ယွမ်ရိ မမှတ်မိတာမပြောနှင့် ဝမ်ရှောင်လည်း မမှတ်မိတော့ပေ။
"အဲ့ဒီပရိုဂရမ်က မနေ့ညက လွှင့်ခဲ့တာလား? ကြည့်ဖို့ကို မေ့နေတာ ကြည့်ပါဦး။"
ယွမ်ရိလည်း အံ့ဩနေတုန်းပင်။ "သူတို့ အဲ့ဒါကို ထည့်လွှင့်ရဲတယ်ပေါ့။"
သူမ ထင်ခဲ့တာက ထိုနောက်ဆုံးအပိုင်းတွေကို ဖြတ်ပစ်လောက်တယ်ဟူ၍သာ။ ထိုအချိန်တုန်းက သူရော တင်ဆက်သူရော နှစ်ယောက်လုံး အထုံးနှစ်ခုရှိတဲ့ကြိုးလိုပင်။ သို့သော် အဆုံးမှာတော့ တင်ဆက်သူက သူမကြောင့် မျက်နှာအမူအရာ မထိန်းနိုင်တော့သည်အထိ ဆိုးရွားသွားခဲ့သည်ပင်။
ယွမ်ကျဲလည်း ခေါင်းညိတ်လာကာ "အင်း။ အဲ့တင်ဆက်သူ အဲ့လောက်တော့ ခံရသင့်တယ်။"
ဝမ်ရှောင်က ဘာတွေဖြစ်ခဲ့မှန်း မသိတာမလို့ လက်ဖက်ရည်ခွက်ကိုချကာ မေးလာချေသည်။ "တင်ဆက်သူက ဘာတွေဖြစ်ခဲ့လို့တုန်း?"
ယွမ်ကျဲက ပြောလာလေသည်။"အဲ့လူပြောတာက မမရှောင်ရိရဲ့ဝတ်စုံတွေအပါအဝင် ငါတို့နိုင်ငံကထွက်တာတွေက နိုင်ငံတကာမှာ ပြလို့အဆင်မပြေဘူးတဲ့။ ပြီးတော့ သူက မမရှောင်ရိကိုလည်း နိုင်ငံခြားကိုသွားပြီး သူ့ဝတ်စုံဒီဇိုင်းတွေပြနိုင်ပါစေပေါ့ဘာညာဆိုပြီး ပြီးလည်းပြီးရော ရှောင်ရိက သူတကယ် Paris Fashion Week ကို တက်ဖို့ ဖိတ်စာရထားပါတယ်ဆိုပြီး ပြောလိုက်ရောလေ။"
"အိုး။ အဲ့ဒီတင်ဆက်သူမျက်နှာမြင်လိုက်ရမှာ။ ငါ့မှာ စိတ်ကို ချမ်းသာလိုက်တာဆိုတာ။"
ဝမ်ရှောင် သူမပေါင်ကို ပုတ်လာကာ "ဟယ် အဲ့ဒါကို ဘာလို့မမှတ်မိတာပါလိမ့်?"
"စိတ်မပူနဲ့။ ပြန်လွှင့်ကြလိမ့်မယ် အဲ့ကျမှ ကြည့် ကြည့်ပေါ့။"
ထို့နောက် ပြောနေရင်း ဝမ်ရှောင်ကို မေးလာချေသည်။ "မနေ့ညက ဘယ်သူကစိတ်ညစ်အောင် လုပ်လိုက်ပြန်တာတုန်း?"
ကြားတာနှင့် ဝမ်ရှောင် စိတ်တိုလာကာ "ကျွန်မရဲ့ သားတော်မောင်ပေါ့။"
"သိုးသိုးက ဘာဖြစ်လို့တုန်း?"
"သူ ငါ့ကိုတော့ ဘာမှမလုပ်ပါဘူး။ သူ ငါ့နောက်ကွယ်မှာပဲ လုပ်တာ။ ဒီအသက်အရွယ်လေးနဲ့လေ ၁၅ နှစ်က ချစ်တတ်ကြိုက်တတ်နေပြီတဲ့။ ငါစိတ်ဆိုးတာ လွန်လားပြော။"
ယွမ်ကျဲလည်း သိချင်လာလေသည်။ "နင်က ဘယ်လိုသိတာတုန်း?"
"ငါလည်း သူ့ဖုန်းကို ဖွင့်ကြည့်လိုက်တော့ အဲ့မှာကောင်မလေးတစ်ယောက်ပုံကိုပြပြီး Q.Q ကနေ ဒါသူ့မိန်းမပါဆိုပြီး ခေါ်ဖို့တခြားသူတွေကို ခေါ်ဖို့ပြောထားတာ။ အဲ့ဒါကြိုက်နေကြတာ မဟုတ်လို့ဘာတုန်း? သူ ဒီအသက်အရွယ်ရောက်လာတာတောင် ငါ့ရှေ့အဲ့လောက် ရှက်ပြနေတာမမြင်ဖူးဘူး။ ဒီနေ့ခေတ်ကလေးတွေကိုက လုပ်ရဲကိုင်ရဲဖြစ်လာကြတာလား မသိပါဘူး။"
ယွမ်ကျဲ စဉ်းစားလိုက်ကာ "အင်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရည်းစားရနေတာတော့ မကောင်းပါဘူးလေ။"
ယွမ်ရိကတော့ "ဒါပေမယ့် ကလေးဖုန်းကို ခွင့်ပြုချက်မရှိပဲကြည့်တာလည်း မကောင်းဘူးနော်။"
"အဲ့ဒါကတော့ သူ့ကိုပညာပေးချင်တာနဲ့ ထိန်းလို့ကိုမရဘူး။"
"စိတ်မပူပါနဲ့။ သေချာ သင်ပြပေးရင်ရပါတယ်။ ဒီအရွယ်က အခုမှအချစ်ကို သိတတ်ကြကာစဆိုတော့ အဲ့လိုပါပဲဟယ်။"
ယွမ်ကျဲက ရုတ်တရက်ကြီး ပြုံးကာ မေးလာလေသည်။ "နေပါဦး အဲ့ဒါ ရှင်နဲ့ခဲအိုနဲ့တုန်းကလည်း အဲ့အရွယ်လောက်ပဲမလား?"
ယွမ်ကျဲစကားကြောင့် ယွမ်ရိခမျာ သောက်နေသောအကြမ်းရည်များပင် သီးမလိုဖြစ်သွားရသည်။
နှစ်တွေအကြာကြီး အတူပေါင်းလာကြတာမလို့ အခုဆို ဝမ်ရှောင်လည်း ယွမ်ရိနဲ့လင်းရှောင်တို့အကြောင်းကို သိနေပြီဖြစ်ရာ ဝမ်ရှောင်လည်း ပြုံးကာ ပြောလာလေသည်။ "နင်တို့နှစ်ယောက်တုန်းကလည်း အဲ့လိုပဲကို အဆင်ပြေပါတယ် ဒါဆို။"
ပြောပြီးကာမှ ရှဲ့သိုးသိုးရဲ့ ပုံစံကိုသတိရသွားကာ၊ "ထားတော့ ထားတော့ သူသာ လဲ့လဲ့လေးနဲ့ခိုခိုရဲ့ တစ်ဝက်လောက် တော်နေရင် စိတ်မပူတော့ပါဘူး။"
ပြီးတာနှင့် လဲ့လဲ့နဲ့ခိုခိုအာတို့ဘက်လှည့်လာကာ ကလေးနှစ်ယောက်ကို ချီးမွမ်းလာပြန်သည်။
သူမ ချီးမွမ်းခန်းဖွင့်လို့မပြီးခင်မှာပင် အပြင်ကနေ ဂဂျိုးဂဂျောင်အသံတွေကို ကြားလိုက်ရလေသည်။
"အကယ်၍ အသင် သီချင်းဆိုချင်ပါလျှင် ကျယ်လောင်စွာ ဆိုလိုက်ပါ မိတ်ဆွေ။ ဘယ်သူမှ လက်ခုပ်မတီးလာဘူးဆိုရင်တောင် ကျွန်ုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုမိမှာ အမှန်ပါပဲ။"
"အကယ်၍ အသင်ဆိုချင်ပါလျှင် လှပစွာအော်ကြူးလိုက်ပါဦး မိတ်ဆွေ။ စင်အောက်မှာ လူမရှိဘူးဆိုရင်တောင် တစ်နေ့မှာတော့ အသင်လှပစွာ ဝှေ့ယမ်းနေတဲ့ အလင်းချောင်း...."
နောက်ဆုံးစကားလုံး "အလင်းချောင်း"ဆိုတာကိုပင် ပြီးအောင် မဆိုလိုက်ရချေ။
ခိုခိုအာ အခန်းထဲဝင်လာတာနှင့် ဧည့်ခန်းထဲမှာ ယွမ်ရိ၊ ယွမ်ကျဲနှင့်ဝမ်ရှောင်တို့ကို တွေ့လိုက်ရလေသည်။ လူလေးယောက်လုံး ကြောင်နေကြကာ ဘာသံမှ ထွက်မလာတော့ပေ။
ယွမ်ရိ : "....."
ဝမ်ရှောင့်ခမျာ ခိုခိုအာလေးကို ချီးမွမ်းနေတုန်း သူမကတော့ အခန်းထဲ ဆူးအပြည့်နှင့် ဖြူကောင်လေးလို ဆံပင်စုတ်ဖွားပုံ၊ မာန်အပြည့်နဲ့ ဝင်ချလာတော့သည်လေ။
ခိုခိုအာလေးကို ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ နောက်ကနေ လဲ့လဲ့ကလည်း ထပ်ဝင်လာပြန်လေသည်။ သူဝင်လာတာမြင်ကာမှ ယွမ်ရိတို့တွေ အသက်တစ်ချက်ရှူလိုက်ကာ သူတို့မျက်နှာအမူအရာ ပြန်ထိန်းနိုင်ကြလေသည်။
လဲ့လဲ့တစ်ယောက်လည်း ဖြူကောင်လေးလို ဆံပင်စုတ်ဖွား၊ အားမာန်အပြည့်နဲ့ ဝင်ချလာသည်လေ။
အခုဆို ဧည့်ခန်းထဲ ဆံပင်စုတ်ဖွားနှင့် ဖြူကောင်နှစ်ကောင်ရောက်နေကြ၏။
အတန်ကြာ တိတ်ဆိတ်နေရာမှ ယွမ်ရိ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကိုချကာ မကြာခင်ကာမှ "တော်သည်"ဆိုသည့်စကားနှင့် ချီးမွမ်းခံထားရသည့် သူ့ကလေးလေးနှစ်ယောက်ကို ဆွဲဖျစ်လိုက်ကာ ပြောလာလေသည်။ "သားတို့က ကိုယ့်ကိုယ့်ကို ချောတယ်ထင်နေကြတာလား?"
ခိုခို သူ့ဆံပင်ထိပ်ဖျားလေးကို ဆွဲထောင်လိုက်ကာ "ဒါ အခု ခေတ်စားနေတဲ့ဆံပင်လေ မေမေရဲ့။"
"...."
သူမ လက်ဖက်ရည်တစ်ခွက် ထပ်သောက်ပြီး စိတ်လျှော့ဖို့ လုပ်လိုက်တာမှ ကောင်းဦးမည်။