Chapter 64.2

4K 339 8
                                    

Chapter 64.2
August 12, 2023 by Yamin Aung
အပိုင်း - ၆၄.၂

ယွမ်ရိတို့၏ကျောင်းက ကျောင်းစာတွေချည်းဘဲ သင်ကြားပေးတာမဟုတ်ပေ။ ကျောင်းကနေပြီး စိုက်ပျိုးရေး၊ ကာယ၊ စာရိတ္တအစရှိသည်တို့ကိုလည်း သင်ကြားပေးသည်။

တစ်ခါတစ်ရံ ယွမ်ရိတို့အား ကျောင်းကနေပြီး စိုက်ပျိုးရေးအားလက်တွေ့လေ့လာရန် မြို့အစွန်မှလယ်ကွက်တွေဆီကိုပင် ခေါ်သွားလေ့ရှိ‌၏။

ဒါ့အပြင် ကွန်မြူနစ်ဝါဒ၊ လီနင်ဝါဒအစရှိသည့်အမျိုးမျိုးဝါဒတွေအကြောင်းလည်း သင်ပြပေးကာ ထိုဝါဒများအပေါ် မိမိတို့၏ထင်မြင်ယူဆချက်များအား ပြန်လည်ရေးသားခိုင်းသေး၏။

ဒါ့အပြင် ကျောင်းကနေပြီး ကျေးလက်ဒေသမှလူတို့၏ခက်ခဲသောဘဝနေထိုင်မှုအား လက်တွေ့ခံစားခိုင်းရန်အတွက် အသီးအရွက်နဲ့ဆန်းကြမ်းဖွဲ့နုအားချက်ပြုတ်ထားသောအစားအစာများအား စားခိုင်းမည့်အစီအစဉ်လည်း ရှိနေပေသေးသည်။

ထိုအစီအစဉ်၏အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသားကျောင်းသူများအား ဘဝ၏ခါးသီးမှုတွေ၊ ခက်ခဲမှုတွေကိုခံစားခိုင်းဖို့ဘဲဖြစ်ပေသည်။

မကြာခင်မှာဘဲ ထို့နေ့ကိုရောက်လာတော့သည်။

ထို့နေ့မှာ ကျောင်းကနေပြီး အသီးအရွက်နဲ့ဆန်းကြမ်းများအား အိုကြီးတွေထဲထည့်ကာ ကျောင်းဝန်းထဲမှာဘဲ ပြုတ်တော့သည်။

မနက်ခင်းပိုင်းစာသင်ချိန်တွေပြီးသွားသည့်နောက် အတန်းပိုင်းဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအား အိမ်ပြန်ကာ ပန်းကန်၊ ဇွန်း အသီးသီးယူခဲ့ကြဖို့ မှာလိုက်ကြ၏။

ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း နေ့လည်ကျောင်းနားချိန်မှာအိမ်ကိုပြန်လာခဲ့ကြတော့သည်။

ယွမ်ဟောင်ဘင်းသည်လည်း ‌ဒီနှစ်မှာ ပထမတန်းတက်နေပြီဖြစ်သည်။ ဒါ့ကြောင့် ကျောင်းကကျင်းပသည့်စားသောက်ပွဲမှာ သူလည်း ပါဝင်ရတော့မှာဖြစ်သည်။

အိမ်ကိုရောက်တော့ သူတို့တွေက ဖန်းရှုံးယန်အား အကျိုးအကြောင်းပြောပြကာ ပန်းကန်နဲ့ဇွန်းများကိုတောင်းခဲ့ကြသည်။

ဖန်းရှုံးယန်လည်း သူမ၏သားသမီးတွေကိုပန်းကန်နဲ့ဇွန်းတွေထုတ်ပေးလိုက်၏။

ယွမ်ဟောင်ဂျန်က သူ့လက်ထဲရောက်လာသည့် ပန်ကန်ကြီးကိုကြည့်ကာ မျက်နှာရှုံ့မဲ့သွားပြီး
"အမေ၊ အိမ်က အသေးဆုံးပန်းကန်လေးပေးပါလား"

အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်က အရသာအရမ်းဆိုး၍ ပန်းကန်သေးသေးလေးဖြင့် နည်းနည်းသာစားနိုင်မှာမို့ဖြစ်ပေသည်။

အိမ်မှာက ပန်းကန်သေးတာ နှစ်လုံးဘဲရှိ၍ ဖန်းရှုံးယန်လည်း ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းကိုဘဲ ပေးလိုက်သည်။

ကျန်တဲ့သူတွေအတွက်ကိုတော့ အိမ်မှာစားနေကြပန်းကန်များပေးလိုက်၏။

ရဲ့ချူးဝမ်က
"အမေ၊ သမီးကို ဒီထပ်ပိုကြီးတဲ့ပန်းကန်ပေးပါ"

အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်က အရသာဆိုးတယ်ဆိုပေမယ့် သူမက ကျောင်း၏စံပြတစ်ယောက်ဖြစ်တာမို့ လူအများထက်ပိုပြီး စားသောက်ပြရပါမည်။ ဒါ့ကြောင့်လည်း ရဲ့ချူးဝမ်က ပန်းကန်လုံးကြီးတာကိုတောင်းလိုက်ခြင်းဖြစ်၏။

ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း သူမတို့၏ပန်းကန်နဲ့ဇွန်းအား လွယ်အိတ်ထဲထည့်ပြီးသည့်နောက်မှာ ကျောင်းကိုပြန်ထွက်လာခဲ့ကြတော့သည်။

လမ်းမှာ ယွမ်ဟောင်ဂျန်က အရသာဆိုးတဲ့အစားအစာတွေစားဖို့ကျောင်းကိုမသွားချင်ဘူးဟု ညီးတွားလိုက်၏။

ယွမ်ရိနဲ့ယွမ်ကျဲသည်လည် ထိုအသီးအရွက်နဲ့ဆန်ကြမ်းပြုတ်ကြီးကိုမစားချင်ကြပေ။ သူမတို့ ကိုယ်တိုင်က ကျေးလက်ကနေ တက်လာကြ၍ ကျေးလက်ဒေသမှာ ထိုကဲ့သို့စားစရာမျိုးအား တကယ်မစားကြကြောင်း သိကြပေသည်။

'ငါ့နဲ့နော်၊ ဘဝကူးလာပြီးမှ ဝက်စာနဲ့တူတာတွေလည်း စားရဦးမယ့်ကံကြုံနေရပြီ'
ယွမ်ရိတစ်ယောက် စိတ်ထဲမှာ ငိုချင်းချနေပြီဖြစ်သည်။

ကျောင်းရောက်တော့ အတန်းထဲဝင်ထိုင်လိုက်ကြ၏။ ဝင်ထိုင်ပြီးမကြာခင်မှာဘဲ ကျောင်းသားတချို့ အသီးအရွက်နဲ့ဆန်းကြမ်းပြုတ်ထည့်ထားသော ခွက်များကို ကိုင်လာကာအတန်းထဲ ဝင်လာကြတော့သည်။

ယွမ်ရိတို့လည်း သူမတို့၏ပန်းကန်များအား စားပွဲပေါ်တင်ပေးလိုက်၏။ ထိုအခါ ‌အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်သယ်လာသောကျောင်းသားများက ပန်းကန်တွေကိုသို့ အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်တွေလိုက်ထည့်ပေးကြတော့သည်။

တချို့ကျောင်းသားတွေက ပန်းကန်လုံးအသေးလေးတွေယူလာကြသည့်အတွက် ကျောင်းသားကြီးတွေက နည်းနည်းဆူလိုက်သေး၏။ ပန်းကန်အကြီးကြီးယူလာတဲ့သူတွေကိုတော့ ကျောင်းသားကြီးများက ချီးကျူးကြပါသည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့၏ပန်းကန်ကတော့ သေးလည်းမသေး၊ ကြီးလည်းမကြီးသည့်အတွက် ချီးကျူးခံရတာမျိုးအဆူခံရတာမျိုး လုံးဝမရှိခဲ့ချေ။

ယွမ်ရိဟာ သူမပန်းကန်အတွင်းမှ အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်ကိုကြည့်ရင်း စိတ်တွေညစ်နေ၏။ ဒါပေမယ့် အတန်းရှေ့မှာ ဆရာ၊ ဆရာမတွေက ကြည့်နေကြ၍ မျက်စိစုံမှိတ်လို့ ကြိတ်မှိတ်မျိုလိုက်သည်။
လျှာပေါ်မှာ အရသာခံမနေဘဲ ဗိုက်ထဲရောက်ပြီးမြန်မြန်ကုန်ပြီးရောသဘောဖြင့် ခပ်သွက်သွက်လေးမျိုချလိုက်တာ မကြာခက်မှာဘဲ သူမပန်းကန်ထဲမှ အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်တွေကုန်အောင် စားပြီးသွားတော့၏။

အကုန်ကုန်အောင်စားပြီးသွားတော့ ယွမ်ရိဗိုက်ထဲ တမျိုးကြီးခံစားရကာ အော့အန်ချင်စိတ်တွေတဖွားဖွားဖြစ်ပေါ်လာတော့သည်။

သူမက အသီးအရွက်နဲ့ဆန်ကြမ်းပြုတ် ပန်းကန်လုံးအကြီးကြီးဖြင့် အားရပါးရစားနေရင်းဆရာမထံမှ ချီးကျူးမှုများရနေသော ရဲ့ချူးဝမ်ကိုကြည့်ကာ မျက်ဝန်းများကျဉ်းမြောင်းသွားရတော့သည်။
'စံပြကျောင်းသားကျောင်းသူဖြစ်ရတာလည်း မလွယ်လိုက်တာ။ ဒီလောက်အရသာဆိုးတဲ့ဟာကြီးကိုတောင်မှ အားရပါးရ စားပြနေရသေးတယ်'
ဟု စိတ်ထဲကနေ တွေးလိုက်မိ၏။

ယွမ်ကျဲလည်း စားပြီးသွားပြီဖြစ်၍ ညီအမနှစ်ယောက် စားပြီးသားပန်းကန်များကိုယူကာ ဆေးကြောရန်အတွက် ရေစင်ရှိရာသို့ထွက်လာခဲ့ကြတော့သည်။

ပန်းကန်တွေကိုပြောင်အောင်ဆေးပြီးတာနဲ့ ယွမ်ရိက ပတ်ဝန်းကျင်မှာအခြား‌လူတွေရှိမရှိအရင်ကြည့်လိုက်သည်။ သူမနဲ့ယွမ်ကျဲနှစ်ယောက်တည်းဘဲရှိနေတာသေချာသွားမှ ပါးစပ်ကြီးကိုမဲ့လိုက်ကာ
"ဒီစိတ်ပျက်စရာအစားအစာတွေကိုစားရလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးဘူး"

ယွမ်ကျဲက ယွမ်ရိကိုကြည့်ကာ ပြုံးလိုက်ပြီး
"အမရယ်၊ စားပြီးလို့ ဗိုက်ထဲ‌တောင်ရောက်နေပြီဘဲဟာ။ အခြားဘူတွေကြားသွားရင်လည်း မကောင်းဘူးနော်"
ဟု ပြောလိုက်၏။

ယွမ်ရိက
"ဒီနေရာမှာ အခြားဘယ်သူမှမရှိပါဘူးဟာ"

"အွန်းပါ။ အခု ပန်းကန်တွေလည်း ဆေးပြီးသွားပြီဆိုတော့ ပြန်ကြရအောင်"
ဟု ယွမ်ကျဲက ပြောလိုက်တော့သည်။

ညီအမနှစ်ယောက်လည်း အတန်းထဲသို့ပြန်လာခဲ့ကြတော့သည်။

ပြီးတာနဲ့ဝါဒဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပြီး အဆိုပါဝါဒများအပေါ် ကိုယ့်ရဲ့ထင်မြင်ချက်များအား ရေးသားခဲ့ကြ၏။
ထိုအရာများကိုရေးသားပြီးသည့်အခါ ကျောင်းချိန်လည်းကုန်တော့မှာဖြစ်သည်။ ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏စာအုပ်များအား လွယ်အိတ်အတွင်း သပ်သပ်ရပ်ရပ်ပြန်ထည့်လိုက်ကြသည်။

နေ့ခင်းက စားထားသည့်အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်ကြောင့် သူမတို့နှစ်ယောက်လုံး ဗိုက်ထဲမှာ မအီမလည်ကြီးဖြစ်နေကြပါသည်။ ဒါပေမယ့် အစာမကြေတာမျိုးတော့ မဖြစ်ချေ။ ဘာလို့လည်းဆိုတော့ အသီးအရွက်နဲ့ဆန်ကြမ်းပြုတ်က နူးနေအောင် ပြုတ်ထားလို့ဘဲဖြစ်သည်။

ဒါ့ကြောင့် သူမတို့ဗိုက်ထဲက အစာတွေ‌ဖြည်းဖြည်းချင်းအစာချေတာကိုစောင့်ရုံဘဲ တတ်နိုင်တော့မှာဖြစ်၏။

ညီအမနှစ်ယောက် ကျောင်းဝန်းအပြင်ကိုထွက်လိုက်တာနဲ့ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့နှစ်ယောက်ဟာလည်း ချက်ချင်းဘဲ ယွမ်ရိနဲ့ယွမ်ကျဲအနားသို့ရောက်ရှိလာခဲ့၏။

ရူးကျောင်းက သူ့လက်ထဲမှ မုန့်တစ်ထုပ်ကာ ယွမ်ရိ‌အား ပေးသလို ချန်းဝေ့တုန်းကလည်း သူ့လက်ထဲက မုန့်အား ယွမ်ကျဲကိုပေးလိုက်၏။
"အချိုလေးစားလိုက်ကြဦး။ ဗိုက်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ်မလား"

ယွမ်ရိနဲ့ယွမ်ကျဲလည်း ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့ပေးသည့် မုန့်တွေကိုယူလိုက်ကာ
"ကျေးဇူးတင်ပါတယ်"
ဟု ပြောလိုက်ကြသည်။

ထို့နောက် လေးယောက်သား လမ်းလျှောက်ရင်းဖြင့် အိမ်ပြန်လာခဲ့ကြတော့၏။

ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ဟာ ထိုမြင်ကွင်းကို မြင်တော့ အရမ်းမနာလိုဖြစ်သွားကြတော့သည်။
'ရူကျောင်းက ဘာလို့ယွမ်ရိအတွက် မုန့်ဝယ်ပေးရတာလဲ။ သူတို့အဲ့ဒီအဆင့်ကိုတောင်မှ ရောက်သွားကြတော့တာလား'

ယွမ်ရိဟာ ရူကျောင်းနဲ့အတော်အသင့်ရင်းနှီးလာပြီးသည့်နောက်မှာ ရူကျောင်းပေးသော‌မုန့်များကို မငြင်းဆန်တော့ချေ။ သူမဘက်ကနေလည်း ရူကျောင်းအတွက် မုန့်တချို့ကို ပြန်ဝယ်ပေးလေ့ရှိ‌လာ၏။

အစက ရူကျောင်းနဲ့သူငယ်ချင်းမလုပ်ဖူးဟု ပြောထားပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားကာ သူငယ်ချင်းများဖြစ်လာခဲ့ကြတော့သည်။

ရူကျောင်းက လမ်းလျှောက်နေရင်းဖြင့်
"ယွမ်ရိ၊ ဒီတစ်ပတ်ကျောင်းပိတ်ရက်ကျရင် အပြင်လျှောက်လည်ကြ‌ရအောင်"
ဟု ပြောလိုက်သည်။

ဒါပေမယ့် ယွမ်ရိကတော့ ခေါင်းယမ်းကာ
"တော်ပါပြီဟာ"
ဟုပြောရင်း ငြင်းလိုက်၏။

ချန်း‌ဝေ့တုန်းကလည်း ယွမ်ကျဲအား
"ကလေးပေါက်စ၊ နင်ရော ငါတို့နဲ့လျှောက်လည်ချက်လား"
ဟု မေးလိုက်၏။

ယွမ်ကျဲကလည်း ခေါင်းကိုအသာယမ်းလျက်
"အမရှောင်ရိတောင် မလည်တာကို ငါလည်း မလည်ပါဘူး"

ညီအမနှစ်ယောက်လုံး လျှောက်မလည်ချင်ကြသည့်အတွက် ရူကျောင်းနဲ့ချန်းဝေ့တုန်းလည်း နောက်ထပ် လျှောက်လည်ဖို့ထပ်မမေးကြတော့ချေ။

သူတို့က ယွမ်ရိနဲ့ယွမ်ကျဲတို့၏အိမ်အနားထိတိုင်အောင် လိုက်လာခဲ့ကြပြီး ယွမ်ရိနဲ့ယွမ်ကျဲတို့အိမ်ထဲဝင်သွားမှ ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြသည်။

နောက်ရက်ဟာ စနေနေ့ဖြစ်သည့်အတွက် ကျောင်းပိတ်ပေသည်။ ယွမ်ရိနဲ့ယွမ်ကျဲဟာ အိပ်ရာကနေ စောစောစီးစီးထခဲ့ကြပြီး မျက်နှာသစ်၊ သန့်ရှင်းရေးလုပ်ကာ အောက်ထပ်မှာ မနက်စာစားခဲ့ကြသည်။ ပြီးတာနဲ့ အပေါ်ထပ်ကိုပြန်တက်လာကာ စာလုပ်ကြတော့သည်။

နေ့လယ်ခင်းသို့ရောက်တဲ့အခါမှာလည်း နေ့လယ်စာစားဖို့အတွက်တင် အောက်ဆင်းကာ စားပြီးတာနဲ့အပေါ်ပြန်တက်၍ စာကိုဘဲ ဆက်လုပ်ခဲ့ကြသည်။
ဒါ့ကြောင့် ဖန်းရှုံးယန်ကပင်
"စားဖို့သောက်ဖို့ကလွဲရင် အောက်ထပ်ကိုယောင်လို့တောင် ဆင်းမလာကြတဲ့ဟာတွေ"
ဟု ညီးညူလိုက်သေး၏။

ဒီလိုနဲ့ ညဘက်သို့တဖြည်းဖြည်းရောက်လာတော့သည်။ စနေနေ့ဖြစ်သည့်အတွက် သူတို့ရပ်ကွက်ထဲမှာ ရုပ်ရှင်ပြနေပြီဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားထံမှ အသံဗလံတွေကြောင့် ယွမ်ကျဲဟာ စာထဲမှာ အာရုံသိပ်မရောက်တော့ဘဲ ရုပ်ရှင်ထံအာရုံပျံ့,ပျံ့သွား၏။

ဒါကိုယွမ်ရိက သတိထားမိလိုက်တာကြောင့် သူမစာအုပ်ကိုပိတ်လိုက်ကာ
"သွားကြစို့၊ ရုပ်ရှင်သွားကြည့်ကြမယ်"

ထိုအခါမှ ယွမ်ကျဲလည်း သူမအာရုံလွင့်နေတာကိုယွမ်ရိထံမှာမိသွားခြင်းဖြစ်ကြောင်း သိသွားကာ ရှက်ရွံ့သွားသောလေသံဖြင့်
"အမ၊ ညီမ တမင်ရည်ရွယ်ပြီး အာရုံလွင့်သွားတာမဟုတ်ပါဘူး"
ဟု ပြောလိုက်၏။

ယွမ်ရိက ပြုံးလိုက်ကာ
"ရပါတယ်၊ အမဘက်ကလည်း နည်းနည်းလွန်သွားတယ်။ စာလုပ်ချိန်စာလုပ်ပြီး အနားယူချိန်လေးလည်း ရှိရရဦးမှာပေါ့"

ထိုအခါမှ ယွမ်ကျဲလည်း ပျော်သွားကာ စိတ်အေးလက်အေးဖြစ်သွားတော့သည်။ ထို့နောက် ညီအမနှစ်ယောက် စာအုပ်များကိုသိမ်းလိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြတော့သည်။

ဒါပေမယ့် သူမတို့ရုပ်ရှင်ပြသည့်နေရာကိုရောက်တော့ လူတွေပြည့်နေပြီဖြစ်သည်။ ဒါ့ကြောင့် ရှေ့တန်းမှာ နေရာမရကြတော့ဘဲ နောက်ဆုံးမှာဘဲ အသာဝင်ကြည့်လိုက်ကြရတော့သည်။

ကံကောင်းတာက ရုပ်ရှင်က သူမတို့ကြည့်ဖူးထားတဲ့ရုပ်ရှင်ကိုဘဲ ပြနေတာဖြစ်၍ တစ်ဝက်တပြက်မှ ကြည့်ရပေမယ့်လည်း ယွမ်ရိတို့ဟာ ဇာတ်ရည်လည်ခဲ့ပေသည်။

လူတွေအများကြီးရုပ်ရှင်ကြည့်နေကြပေမယ့် အကုန်လုံးက ဆူညံသံများမလုပ်ကြဘဲ ရုပ်ရှင်ကိုဘဲ အာရုံစိုက်ကြည့်နေကြ၍ တိတ်ဆိတ်နေပေသည်။


ရုတ်တရက် ချန်းဝေ့တုန်းက ရူကျောင်း၏ပုခုံးအား ပုတ်ကာ အနောက်တစ်နေရာကိုလက်ညိုးထိုးပြလိုက်သည်။

ရူကျောင်းလည်း လှည့်ကြည့်လိုက်သည့်အခါ ယွမ်ရိနဲ့ယွမ်ကျဲတို့ညီအမနှစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။

ဒါ့ကြောင့်နှစ်ယောက်သား သူတို့နေရာကနေ မတ်တတ်ရပ်လိုက်ကြပြီး ယွမ်ရိတို့အနားကို ရွေ့သွားကြသည်။
ယွမ်ရိတို့အနားကိုရောက်တာနဲ့ ချန်းဝေ့တုန်းက ယွမ်ကျဲ၏ပုခုံးကိုပုတ်ကာ
"ကလေးပေါက်စ"
ဟု ခေါ်လိုက်၏။
ထိုအခါ ယွမ်ရိနဲ့ယွမ်ကျဲလည်း ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့ကိုသတိထားမိသွားကာ နှုတ်ဆက်လိုက်ကြတော့သည်။
ထို့နောက် လေးယောက်သား ရုပ်ရှင်ပိတ်ကားထပ်ပေါ်မှ ရုပ်ရှင်အား အတူတကွကြည့်ကြတော့သည်။
အချိန်အတော်ကြာပြီးသည့်နောက် ယွမ်ရိက ယွမ်ကျဲအနားကိုကပ်ကာ
"ရှောင်ကျဲ အမ ရုပ်ရှင်မကြည့်ချင်တော့ဘူး။တခြား‌နေရာသွားတော့မယ်။ ရူကျောင်းတို့နဲ့ ရုပ်ရှင်ကြည့်နေရစ်ဦးနော်"
ဟု ပြောလိုက်၏။

ယွမ်ကျဲသည်လည်း ယွမ်ရိဟာ ရုပ်ရှင်ကြည့်ရတာကိုသိပ်မနှစ်သက်ဘူးဆိုတာကိုသိ၍ ခေါင်းညိတ်ပြလိုက်၏။

ဒါ့ကြောင့် ယွမ်ရိလည်း ထိုနေရာကနေ ထွက်လာခဲ့တော့သည်။ ဒါပေမယ့် သူမက အိမ်ကိုတန်းမပြန်သေးပေ။သူမက ရုပ်ရှင်ပြသည်နေရာနဲ့မနီးမဝေးမှာဘဲ အနားယူဖို့ထွက်လာခဲ့သည်။

ရူကျောင်းသည်လည်း ယွမ်ရိထွက်သွားတာကိုမြင်တော့ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့အား နှစ်ယောက်တည်းချန်ခဲ့ကာ ယွမ်ရိနောက်ကို လိုက်သွားခဲ့သည်။

သူက ယွမ်ရိကို လိုက်မှီသွားတာနဲ့
"ရုပ်ရှင်ကြည့်ရတာမကြိုက်ဘူးလား"

ယွမ်ရိက ခေါင်းယမ်းကာ
"မဟုတ်ပါဘူး။ အခု ပြနေတဲ့ရုပ်ရှင်ကို နှစ်ကြိမ်လောက်ကြည့်ပြီးတော့တာမို့လို့ မကြည့်ချင်တော့လို့ ထွက်လာခဲ့တာ"
ဟု ပြန်ဖြေပေးလိုက်သည်။

ထိုအခါ ရူကျောင်းက
"ဒါဆိုရင် ဘာလုပ်ချင်သေးလဲ"
ဟု ထပ်မေးလိုက်၏။

ယွမ်ရိက
"ဘာမှမလုပ်ချင်တော့ဘူး။ ဒီတိုင်းလေးဘဲ အနားယူချင်တယ်"

ထို့နောက် ယွမ်ရိက ထိုင်စရာ နေရာတစ်ခုကိုရှာကာ ဝင်ထိုင်လိုက်သည်။

ရူကျောင်းကလည်း ယွမ်ရိဘေးမှာဝင်ထိုင်လိုက်ကာ
"ဟေးး နင်ဒီကိုရောက်လာတာကြာနေပြီမလား။တခြား ဖျော်ဖြေပွဲတွေကို သွားဖူးလား"
ဟု မေးလိုက်၏။

ယွမ်ရိက သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

ထိုအခါ ရူကျောင်းက ပြုံးလိုက်ကာ
"ပြဇာတ်တို့၊ ဘဲလေးအကတို့၊ မျက်လှည့်ပွဲတို့၊ သီချင်းဆိုပွဲတို့လေ၊ ပြီးတော့ အခြားပွဲတွေလည်း အများကြီးရှိသေတယ်"

"ဟုတ်လား"
ယွမ်ရိ ထိုပွဲတွေကို အမှန်တကယ်ပင် စိတ်ဝင်စားသွားခဲ့သည်။

ရူကျောင်းလည်း ခေါင်းညိတ်ကာ
"နောက်ကျောင်းပိတ်ရက်တွေကျရင် ငါတို့အတူတူသွားကြည့်ကြမလား"
ဟု ယွမ်ရိကို မေးလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now