အပိုင်း - ၁၁၀.၁
ဝမ်ရှောင် အဝတ်လဲပြီးတာနှင့် ယွမ်ရိက သူမကိုယ်တိုင်းကို သေချာတိုင်းယူလိုက်လေသည်။
ပြီးမှ သုံးယောက်သားထိုင်ကာ ခဏလောက် စကားပြောလိုက်ကြလေသည်။
ရှဲ့သုန့်ရန်နဲ့ဝမ်ရှောင်တို့နှစ်ယောက်ဟာ ယွမ်ရိနဲ့ အချိန်အတော်ကြာအောင် စကားပြောပြီးသွားမှ ပြန်ဖို့ ပြင်ကြသည်။
ယွမ်ရိ သူတို့ကို ရုံးခန်းအပြင် လိုက်ပို့ပေးလာကာ ချန်းနော်နော်ကိုပဲ အောက်အထိ လိုက်ပို့ပေးဖို့ ပြောလိုက်လေသည်။
ဝမ်ရှောင်နဲ့ရှဲ့သုန့်ရန်တို့ကို ပြန်ပို့ပြီးတာနှင့် ဖုန်းမြည်လာတာကြောင့် ဖုန်းကိုင်လိုက်ရာ
"မစ္စစ်ချန်၊ ဒီနေ့ည ညစာအတူတူစားအောင်လေ။ ကျွန်မဧည့်ခံပါ့မယ်။"
ဟု စနောက်ကာ ပြောလိုက်သည်။
ချန်ခွန်းက ခပ်တည်တည်ဖြင့် ဟာသပြန်လုပ်လိုက်၏။
"ကောင်းလိုက်တာ။ ဒါနဲ့ ပြန်လည်ပြင်ဆင်ရေး ငွေချေပြီးသွားပြီလား မသိဘူး?"
"တကယ်ကို အန်တီငါးဆီကနေ ဘာမှဝှက်ထားလို့ မရဘူးပဲ။"
"အိုခေ။ ငါတို့တွေ မတွေ့ရတာလည်း ကြာပြီပဲ။ ငါတို့မိသားစုတွေ ညနေခင်းကျ တွေ့ကြတာပေါ့။"
ယွမ်ရိက ချန်ခွန်းကို ခေါ်ပြီးတာနှင့် နှင်းဆီစံအိမ်ဆိုင်က ဒါရိုက်တာဆီ ဖုန်းလှမ်းဆက်လိုက်ကာ၊ "ဒါရိုက်တာယွမ်ရှင့်၊ ဒီနေ့ည ကျွန်မတို့တွေ ညစာအတူတူစားကြမလားရှင့်။ ကျွန်မဧည့်ခံပါ့မယ်။"
သူမ၏ဦးလေးကိုလည်း ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"အပြင်မှာမစားဘဲ အိမ်မှာပဲ စားကြရအောင်လေ။ လူကြီးတွေက အပြင်ထွက်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေရတာတွေ ကြိုက်တာမဟုတ်တော့။ တချို့ ဟင်းပွဲတွေပဲဝယ်ပြီး အိမ်မှာပဲချက်စရာရှိတာ ချက်စားကြတာပေါ့။ လူကြီးတွေလည်း အကြိုက်လေ သမီးရယ်။"
"အိုခေ၊ ဒါဆိုသမီး အသီးအရွက်တွေဝယ်ဖို့ စောစောအလုပ်ဆင်းလိုက်မယ်။"
ယွမ်ရိက ယွမ်ချီကျီတို့ဆီကိုလည်း ဖုန်းခေါ်လိုက်သည်။ ပြီးတာနှင့် လင်းယောင်နဲ့ယွမ်ကျဲတို့ကိုပါ ခေါ်လိုက်လေသည်။ ယွမ်ချူးရွယ်ကိုတော့ ကျောင်းတစ်ဖက်နဲ့မလို့ အထူးတလည်ခေါ်မနေတော့ပေ။
မိသားစုညစာစားပွဲကို ညနေခင်းလုပ်မယ်ဆိုပြီး ပြောပြီးကတည်းက ယွမ်ရိအလုပ်စောစောဆင်းကာ ဟင်းသီးဟင်းရွက်ဈေးဘက် ထွက်လာလိုက်လေသည်။ ပြီးနောက် ဘဲကင်လည်းဝယ်ကာ ယွမ်ချီကျီတို့အိမ်ဘက် လှည့်ဝင်လာလိုက်လေသည်။
လမ်းကြားလေးထဲဝင်လာလိုက်ပြီး ယွမ်ရိက အရင်ဆုံး ဟင်းပွဲတွေကိုင်ကာ ရောက်ရှိလာသူဖြစ်နေလေသည်။ ခြံဝန်းအတွင်းဆုံး တံခါးပေါက်ကိုကျော်လာတော့ ယွမ်ရိ အော်လိုက်ကာ၊ "ဖွားဖွား၊ ဘဘ သမီးလာပြီ။"
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့က ကြက်တွေကို ကျွေးဖို့လုပ်နေကြတုန်း ယွမ်ရိဝင်လာသည့်အသံကြားကာ ခေါင်းတွေမော့ကြည့်လာကာ၊ "ရှောင်ရိလာပြီပဲ။"
"အဖွားတို့ ကြက်စာကျွေးဖို့ လုပ်နေကြတာလား?"
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ မြို့ကြီးပြကြီးမှာ မပျင်းရိစေဖို့ ယွမ်ချီကျီတို့တွေ ရွာကနေကြက်တွေဝယ်ယူလာကာ အပြင်ခြံဝင်းထဲ မွေးထားလိုက်ပြီး လူကြီးတွေကို အဖော်ပြုနေစေလိုက်လေသည်။
"ခုလေးတင်ပဲ လုပ်နေကြတာ သမီးရေ။"
ယွမ်ရိ ကားကို ပါကင်ထိုးလိုက်ကာ ဂိတ်ကနေအဝင်မှာပင် ကျောင်းကနေပြန်လာပုံရသည့် ယွမ်ရွယ်ကိုတွေ့လိုက်ရလေတော့သည်။ ယွမ်ရွယ်ကခုဆို အခြေခံကျောင်းဒုတိယတန်းပင် ရောက်နေပြီဖြစ်ကာ ချစ်စရာကောင်းသည့် မိန်မလှလေးပင် ဖြစ်နေရှာပြီဖြစ်လေသည်။
"မမ"
"ရွယ်ရွယ်လေး ပြန်ရောက်လာပြီပဲ။"
နှုတ်ဆက်ပြီးတာနှင့် ယွမ်ရွယ်လေးပါ နောက်ကလိုက်လာကာ ကားထဲကပစ္စည်းတွေကို ကူထုတ်ပေးလာလေသည်။
ယွမ်ရိတို့ ပစ္စည်းတွေသယ်လာနေတုန်း ယွမ်ကျီကောင်းတို့ကတော့ ကြက်စာကျွေးနေကြကာ ပြီးနောက် ထလာကြပြီး ယွမ်ရိတို့နှင့်အတူ ဟင်းသီးဟင်းရွက်တွေ လာသင်ပေးကြ၏။ ဟင်းရွက်ခြွေပြီဆိုမှတော့ စကားလေးတွေပါ ပြောကြဖို့က မပါမဖြစ်ပေ၊ လျူရှင်းဟွာက မေးလာကာ၊ "ဘာမှမထူးခြားသေးဘူးလား သမီး?"
ဘာကိုဆိုလိုချင်မှန်း သိနေတာမလို့ ယွမ်ရိလည်းပြန်ဖြေလိုက်ကာ၊ "ဖွားဖွား၊ စိတ်မပူပါနဲ့။"
"ဘာလို့ အလျင်မလိုရတာတုန်း? သမီးက အခုဆို ၃၀ နားကပ်နေပြီနော်။"
နောက်ထပ် ၂ နှစ်အကြာဆို ၃၀ ပြည့်တော့မှာဆိုပေမဲ့ ယွမ်ရိ လောမနေပေ။ လက်ထပ်ပြီး ၂ နှစ်ကျော်ကြာသည်အထိ သူမဘက်က ထိုကိစ္စနှင့်ပတ်သက်ပြီး အေးဆေးပင်။ သူမအရင်ဘဝတုန်းကဆို လက်တောင် မထပ်ခဲ့သလို ကလေးဆိုတဲ့အကြောင်းတွေးဖို့ဆိုတာ ဝေလာဝေးပင်။
"ဒါဆို ၃၀ ပြည့်အောင်ပဲ စောင့်လိုက်တော့မယ်လေ။"
ယွမ်ရိနဲ့လျူရှင်းဟွာတို့ ဟင်းရွက်ခြွေနေရင်း စကားခဏလောက်ပြောနေလိုက်ကြကာ မကြာခင်မှာပဲ ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့ အရင်ဆုံးပြန်ရောက်လာကြလေသည်။ ပြီးနောက် လင်းယောင်၊ ယွမ်ချန်ရှန်းနှင့်ယွမ်ကျဲမိသားစုတို့ ရောက်လာကြလေတော့သည်။
လူကြီးတွေက အတူတူဟင်းချက်နေကြကာ ကလေးတွေဖြစ်တဲ့ ယွမ်တပေါင်၊ ယွမ်ရွယ်နဲ့ချန်းရှုတို့ကတော့ ဆော့နေကြလေသည်။
ယွမ်ကျီကောင်းလည်း ကြက်စာကျွေးပြီးတာနှင့် ကလေးတွေနှင့်အတူ လာဆော့ပေးရှာလေသည်။
ဆော့နေတုန်းမှာပင် စားပွဲပေါ်မှာ ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲ ပြည့်လာတော့သည်။ အခုလို မိသားစုလိုက် စုချက်သည့်အချိန်တိုင်းက ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့အတွက်တော့ အပျော်ဆုံးအချိန်တွေပင်။
ညစာပြင်ဆင်တာ ပြီးလုနီးပါးရှိလာကာ နောက်ဆုံးတော့ တစ်မိသားစုလုံးထိုင်၍ စားဖို့ပြင်လိုက်ကြတော့သည်။
လူတိုင်း တူတွေကို မကိုင်သေးခင်မှာဘဲ ယွမ်ရိက လည်ချောင်းရှင်းကာ ပြောလာလေသည်။
"ညစာမစားခင် စကားနည်းနည်း ပြောမယ်နော်။ ဒီနေ့အတွက် အကြီးကြီးနှစ်ခု ကြေညာစရာ ရှိပါတယ်။ အဲ့ဒါတွေကတော့ တစ်ယောက်ကတော့ မထင်ထားပဲ ကံကောင်းသွားရှာပြီးတော့ နောက်တစ်ယောက်ငါတို့ရဲ့ ရှောင်ကျဲကတော့ ဌာနရဲ့အကြီးအကဲဖြစ်သွားပါပြီတဲ့။" ဟု ဝမ်းသာအားရ ကြေညာပေးလိုက်သည်။