Chapter 72.2

2.2K 238 0
                                    

အပိုင်း - ၇၂.၂

ရူကျောင်းက
"ဒါဆိုရင် နင်ကရော"
ဟု ရုတ်တရက် ထမေးလိုက်သည်။

ယွမ်ရိက
"ငါလည်း နောက်ငါးနှစ်ကြာတဲ့အထိ အချစ်ရေး၊အချစ်ရာအပေါ်မှာ အာရုံထားနေဦးမှာမဟုတ်ဘူး"
ဟု ပြန်ဖြေပေးလိုက်သည်။

ရူကျောင်းက ယွမ်ရိအား အလေးအနက်စိုက်ကြည့်ကာ
"နင့်စကားတွေကို နင်တည်နိုင်ပါစေလို့ ငါမျှော်လင့်တယ်"
ဟု ပြောလိုက်၏။

ယွမ်ရိက ပြုံးလိုက်ကာ
"ရူကျောင်း။ နင်နဲ့ငါနဲ့သိလာ၊ ခင်လာကာ တစ်နှစ်ကျော်နေပြီ။ ဒီအချိန်တွေအတွင်း ငါက အချစ်ရေးအချစ်ရာတွေဘက် စိတ်အာရုံရောက်နေတာကို နင်မြင်ဘူးလို့လားဟ။ ငါ့စကားငါ တည်နိုင်ပါတယ်"

ရူကျောင်းဟာ ယွမ်ရိအား တစ်ချက်ကြည့်ပြီးနောက် ဘာမှထပ်မပြောတော့ဘဲ အကြည့်လွှဲလိုက်သည်။

စစ်တပ်ထဲဝင်ရတော့မည်ဆိုပေမယ့် သူ့အပေါ်မှာ ဖိအားလုံးဝမရှိဘဲ သက်တောင့်သက်သာရှိလို့နေသည်။ ဒါတွေဟာ ငယ်ငယ်လေးကတည်းက သူ့ကိုပုံစံသွင်းပေးထားသည့် သူ့အဖေ၏ကျေးဇူးတရားတွေပင်။ သူ့အတွက်တော့ အိမ်မှာနေရတာကလည်း စစ်တပ်ထဲကလိုပင် စည်းနဲ့ကမ်းနဲ့နေရခြင်းပင်။

ဒါ့ကြောင့် သူဟာ စစ်တပ်ထဲရောက်သွားခဲ့လျှင်တောင်မှ လျင်မြန်စွာဖြင့်ပင် အသားကျသွားမည်ကို သူကိုယ်တိုင်လည်း သိလို့နေပေသည်။

ထို့နောက် သူနဲ့ယွမ်ရိတို့ဟာ ထိုင်နေရာကနေ ထပြီးမြစ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်လိုက်ကြတော့သည်။

အချိန်ခဏမျှလမ်းလျှောက်ပြီးသည့်နောက်မှာ ယွမ်ရိက ရပ်လိုက်ပြီး ရူကျောင်းဘက်သို့လှည့်ရင်း လက်ဆန့်ကာ
"ကဲ၊ အခုတော့ ငါတို့လည်း နှုတ်ဆက်ကြတော့ပေါ။စစ်တပ်ထဲရောရင် အပြစ်ပေးတာမခံရအောင်လည်း ဆင်ဆင်ခြင်ခြင်နေနော်"
ဟု ပြောလိုက်၏။

ရူကျောင်းကလည်း ယွမ်ရိကမ်းပေးသောလက်ကို ပြန်ဆွဲနှုတ်ဆက်လိုက်ရင်း ရယ်မောကာ
"နင်ကလည်း အတည်ပေါက်ကြီးနဲ့လုပ်နေတာ။ မသိရင် တစ်သက်လုံး မတွေ့တော့မယ့်သူကြီးကျလို့။နှစ်နှစ်‌ကြာလို့စစ်တပ်ထဲက ထွက်လာရင် တွေ့နေရဦးမယ့်ဟာကို"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိက အပြုံးလေးဖြင့်
"ဒီလောကမှာ အရာရာကအမြဲပြောင်းလဲနေလို့ ဘယ်အရာကိုမှ ပုံသေသတ်မှတ်ထားလို့မရဘူးလေ။ဒါ့ကြောင့် ပြန်တွေ့မယ် မတွေ့ဘူးဆိုတာကလည်း အတပ်ပြောလို့မရဘူး"

ယွမ်ရိစကားတွေကြောင့် ရူကျောင်း၏နှုတ်ခမ်းများမဲ့သွားကာ
"ဟေး၊ ငါက စစ်တပ်ထဲမှာ နှစ်နှစ်လောက်သွားနေရမှာနော်။ အဲ့လိုသွားနေရမယ့်သူကို စကားကောင်းကောင်းပြောပေးလို့မရဘူးလား"

ထိုအခါ ယွမ်ရိက သဘောကျသည့်ဟန်ဖြင့် အသံထွက်သည်အထိ ရယ်မောလိုက်သည်။ ပြီးမှ
"အေးပါဟယ်။ စစ်တပ်ထဲဝင်မယ့် စစ်သားကြီးရယ်။ နင်စစ်တပ်ထဲကပြန်လာရင် ငါတို့တွေ တွေ့ကြတာပေါ့။ နင်သာ ငါ့ကို ဒီနှစ်နှစ်အတွင်း မေ့ပျောက်မသွားနဲ့"
ဟု ပြန်ပြောလိုက်သည်။

ရူကျောင်းလည်း သူ့ရင်ဘက်ကို သူပုတ်လျက်
"စိတ်မပူပါနဲ့။ နင့်ကိုငါဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး"
ဟု ပြန်ပြောလိုက်တော့သည်။

သူတို့အဖွဲ့ဟာ ညနေခင်းရောက်သည်အထိ မြို့အနှံ့ဟိုဟိုဒီဒီ လျှောက်လည်ခဲ့ကြသည်။ ညနေရောက်တာနဲ့ စားသောက်ဆိုင်တစ်ခုခုမှ ဝင်ကာ ညစာစားခဲ့ကြ၏။

ညစာ စားပြီးသည့်နောက်မှ သူတို့တွေဟာ အိမ်ကိုပြန်လာခဲ့ကြတော့သည်။

အိမ်ပြန်လမ်း၊ လမ်းစုံလမ်းခွမှာ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ လက်တွေဝှေ့ယမ်းလျက် ရူကျောင်းတို့အဖွဲ့အား နှုတ်ဆက်လိုက်ကြတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ လည်း ရူကျောင်းတို့အား နှုတ်ဆက်ပြီး အိမ်ပြန်လမ်းကို လျှောက်လာခဲ့ကြသည်။ ဒါပေမယ့် သူမတို့သုံးလေးလှမ်းခန့်လျှောက်ပြီးသည့်နောက်မှာ နောက်‌ကနေ ရူကျောင်းက ရုတ်တရက်လှမ်းခေါ်လိုက်သံ ထွက်လာသည်။

ဒါ့ကြောင့် ယွမ်ရိလည်း နောင်ပြန်လှည့်ကြည့်လိုက်သည်။

ရူကျောင်းကယွမ်ရိနာမည်အား ခေါ်လိုက်ပေမယ့် ပြောရမည့်စကားလုံးများက ပါးစပ်ဖျားမှာ ပျောက်ကွယ်လို့နေသည်။

အချိန်ခဏကြာမှ သူက ယွမ်ရိကိုကြည့်ကာ
"ကောင်းသောညပါ။ အိပ်မက်လှလှမက်ပါစေ"
ဟု လှမ်းပြောလိုက်တော့သည်။

ဒါဟာ သူတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းလာဆိုသည်အား မသေချာပေမယ့် နောက်ထပ်နှစ်နှစ်အတွင်း တစ်ကြိမ်မှ မတွေ့ရဖို့ကတော့ သေချာလှပေသည်။

နောက်ရက်ရောက်သည့်အခါ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့အုပ်စုက မနက်အစောကြီးမှာဘဲ ရထားဘူတာမှတစ်ဆင့် စစ်တပ်စခန်းအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။ သူတို့က ဘယ်အချိန်သွားမည်ဆိုသည်ကို ကြိုပြောမထား၍ ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း လိုက်ပို့နိုင်ခြင်းမရှိခဲ့ကြပေ။

အချိန်အတော်ကြာအောင် ရင်းနှီးခဲ့ပြီးသည့်နောက် ရူကျောင်းတို့က ယခုကဲ့သို့ ရုတ်တရက်ထွက်ခွာသွားသည့်အခါ သူမတို့ဘဝထဲ တစ်စုံတစ်ခုလစ်လပ်သွားသကဲ့သို့ ယွမ်ရိတို့ ခံစားလိုက်ရသည်။

ဒါပေမယ့် ဒီကိစ္စက အရမ်းပျော်ရွှင်ဖွယ်ရာ တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ရူကျောင်းတို့အတွက်ပင်။အဘယ်ကြောင့်ဆိုသော် ဒီခေတ်ဒီကာလမှာ စစ်တပ်အတွင်း ဝင်ရောက်နိုင်ခြင်းက အလွန်အမင်း ဂုဏ်ရှိသောကြောင့်ပင်။

ဒါ့ကြောင့်လည်း မနေ့က လျှောက်လည်ကြသည့်အချိန်မှာ ရူကျောင်း၊ ချန်းဝေ့တုန်းနဲ့အခြားသုံးယောက်က စစ်တပ်ဝတ်စုံကြီးတကားကားနဲ့ဖြစ်နေကြခြင်းပင်။

ရူကျောင်းတို့မရှိတော့သည့်နောက်မှ ယွမ်ရိနဲ့ယွမ်ကျဲတို့၏ဘဝက ပိုပြီးငြီးငွေ့ဖွယ်ကောင်းလာခဲ့သည်။

သူမတို့ဟာ အပြင်မထွက်ကြဘဲ အိမ်ထဲမှာဘဲ အခန်းအောင်းနေခဲ့ကြကာ ကျောင်းစာတွေကိုကြိုလေ့လာခဲ့ကြသည်။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ စာသင်နှစ်တစ်နှစ်ပြန်စကာ ကျောင်းတွေလည်း ပြန်ဖွင့်တော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့သည်လည်း အလယ်တန်းဒုတိယနှစ်သို့ တက်ရောက်ပညာသင်ကြားကြတော့သည်။

အလယ်တန်းဒုတိယနှစ်က ပထမနှစ်နဲ့လုံးဝမတူပေ။အလယ်တန်းဒုတိယနှစ်မှာ စာတွေနဲ့ဘဲ နပန်းလုံးနေရရုံသာမက လက်တွေ့လေ့ကျင့်၊ လေ့လာရတဲ့အရာတွေလည်း အများကြီးပါလာတော့သည်။ ဒါပေမယ့် ယွမ်ရိတို့က စာကိုတစ်နေ့စာတစ်နေ့ ပိုင်ပိုင်နိုင်နိုင်လုပ်သွားသည့်အတွက် သူမတို့အပေါ်မှာတော့ ကျောင်းစာနဲ့ပတ်သက်ပြီးအခက်အခဲတွေမရှိခဲ့ချေ။

ဇူလိုင်နဲ့ဩဂုတ်လတွေမှာတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး ကောလာဟလတချို့ ပျံ့နှံ့လာ၏။ ဒါပေမယ့် ကောလာဟလက ကောလာဟလဘဲဖြစ်သည်မို့ လူတွေကလည်း အလေးမထားဘဲ လျစ်လျူရှုဂရုမစိုက်ခဲ့ကြပေ။

ဒါပေမယ့် ထိုကောလာဟလကို အလေးထားနေသောသူတချို့လည်း ရှိသည်။ အထူးသဖြင့် စာဂျပိုးတွေဖြစ်သည့် ယွမ်ရိနဲ့ယွမ်ကျဲတို့ပင်။

ယွမ်ကျဲက ယွမ်ရိအား
"အမ၊ အဲ့ဒီသတင်းက အမှန်ဖြစ်မယ်လို့ထင်လား"
ဟု မေးလိုက်၏။

ယွမ်ရိက ခေါင်းယမ်းပြကာ
"ငါလည်းမသိဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ဘက်က အဆင့်သင့်‌ဖြစ်နေအောင် ပြင်ဆင်ထားရမှာဘဲ"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ကျဲက နှုတ်ခမ်းကို အနည်းငယ်မဲ့လိုက်ကာ
"တကယ်လို့ သတင်းကသာ အမှန်ဆိုရင် ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပတာ စောတယ်ပြောရမှာဘဲနော်။ တကယ်လို့ နောက်ထပ်နှစ်နှစ်လောက်နေမှ ကောလိပ်စာမေးပွဲကျင်းပမှာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲ့တာဆိုရင် ညီမတို့လည်း အထက်တန်းရောက်နေလောက်ပြီ"
ဟု ညီးတွားလိုက်တော့သည်။

ယွမ်ရိ ညီးတွားနေသည့် သူ့ညီမကိုကြည့်ကာ
"အဲ့လောက်လည်း ညီးတွားမနေစမ်းပါနဲ့"
ဟု ပြောလိုက်သည်။

ပြီးမှ သူမက ဆက်လက်ပြီး
"တကယ်တော့ ကောလိပ်စာမေးပွဲဆိုတာက အထက်တန်းကျောင်းသားကျောင်းသူတွေမှ၊အလယ်တန်းကျောင်းသားကျောင်းသူတွေမှ ဝင်ဖြေနိုင်တယ်ဆိုပြီးကန့်သတ်ထားတာမရှိဘူး။ ဒီ‌ခေတ်ဒီကာလ ကျောင်းပညာရေးက အရမ်းအရေးပါမနေဘူးလေ။ သူတို့လိုချင်တာက ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုပြီး ကောလိပ်အတွင်း တက်ရောက်နိုင်မယ့် လူငယ်လူရွယ်တွေကို မွေးထုတ်နိုင်ဖို့ကိုဘဲ။ ဒါ့ကြောင့် နင်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုဘူး။ ငါတို့တွေအနေနဲ့ ကောလိပ်ဝင်ဖြေနိုင်မှာလား၊ မဖြေနိုင်ဘူးလားဆိုတဲ့အချက်အပေါ်မှာလည်း အရမ်းကြီး အတွေးများနေစရာမလိုဘူး"
ဟု ရှင်းပြလိုက်သည်။

တော်လှန်ရေးကာလ ဆယ်နှစ်တာအတွင်း ကောလိပ်အား ပိတ်ထားခဲ့သည်။ ဒီတစ်ကြိမ်က တော်လှန်ရေးကာလပြီးသည့်နောက် ကောလိပ်အား ပထမဆုံးအကြိမ်ပြန်ဖွင့်ခြင်းဖြစ်သည်။

ဒါ့‌အပြင် တော်လှန်ရေးကာလ ဆယ်နှစ်တာအတွင်း ကျောင်းပညာရေးမှာ လျော့ရဲမှုတွေရှိလာသည်။ကျောင်းသားကျောင်းသူတွေအနေဖြင့် အတန်းပညာရေးအပေါ်မှာ လုံ့လစိုက်ထုတ်မှုမရှိကြတော့ဘဲ သူတို့ကို လုံလစိုက်ထုတ်အောင် ကြပ်မတ်မှုတွေလည်း မရှိတော့ချေ။

ဒါ့ကြောင့် ကျောင်းသားကျောင်းသူတွေဟာ အတန်းတွေသာ တက်လာခဲ့ကြပေမယ့် ရောက်နေသည့် အတန်းနဲ့ကိုက်ညီမည့်အသိပညာများတော့ မရှိကြချေ။

ဒီအချက်တွေကို ပညာရေးဌာန၏တာဝန်ရှိသူတွေကလည်း သတိပြုမိကြပေမည်။ ဒါ့ကြောင့် တောင်လှန်ရေးကာလ ဆယ်နှစ်တာပြီးသည့်နောက် ပထမဆုံးပြန်ကျင်းပသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အခက်အခဲတွေကို လျော့ချထားပေးနိုင်ပေသည်။

ဒီတစ်သုတ်ဖြေပြီးလို့ အခြေအနေတွေအကုန် ပြန်ထိန်းနိုင်သွားတာနဲ့ ဒီခေတ်၏ပညာရေးအခြေအနေဟာ လျော့ရဲမသွားနိုင်တော့ဘဲ တင်းကျပ်သွားနိုင်ပေသည်။

ယွမ်ကျဲကလည်း ခဏမျှ စဉ်းစားပြီးမှ
"အင်း။ အမပြောတာ အဓိပ္ပာယ်ရှိတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးကို ဘယ်အချိန်ဘဲ ကျင်းပ၊ ကျင်းပ အဓိက,က သူတို့ကျင်းပတဲ့အချိန်မှာ ဝင်ဖြေ‌ပြီး အောင်မြင်နိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားရမှာဘဲ"

ယွမ်ရိကလည်း ယွမ်ကျဲ၏စကားကို ခေါင်းညိတ်လို့ ထောက်ခံလိုက်ကာ
"ဟုတ်တာပေါ့။ ကိုယ့်ဘက်ကသာ အဆင့်သင့်ဖြစ်နေအောင် အသင့်ပြင်ထားနိုင်ရင် ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးက ဘယ်အချိန်ဘဲကျင်းပ၊ ကျင်းပ အေးအေးဆေးဆေး ဖြတ်ကျော်နိုင်မှာဘဲ"
ဟု ပြောလိုက်တော့သည်။

သူမတို့ဟာ တကယ်တော့ အလယ်တန်းဒုတိယနှစ်ကျောင်းသူများသာ ဖြစ်နေကြသေးပေမယ့် အထက်တန်းစာတွေကိုပါ ကြိုတင်လေ့လာသင်ယူထားပြီး ဖြစ်သည်။

ဒါ့ကြောင့် သူမတို့နှစ်ယောက်အတွက် သင်ခန်းစာတွေကို ပြန်လည်လေ့ကျင့်ရုံဖြင့် သင်ယူပြီးသားသင်ခန်းစာများကို ပြန်လည်မှတ်မိနိုင်ပေသည်။

ကောလိပ်ဝင်ခွင့်ဆိုသည့်အရာကြီးက ဘယ်အချိန်ကျင်းပမည့်ဆိုတာကို အသိအကျမသိသေးပေမယ့် မိမိတို့ဘက်မှ အဆင်သင့်ဖြစ်နေစေရန် ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အပြင်းအထန်ကြိုးစားကြတော့သည်။

ဒီလိုနဲ့ကျောင်းဖွင့်ပြီး နှစ်လခန့်အကြာမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေပြန်စတော့မည့်အကြောင်း ကြေညာချက်ထွက်ပေါ်လာတော့သည်။ ကောလာဟလမဟုတ်ဘဲ တိကျသေချာသည့် ကြေညာချက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တော့၏။

ယခုတစ်‌ကြိမ်ကျင်းပမည့် ကောလိပ်စာမေးပွဲတွင် ကန့်သတ်ချက်သိပ်မရှိဘဲစစ်သားတွေ၊ တောင်သူလယ်သမားတွေ၊ အလယ်တန်း၊ အထက်တန်းမှ ကျောင်းသားကျောင်းသူတွေ အစရှိသဖြင့် မည်သူမဆို သတ်မှတ်ထားသည့် အခြေအနေတချို့နဲ့ကိုက်ညီပါက ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဝင်ရောက်ဖြေဆိုင်နိုင်ကြပေသည်။

ယွမ်ရိတို့၏ကျောင်းကနေလည်း ကောလိပ်စာမေးပွဲကြီးကို တရားဝင် ကျင်းပတော့မည်ဖြစ်သည့်အကြောင်း ကျောင်းသားကျောင်းသူတွေ သိအောင် ကြေညာလိုက်၏။

ထိုကြေညာချက်ကို ကြားတော့ ယွမ်ကျဲက စိတ်လှုပ်ရှားပျော်ရွှင်သွားကာ
"အမ၊ တကယ်ကြီး ကောလိပ်စာမေးပွဲကို ကျင်းပတော့မှာဘဲ။ ညီမတို့‌တွေ ကောလိပ်ဝင်ခွင့်ရသွားရင် ညီမ‌တို့ရဲ့ အနာဂတ်ကတော့ တောက်ပနေတော့မှာဘဲ"
ဟု ပြောလိုက်တော့သည်။

ကောလိပ်စာမေးပွဲအား ပြန်ကျင်းပတော့မည့်အကြောင်းကြောင့် ယွမ်ကျဲသာမက ယွမ်ရိကိုယ်တိုင်လည်း အတိုင်းမသိပျော်ရွှင်လို့နေတော့သည်။
"အင်း။ ငါတို့ရဲ့ဘဝကို ငါတို့ကိုယ်တိုင် တိုးတက်အောင် ထုဆစ်နိုင်တော့မယ်"

ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်သည့်အကြောင်းအရာများကို ယွမ်ရိနဲ့ယွမ်ကျဲသာမက တစ်ခန်းလုံးက ကျောင်းသားကျောင်းသူတွေကပါ တစ်ယောက်တစ်ယောက်ဖြင့် ပြောဆိုဆွေးနွေးလို့နေကြသည်။ ဒါ့ကြောင့် တစ်ခန်းလုံး ဆူညံပွက်လောရိုက်နေ၏။

ထိုသို့ ဆူညံပွက်လောက်ရိုက်မှုတွေဟာ အတန်းပိုင်ဆရာမရှဲ့ဝင်လာချိန်မှ တိတ်ကျသွားခဲ့သည်။

အတန်းပိုင်ဆရာမရှဲ့က အတန်းထဲကိုရောက်တာနဲ့ ကျောင်းသားကျောင်းသူများအား ဝေ့ကြည့်လိုက်ကာ
"မင်းတို့အားလုံး ကျောင်းကကြေညာချက်ကိုကြားကြမှာဘဲ။ ဒီတစ်ခေါက် ကောလိပ်စာမေးပွဲမှာ အလယ်တန်းတွေလည်း ဝင်ဖြေလို့ရတယ်။ ဒါပေမယ့် မင်းတို့ကို ဆရာမတစ်ခုတော့ ကြိုပြောထားမယ်နော်။ အထက်က အလယ်တန်းတွေ ဝင်ဖြေလို့ရတယ်လို့ ပြောထားပေမယ့် မင်းတို့အားလုံး ကိုယ့်ရဲ့အခြေအနေကို ကိုယ့်ဘာသာကောင်းကောင်းသိထားရမယ်။ ကိုယ်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဝင်ဖြေတဲ့အခါ အောင်နိုင်လား မအောင်နိုင်ဘူးလား စတဲ့အကြောင်းကိုတော့ စာလုပ်တဲ့ကလေးက သူ့ဘာသာသူသိနေမှာဘဲ။ ဒီကြားထဲမှ ကြိုးစားမယ်ဆိုပြီး အပိုင်တွက်ထားတဲ့ကလေးတွေလည်း မင်းတို့သဘောနဲ့မင်းတို့ပေါ့။ ဒါပေမယ့် ဖြေမယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေကို ပြောချင်တာတစ်ခုရှိတယ်။ အဲ့တာကကောလိပ်ဝင်ခွင့်စာမေးပွဲကျတဲ့အခါကျရင်လည်း တအားကြီးတော့ စိတ်ဓာတ်မကျကြနဲ့။ ဘာလို့လည်းဆိုတော့ မင်းတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့အတွက် ငယ်ရွယ်လွန်းသေးလို့ဘဲ။ နောက်ထပ်နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင်တော့ မင်းတို့တွေ ကောလိပ်ဝင်ခွင့်လိပ်စာမေးပွဲအတွက် သင့်တော်တဲ့အရွယ်ရောက်လောက်ပြီ။ ဆရာမ ပြောချင်တာ မှာချင်‌တာတွေတော့ ပြောပြီးမှာပြီးပြီ။ ဒါကိုတောင်မှ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုချင်နေပါသေးတယ်ဆိုတဲ့ ကလေးတွေကတော့ နေ့လယ်ကျောင်းနားချိန်ကျရင် ဖောင်ဖြည့်ဖို့ ဆရာမရဲ့ရုံးခန်းကို လာခဲ့ကြပါ"
ဟု ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now