အပိုင်း - ၇၅.၁
ဖန်ရှုံးယန်ဟာ ယွမ်ရိ၏စကားနာထိုးမှုအပေါ် ဘာမျှမတုံ့ပြန်ခဲ့ချေ။ သူမက သူမဝယ်လာသည့်အထုပ်တွေကို ကုတင်ပေါ်ချပေးထားခဲ့ပြီးတာနဲ့ သူမ၏သမီးသုံးယောက်လုံးကို ပြုံးပြကာ အခန်းထဲမှ ပြန်ထွက်သွားတော့သည်။ ဒါပေမယ့် သူမမျက်နှာပေါ်မှ ညှိုးငယ်နေသောအရိပ်အယောင်များကိုတော့ ဖုံးဖိထားလို့မရခဲ့ချေ။
ဖန်းရှုံးယန်ထွက်သွားပြီးသည့်နောက် ယွမ်ချူးရွယ်က
"အမေ့ပုံစံကြည့်ရတာ နောင်တတွေ အချီကြီးရနေတဲ့ပုံဘဲ"
ဟု ရေရွတ်လိုက်၏။
ယွမ်ရိက
"အမေ့ဘာသာအမေ နောင်တတွေရရုံမကလို့ ဘာဘဲရရ ငါနဲ့မဆိုင်ဘူး။ အခုချိန်မှာ နောင်တမရချင်ရင် အစကတည်းက ငါတို့ကိုခွဲခြား၊ ခွဲခြားလုပ်ပြီး မဆက်ဆံခဲ့ရမှာ"
ဟု ပြောလိုက်၏။
ယွမ်ချူးရွယ်က သူမလက်ထဲကိုင်ထားသည့် ယွမ်ရိနဲ့ယွမ်ကျဲတို့၏ဝင်ခွင့်စာရွက်များကို ပြန်ပေးလိုက်ကာ
"ဘာပဲဖြစ်ဖြစ်၊ ညီမဒီနေ့ကစပြီး ကျောင်းစာကိုကြိုးစားတော့မယ်။ အမတို့လိုဖြစ်လာသည်အထိ ကြိုးကြိုးစားစားသင်ယူတော့မယ်"
ဟု သန္နိဌာန်ချလိုက်တော့သည်။
ယွမ်ကျဲကလည်း ပြုံးကာ
"အင်း၊ ကြိုးစားတဲ့သူတိုင်းအတွက် အောင်မြင်မှုအသီးအပွင့်ဆိုတာကို ခံစားနိုင်မှာပါ။ ဒါ့ကြောင့် လမ်းတစ်ဝက်မှာတင် အားလျှော့တာမျိုး မလုပ်ရဘဲ အဆုံးထိကြိုးစားရမယ်နော်"
ဟု ယွမ်ချူးရွယ်ကိုအားပေးလိုက်သည်။
ယွမ်ချူးရွယ်ဟာ ယွမ်ရိ၊ ယွမ်ကျဲတို့ဖြင့် စကားအနည်းငယ်ပြောပြီးသည့်နောက်မှာ သူမအခန်းကိုသူမ ပြန်သွားခဲ့၏။
ယွမ်ချူးရွယ်ပြန်သွားပြီးနောက် ယွမ်ရိက ယွမ်ကျဲအား
"အထုပ်အပိုးတွေကို အသင့်ပြင်ထားတော့"
ဟု သတိပေးလိုက်သည်။
ယွမ်ကျဲလည်း ယွမ်ရိသတိပေးချင်ကို နည်းလည်တာကြောင့်
"ညီမတို့ တောင်ပေါ်ပြန်ကြမလို့လား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်"
ဟု ပြန်ဖြေလိုက်၏။
ပုံမှန်အတိုင်းဆိုလျှင် သူမတို့ဟာ ကျောင်းပိတ်ကတည်းက တောင်ပေါ်ပြန်ကြမှာပင်။ ဒါပေမယ့် ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့အောင်စာရင်းကို စောင့်နေကြလို့သာ နောက်ကျနေရခြင်းဖြစ်သည်။
ယွမ်ကျဲသည်လည်း တောင်ပေါ်ကိုပြန်ချင်နေပြီ ဖြစ်သည်။ ဒီမှာနေရထိုင်ရတာ ဘယ်လောက်ဘဲ အဆင်ပြေကောင်းမွန်ပါတယ် ပြောပြော၊ မွေးရပ်မြေအပေါ်မှာထားသည့် သူမ၏သံယောဇဉ်ကပိုပြီး ခိုင်မာပေးသည်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ သူမတို့နှစ်ယောက်လုံး နာမည်ကြီးတက္ကသိုလ်တွေမှာ တင်ရောက်ခွင့်ရသည့်အကြောင်း အဖိုးအဖွားတွေကို ပြောပြကာ ပျော်ရွှင်မှုတွေကိုလည်း ဝေမျှချင်သေး၏။
ဒီလိုနဲ့ သူမတို့ညီအမနှစ်ယောက်ဟာ ခရီးဆောင်အိတ်အတွင်းသို့ အဝတ်အစားတွေကို စတင်ထည့်ကြတော့သည်။ သူမတို့၏မျက်နှာပေါ်မှာလည်း အပြုံးကိုယ်စီဖြင့်ပင်။
ယခုတစ်ကြိမ် အဝတ်အစားတွေထုပ်ပိုးမှုက ယခင်တစ်ကြိမ်နဲ့မတူပေ။ သူမတို့နှစ်ယောက်ဟာ ယခင်ကလို အဝတ်အစားနည်းနည်းလေးဘဲ ထည့်ယူသွားရမည့်အစား အကုန်လုံးကို ထည့်ကာ တစ်ခန်းလုံးကိုလည်း သန့်ရှင်းရေးလုပ်လိုက်ကြသည်။
ဒါပေမယ့် ခရီးဆောင်အိတ်က အကုန်မဆန့်သည့်အပြင် လမ်းခရီးမှာသယ်ယူဖို့ကလည်း အခက်အခဲတချို့ရှိတာကြောင့် အဝတ်အစားတချို့နဲ့ဖိနပ်တွေကိုတော့ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြသည်။
အကုန်လုံး ထုပ်ပိုးသိမ်းဆည်းပြီးသွားသည့်နောက် ရေချိုးကာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ကြသည်။ထို့နောက် ညီအမနှစ်ယောက်လုံး ကုတင်ပေါ်လှဲကာ ခါးဆန့်လိုက်ကြတော့သည်။
ယွမ်ကျဲက ကုတင်ပေါ်လှဲလျောင်းနေရင်းဖြင့်
"ညီမလေ အခုချိန်ထိမယုံနိုင်သေးဘူးသိလား။ အကုန်လုံးကို အိပ်မက်လို့ဘဲထင်နေတာ"
ဟု ယွမ်ရိကိုပြောလိုက်သည်။
ပြီးတာနဲ့သူမက ဆက်လက်ပြီး
"တစ်နေ့ ညီမကြီးပွားတိုးတက်လာတဲ့အချိန်ကျရင် ဦးလေးချန်းဖူတို့ကို ကောင်းကောင်းကျေးဇူးဆပ်ရမယ်။ အမအဖေနဲ့အမေတို့သာ ညီမကို ဒီမြို့ကို ခေါ်မလာခဲ့ရင် ညီမဘဝလည်း တစ်ဆစ်ချိုးပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ညီမအပေါ်မှာ အမအဖေနဲ့အမေတို့ရဲ့ကျေးဇူးတရားတွေ အလွန်ကြီးမားတယ်"
ဟု ထပ်ပေါင်းပြောလိုက်တော့သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"အင်းပါ။ အဲ့တာတွေက နောင်တချိန်မှာ ဖြစ်လာမှာပါ"
ဟု အားပေးနှစ်သိမ့်လိုက်တော့သည်။
ထို့နောက် ညီအမနှစ်ယောက်ဟာ ဟိုအကြောင်း၊ ဒီအကြောင်း နည်းနည်းပါးပါးပြောခဲ့ကြသည်။ ပြီးသည့်နောက် အိပ်ရာဝင်ခဲ့ကြတော့သည်။
မနက်ရောက်သည့်အခါ သူတို့တွေဟာ မနက်စာ စားရန်အတွက် ထမင်းစားခန်းထဲကို ဝင်လာခဲ့ကြသည်။
ထမင်းစားခန်းထဲတွင် ရဲ့ချူးဝမ်မှတပါး အကုန်လူစုံနေပြီဖြစ်သည်။
ဖန်းရှုံးယန်က ရဲ့ချူးဝမ်အား ထမင်းစားရန်သွားခေါ်ခဲ့ပေမယ့် ရဲ့ချူးဝမ်က ဗိုက်မဆာဘူးဟု ပြောကာ ငြင်းလိုက်သည်။ ဒါ့ကြောင့် ဖန်းရှုံးယန်လည်း ထပ်မခေါ်ခဲ့တော့ချေ။
ရဲ့ချူးဝမ်မရှိတာမို့ ထမင်းစားဝိုင်းဟာ နည်းနည်းပါးပါးတော့ နွေးထွေးလို့နေ၏။
ယွမ်ချူးယန်ကတော့ သူမနေရာမှာဘဲ တိတ်တိတ်လေးထိုင်ကာ မနက်စာကိုဘဲ အာရုံစိုက် စားနေခဲ့သည်။ သူမက ထမင်းစားနေစဉ်မှာ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပါချေ။
ယွမ်ချန်းဖူက မနက်စာ စားနေရင်းဖြင့် ယွမ်ရိနဲ့ယွမ်ကျဲအား
"ရှောင်ရိ၊ ရှောင်ကျဲ။ ထမင်းစားပြီးရင် နင်တို့အမေနဲ့ ဈေးထဲကိုလိုက်သွားကြ။ ဟိုရောက်ရင် သမီးတို့နှစ်ယောက် ဝယ်ချင်တာလေးတွေ ဝယ်ခဲ့ကြ။ ဟုတ်ပြီလား"
ဟု ပြောလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"အဲ့တာတွေ မလိုတော့ဘူးအဖေ။ သမီးတို့ကလည်း ပြန်တော့မှာဘဲဟာကို တော်ကြာ သယ်ရပြုရတာ အခက်အခဲဖြစ်နေလိမ့်မယ်"
ဟု ပြောလိုက်သည်။
ယွမ်ရိစကားကြောင့် အကုန်လုံးရဲ့မျက်လုံးတွေဟာ ယွမ်ရိထံ ကျရောက်သွားသည်။ ထိုမျက်ဝန်းတွေမှာ အံ့အားသင့်ခြင်း အပြည့်ဖြင့်ပင်။
ယွမ်ချန်းဖူကလည်း အံ့အားသင့်နေသောလေသံဖြင့်
"သမီးတို့က ဘယ်ကိုပြန်မလို့တုန်း"
ဟု မေးလိုက်သည်။
"အိမ်ကိုပေါ့"
ယွမ်ရိက သူမအဖေကိုကြည့်ကာ အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
"ဒါက မင်းရဲ့အိမ် မဟုတ်ဘူးလား"
ယွမ်ချန်းဖူက ပြန်မေးလိုက်သည်။
ဒီမေးခွန်းကိုတော့ ယွမ်ရိက ပြန်မဖြေခဲ့ဘဲ အပြုံးလေးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။
ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်က စိတ်လှုပ်ရှားနေသောလေသံဖြင့်
"မဟုတ်မှ အမတို့တောင်ပေါ်ပြန်ကြမလို့လား။ တောင်ပေါ်ကို ပြန်ကြမလို့ဆိုရင် ကျွန်တော်ရောလိုက်မှာနော်"
ဟု ဝင်ပြောလိုက်သည်။
ယွမ်ရိလည်း ယွမ်ဟောင်ဂျန်ကိုကြည့်ကာ ခဏမျှ တိတ်သွားသည်။ ပြီးမှ
"ဟောင်ဂျန်၊ ဒီတစ်ခေါက် အမတို့က တောင်ပေါ်ပြန်မှာက အရင်တုန်းကလို မဟုတ်ဘူး။ အမတို့က နှစ်သစ်ကူးနွေဦးပွဲတော် တောင်ပေါ်မှာ ဖြတ်သန်းမယ်။ ပြီးရင် ဒီကိုပြန်မလာတော့ဘဲ ယွမ်ကျဲနဲ့အတူတူပီကင်းကိုတစ်ခါတည်းသွားဖို့ ဆုံးဖြတ်ထားတာ။ ဒါ့ကြောင့် နင်တို့လိုက်လာဖို့က အဆင်မပြေလောက်ဘူး"
ဟု ချီတုံချတုံဖြင့် ပြောလိုက်သည်။
ယွမ်ရိ၏စကားတွေကြောင့် ယွမ်ဟောင်ဂျန်၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုအရိပ်အယောင်များသည် ဖုတ်ကနဲ ပျောက်ကွယ်သွားရတော့သည်။ သူက ယွမ်ရိကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်ကာ ဘာစကားမျှမပြောနိုင်တော့ချေ။
ယွမ်ဟောင်ဂျန်၏ဝမ်းနည်းသွားဟန်ပုံစံကြောင့် ယွမ်ရိက
"မင်းအသက်ကြီးပြီး အရွယ်ရောက်လာတဲ့အချိန်ကျရင် တောင်ပေါ်ကို ကိုယ့်ဘာသာကိုယ်သွားပြီး အဖိုးအဖွားတွေကို တွေ့လို့ရတာဘဲလေ"
ဟု ပြောကာ နှစ်သိမ့်ပေးလိုက်၏။
ထိုနှစ်သိမ့်မှုက အလုပ်မဖြစ်ခဲ့ပါချေ။
ယွမ်ဟောင်ဂျန်တစ်ယောက် ခေါင်းကြီးငုံ့သွားပြီး မည်သည့်စကားလုံးမျှ ထပ်မပြောခဲ့တော့ချေ။
"အဟမ်း၊ အဟမ်း။"
ထိုအချိန်မှာဘဲ ယွမ်ချန်းဖူက ချောင်းအသာဟမ့်ကာ
"ရှောင်ရိ၊ ရှောင်ကျဲ။ သမီးတို့နှစ်ယောက် ဒီကိုရောက်တာ သုံးနှစ်ပြည့်တော့မှာ။ နှစ်သစ်ကူးနွေဦးပွဲတော်ကို ဒီမှာ တစ်ခါမှ မဖြစ်သန်းဖူးကြဘူးမလား။ ဒီနှစ်တော့ နှစ်သစ်ကူးနွေဦးပွဲတော်ကို တောင်ပေါ်မှာပြန်ပြီး မဖြတ်သန်းဘဲ အဖေတို့နဲ့အတူတူဖြတ်သန်းပါလား"
ဟု ဝင်ရောက် အကြံပေးလိုက်သည်။
ဒါပေမယ့် ယွမ်ရိက ချက်ချင်းပင် ခေါင်းယမ်းကာ
"တော်ပါပြီ၊ အဖေ။ နှစ်သစ်ကူးနွေဦးပွဲတော်ကို တောင်ပေါ်မှာဘဲ အဖိုးအဖွားတွေနဲ့အတူတူ ဖြတ်သန်းချင်တာ"
ဟု ပြောကာ သူမအဖေ၏အကြံပြုချက်အား တုံ့ဆိုင်းခြင်းမရှိ ငြင်းပစ်လိုက်သည်။
ထမင်းစားခန်းအတွင်းမှ လေထုဟာ အနည်းငယ် ကိုးရိုးကားရားနိုင်သွားတော့သည်။
နှစ်နာရီခန့်ကြာတော့ ယွမ်ရိတို့၏အိမ်ရှေ့မှာ ကားတစ်စီးလာရပ်သည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏အထုပ်အပိုးများကိုဆွဲလျက် အိမ်အပြင်ကိုထွက်လာကြသည်။
ရဲ့ချူးဝမ်ကလွဲလျှင် ကျန်သည့်မိသားစုတွေအားလုံးဟာ ယွမ်ရိနဲ့ယွမ်ကျဲအား အိမ်ရှေ့ထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
ယွမ်ဟောင်ဂျန်၏မျက်ဝန်းများကတော့ အနည်းငယ်နီရဲနေ၏။ သူက ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ ဝမ်းနည်းနေသောလေသံဖြင့်
"အမတို့၊ အမတို့က နောက်ဆိုရင် ကျွန်တော်တို့ဆီ ပြန်မလာတော့ဘူးလား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း ယွမ်ဟောင်ဂျန်၏ပုံစံကြောင့် စိတ်မကောင်းဖြစ်သွားရသည်။
ယွမ်ရိက အသက်ပြင်းပြင်းရှူလိုက်ပြီး
"အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ အမတို့ အားလပ်တဲ့အချိန်တွေ ကျရင် လာလည်မှာပေါ့။ မင်းလည်း သိပ်ဆိုးမနေနဲ့တော့နော်။ ကျောင်းစာကို အာရုံစိုက်ပြီးလည်း လုပ်ဦး။ အမှတ်ခြောက်ဆယ်က ဘာမှမဟုတ်သေးဘူး။ အမှတ်ကိုးဆယ်လောက်ရမှ အဆင်ပြေမှာနော်"
ဟု ဆုံးမလိုက်သည်။
ယွမ်ဟောင်ဂျန်က ခေါင်းကိုတဆတ်ဆတ်ညိတ်လျက်
"စိတ်မပူပါနဲ့။ အမှတ်ကိုးဆယ်တင်မကဘူး အမှတ်ပြည့်ရအောင်ပါ ကြိုးစားသွားပါ့မယ်"
ဟု ကတိပြန်ပေးလိုက်တော့သည်။
ယွမ်ရိလည်း ထိုအခါမှ ပြုံးပျော်သွားကာ
"ဘိုင့်ဘိုင်နော်"
ဟု လက်ဝှေ့ယမ်းလျက် နှုတ်ဆက်လိုက်သည်။ယွမ်ကျဲကလည်း ယွမ်ရိကဲ့သို့ လက်ဝှေ့ယမ်းလျက် နှုတ်ဆက်လိုက်သည်။
"ဘိုင့်ဘိုင်၊ အမတို့"
ယွမ်ဟောင်ဂျန်ကလည်း ယွမ်ရိနဲ့ယွမ်ကျဲတို့အား လက်ပြလျက် ပြန်နှုတ်ဆက်လိုက်တော့သည်။
ယွမ်ချန်းဖူ၊ ဖန်းရှုံးယန်၊ ရဲ့ဖန်နဲ့ယွမ်ချူးရွယ်တို့ကတော့ ဘာမျှဝင်မပြောဘဲ တိတ်နေကြသည်။ အထူးသဖြင့် ယွမ်ချူးရွယ်ခမျာ အချိန်မရွေးငိုချတော့မည်ကဲ့သို့ မျက်ရည်များ ဝိုင်းလို့နေသည်။
ယွမ်ရိဟာ သူမ၏ဖခင်နဲ့မိခင်ကို ကြည့်ကာ
"ဒီနှစ်တွေအတွင်း သမီးနဲ့ယွမ်ကျဲတို့ကို ကောင်းကောင်းဂရုစိုက်ပေးလို့ အဖေနဲ့အမေကိုအများကြီး ကျေးဇူးတင်ပါတယ်။ ဒီမှာနေခဲ့ရတဲ့အချိန် သုံးနှစ်ဝန်းကျင်အတွင်းမှာလည်း အများကြီးပျော်ခဲ့ရပါတယ်"
ဟု ပြောကာ နှုတ်ဆက်လိုက်သည်။ ပြီးတာနဲ့သူမက ကားပေါ်တက်သွားတော့၏။
"ရှောင်ရိ၊ ခဏလေးးးးးးးးးးး"
ဖန်းရှုံးယန်လည်း သူမ၏သမီးအား နောက်ကနေ လှမ်းခေါ်လိုက်သေးသည်။
ဒါပေမယ့် ယွမ်ရိကတော့ မကြားချင်ယောင်ပြုကာ ကားအတွင်းသို့ ဝင်ရောက်သွားတော့၏။
ယွမ်ကျဲကလည်း
"ဒီနှစ်တွေအတွင်းမှာ သမီးကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့ကြတဲ့အတွက် ဦးလေးနဲ့ဒေါ်လေးတို့ကို အများကြီးကျေးဇူးတင်ပါတယ်ရှင့်။ နောင်များ အချိန်ရရင် သမီးလာလည်ပတ်ပါဦးမယ်"
ဟုပြောကာ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့အား နှုတ်ဆက်လိုက်သည်။
ပြီးတာနဲ့ ယွမ်ဟောင်ဂျန်တို့ကို ထပ်မံလက်ယမ်းပြလိုက်ပြီး ကားထဲသို့ဝင်ရောက်သွားတော့သည်။
ခဏအကြာမှာတော့ ကားလေးဟာ တရွေ့ရွေ့ဖြင့် စတင်ထွက်ခွာသွားတော့သည်။
ယွမ်ချန်းဖူ၊ ဖန်းရှုံးယန်၊ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့တွေဟာ တရွေ့ရွေ့ထွက်ခွာသွားသည့်ကားလေးကို ငေးမောစောင့်ကြည့်နေခဲ့ကြသည်။သူတို့တွေ၏မျက်နှာပေါ်မှာလည်း ဝမ်းနည်းခြင်းတွေကို အမူအရာအမျိုးမျိုးဖြင့် ဖော်ပြလို့နေသည်။
ယွမ်ဟောင်ဂျန်ကတော့ မျက်ရည်တွေပါ စီးကျလာတာမို့ လက်ခုံဖြင့်အမြန်သုတ်လိုက်ရသည်။
ရဲ့ဖန်လည်း သူ့ညီငိုနေတာကို တွေ့တာကြောင့် ပခုံးကိုအသာပုတ်ကာ အားပေးနှစ်သိမ့်လိုက်သည်။
ဖန်းရှုံးယန်သည်လည်း တရွေ့ရွေ့ပျောက်ကွယ်သွားသည့် ကားကလေးကိုကြည့်ကာ ကြောင်အအဖြင့် ကျောက်ရုပ်ကြီးနှယ် ရပ်နေမိတော့သည်။ သူမစိတ်ထဲမှာလည်း နောင်တတရားတွေကို တပုံကြီးခံစားနေရကာ အသက်ပင် ရှူမဝတော့သလို ခံစားနေရသည်။
ယွမ်ချန်းဖူဟာ သူ့မိန်းမ၏အတွေးတွေကို ခံစားမိတာကြောင့်
"အခုမှ နောင်တတွေရမနေနဲ့တော့။ ရှောင်ရိက ဒီမှာ သုံးနှစ်တောင်နေသွားတာ။ ဒီသုံးနှစ်အတွင်း ကိုယ့်သမီးနဲ့ ဂရုတစိုက် ရင်းရင်းနှီးနှီးနေပြီး ပျော်ပျော်ပါးပါးနေရမယ့်အစား နင်က ခပ်ခွာခွာနေခဲ့တာဘဲလေ။ အခု သမီးတို့ ထွက်သွားပြီဆိုမှ နောင်တတွေရမနေနဲ့တော့။ နောင်တရလည်း ထူးလာမှာ မဟုတ်တော့တာ"
ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးတာနဲ့ သူက အိမ်ထဲကို ပြန်ဝင်သွားတော့၏။
ယွမ်ချန်းဖူ၏စကားများကြောင့် ဖန်းရှုံးယန်၏နှလုံးသားလေးဟာ ပိုပြီးတော့ တင်းကျပ်သွားရတော့သည်။
တဖက်မှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ရထားဘူတာရုံသို့ရောက်သွားကြပြီဖြစ်သည်။
ဘူတာရုံကိုရောက်တာနဲ့ သူမတို့လိုက်ပါရမည့် ရထားပေါ်သို့တက်ကာ သူမတို့လက်မှတ်ဖြတ်ထားသည့် ထိုင်ခုံမှာ ဝင်ပြီးထိုင်လိုက်ကြတော့သည်။
ရထားပေါ်မှာ လူသံတွေဖြင့် အနည်းငယ်ဆူညံနေပေမယ့် သူမတို့ညီအမနှစ်ယောက်ထိုင်နေသည့်နေရာက အနည်းငယ်ဂျောင်ကျ၍ အခြားနေရာများထက်စာရင် ဆူညံသံသိပ်မရှိပေ။