အပိုင်း - ၁၀၀.၁
နီဖျဖျနေရောင်ကား အရှေ့အရပ်မှ တဆင့် အခန်းတစ်ခုအတွင်းသို့ ဖြာကျနေ၏။
နေရောင်ခြည်၏အလင်းရိုက်ခတ်မှုကြောင့် အလန်းအတွင်းမှ ပစ္စည်းပစ္စယတွေ၏ အရိပ်တွေဟာ အခန်း၏ကြမ်းခင်းပေါ်တွင် ထင်ဟပ်လျက်။
ထိုအချိန်မှာဘဲ နေဝန်းနီနီအား တိမ်ဖြူလွှလွှလေးများ ဖုံးအုပ်သွား၍ နေရောင်သည်လည်း ယာယီမျှ ပျောက်ကွယ်သွားတော့သည်။
ထိုအခန်း၏ကုတင်ပေါ်တွင်တော့ ယွမ်ရိတစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျလို့နေသည်။နေရောင်ပျောက်သွားသည့် အချိန်မှာဘဲ သူမ၏မျက်ခွံလေးတွေဟာ ခပ်ဖွဖွလေး လှုပ်သွားကာ မျက်ဝန်းကြည်ကြည်တို့ ထွက်ပေါ်လာတော့သည်။
"ဝှါး"
အိပ်ရာပေါ် လှဲနေရာကနေ ထထိုင်လိုက်ပြီး ယွမ်ရိတစ်ယောက် အကြောအခြင်တွေ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် အိပ်ရာပေါ်မှ ဆင်းကာ မျက်နှာသစ်သွားတိုက်ဖို့အတွက် ရေချိုးခန်းရှိရာသို့ ထွက်လာခဲ့တော့သည်။
ဘေစင်တွင်။
ရေပိုက်ခေါင်းမှ ကျနေသောရေများကို လက်နှစ်ဖက်ဖြင့် ခံယူလျက် မျက်နှာပေါ် တင်လိုက်၏။ ပြီးနောက် ရေချိုးခန်းထဲက မှန်ထဲတွင် ပေါ်နေသော သူမ၏ပုံရိပ်ကို ကြည့်ပြီးသည့်နောက် သူမ၏မေ့ပျောက်ပျောက် ဖြစ်နေသည့် မှတ်ဉာဏ်မျ ပြန်ပေါ်လာကာ ရေချိုးခန်းကြမ်းပြင်ပေါ် လဲကျတော့မလိုဖြစ်သွားသဖြင့် ဘေစင်ကို အမြန်ကိုင်လျက် ထိန်းလိုက်ရ၏။
"ဘာလဲ။ မနေ့ညက အဲ့လိုကြီး ဖြစ်ခဲ့တာလား"
ယွမ်ရိတစ်ယောက် ကြောင်အအဖြင့် ရေရွတ်နေခဲ့သည်။
"မဖြစ်နိုင်ဘူး။ အဲ့လို တကယ်ကြီး ဖြစ်ခဲ့တာဆို ငါသေချာပေါက် ရှင်းရှင်းလင်းလင်း မှတ်မိမှာပေါ့။ အခုလို ဝေဝါးနေစရာမှ မလိုတာ။ ကြည့်ရတာ အိပ်မက်ထင်တယ်။ ဒါပေမယ့် ဘာလို့ အိပ်မက်ထဲက လူက လင်းယောင်လဲ???"
ယွမ်ရိခမျာ ကဘောက်တိကဘောက်ချာတွေ ရေရွတ်ပြီးသည့်နောက် စိတ်ကြည်လင်သွားစေရန် ရေအေးအေးလေးဖြင့် မျက်နှာပြန်သစ်လိုက်ပြန်သည်။
သူမစိတ်ထဲမှာတော့ အရာအားလုံးကို အိပ်မက်လေးတစ်ခုအဖြစ်သာ သတ်မှတ်လိုက်တော့သည်။
မျက်နှာသစ်ပြီးသည့်နောက် ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြီးကာ ကြိုးအနက်လေးတစ်ချောင်းဖြင့် လှပစွာ စည်းနှောင်လိုက်သည်။
ထို့နောက် သူမအခန်းထဲကနေ ထမင်းစားခန်းဘက်ကို ထွက်လာခဲ့သည်။ ထမင်းစားခန်းထဲကိုရောက်တော့ စားပွဲပေါ်တွင် မုန့်စိမ်းပေါင်းနဲ့အကြော်တချို့ပြင်ဆင်ထားသည်ကို တွေ့လိုက်ရ၏။
ဒါ့ကြောင့် ယွမ်ရိလည်း သူမ၏မနက်စာအဖြစ် ထိုအရာတွေကို စားသောက်လိုက်သည်။
ဒီနေ့ဟာ တနင်္ဂနွေနေ့ဖြစ်ပြီး ယွမ်တပေါင်လေးဟာ ကျောင်းနားရက်မို့ ယွမ်ချန်းရှန်၊ ချန်ခွန်းတို့နဲ့အတူ ဆိုင်ကို လိုက်သွားလေသည်။
လင်းယောင်ကတော့ သူ့ရဲ့သုတေသနဌာနကို သွားကာ အလုပ် လုပ်နေလောက်ပေသည်။
ဒါ့ကြောင့် တစ်အိမ်လုံးတွင် ယွမ်ရိတစ်ယောက်တည်းသာ ရှိနေ၏။
ယွမ်ရိသည်လည်း မနက်စာ စားပြီးသည်နှင့် ချက်ချင်းဘဲ အလုပ်စားပွဲတွင် ဝင်ထိုင်က ဝတ်စုံဒီဇိုင်းပုံစံ ဆန်းဆန်းလေးများကို ရေးဆွဲတော့သည်။
သူမရေးဆွဲထားသည့် ဒီဇိုင်းတွေကို ရို့ပါဗီလီယမ်အနေဖြင့် ချုပ်မကုန်ဘူးဆိုတာကို ယွမ်ရိက သိပေမယ့် အသစ်အသစ်သော၊ အမျိုးမျိုးသော ဒီဇိုင်းများကို နေ့စဉ်နဲ့အမျှ ရေးဆွဲခဲ့သည်။
သူမ ပြန်လည်မွေးဖွားခဲ့သည့် ကာလမှာ ဝတ်စုံတွေ၏ဒီဇိုင်းအနေအထားက တအား မတိုးတက်သေးပေ။ ဒါ့ကြောင့် သူမရေးဆွဲထားသည့် ဒီဇိုင်းတွေအကုန်လုံးဟာ ခေတ်နဲ့အညီဖြစ်အောင် ရေးဆွဲထားရသည်။
ဒီဇိုင်းဖက်ရှင်တွေဟာ ၁၉၉၀ နောက်ပိုင်းမှသာ တော်တော်လေး တွင်ကျယ်လာခြင်းဖြစ်သည်။
လက်ရှိတွင် ယွမ်ရိအတွက် ရည်မှန်းချက်နှစ်ခုရှိနေ၏။ ဝတ်စုံဒီဇိုင်းတွေကို ရေးဆွဲရန်နဲ့သူမ၏ကိုယ်ပိုင်တံဆိပ် ရို့ပါဗီလီယမ်ကို နားမည်ကျော်ကြားအောင် လုပ်ရန်ပဲ ဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီးလျှင်တော့ ယွမ်ရိတစ်ယောက် ဝင်ငွေ သောက်သောက်လဲပေတော့မည်။
သူမမှာ ရည်မှန်းချက်ရှိနေပြီဖြစ်သည့်အတွက် ထိုရည်မှန်းချက်အား မရ ရအောင် အကောင်အထည် ဖော်တော့မည်ဖြစ်သည်။ နောင်တစ်ချိန်တွင်တော့ သူမ၏လုပ်ငန်းသည် တရုတ်နိုင်ငံတွင်သာမက ပြည်ပတွင်ပင် နာမည်ရလာနိုင်လောက်ပေသည်။
တစ်နေကုန် အလုပ် လုပ်ပြီးသည့်နောက် ညနေပိုင်းကိုရောက်သည့်အခါ ယွမ်ရိလည်း အလုပ် လုပ်နေရာကနေ ရပ်နားလိုက်သည်။ အကြောအခြင်တွေကို ဆန့်ထုတ်လိုက်သည်။
ပြီးသည့်နောက် မီးဖိုးချောင်ထဲဝင်လာကာ အရင်နေ့တွေတုန်းက ဝယ်ယူလာသည့် ဟင်းသီးဟင်းရွက်များကို ရေဆေးကာ ချက်ပြုတ်ဖို့ ပြင်ဆင်တော့သည်။
သူမချက်ပြုတ်နေစဉ်မှာဘဲ ယွမ်ချန်းရှန်တို့ မိသားစုသုံးယောက် ဆိုင်ကနေ ပြန်ရောက်လာသည်။
ချန်ခွန်းက ချက်ချင်းဘဲ မီးဖိုချောင်ထဲဝင်လာကာ ယွမ်ရိကို ကူညီချက်ပြုတ်ပေးတော့သည်။
ယွမ်ချန်းရှန်နဲ့ယွမ်တပေါင်တို့ကတော့ အခန်းထဲ ဝင်သွားကြ၏။
သူတို့တွေ ရောက်ပြီး မကြာခင်မှာဘဲ လင်းယောင်လည်း ပြန်ရောက်လာ၏။ လင်းယောင် အသံကြားသည်နှင့် ယွမ်တပေါက်လေးဟာ သူ့တို့အခန်းထဲကနေ ပြေးထွက်လာပြီး လင်းယောင် အခန်းထဲလှစ်ကနဲ ပြေးဝင်သွား၏။
ယွမ်ရိဟာ လင်းယောင်ကို မြင်တော့ သူမ၏အိပ်မက်ကို သတိရသွားပြီး မျက်နှာလေးဖြန်းခနဲ ရဲတက်သွားသည်။ ပြီးနောက် အတွေးများအား ရှင်းထုတ်လိုက်ပြီး ဟင်းချက်ရာမှာဘဲ အာရုံစိုက်လိုက်သည်။
ဟင်းတွေ ထမင်းတွေ ကျက်သွားပြီးနောက် သူတို့တွေဟာ ညစာ စားကြတော့သည်။
ညစာ စားနေစဉ်။
ယွမ်ချန်းရှန်က လင်းယောင်ကိုကြည့်လျက်
"ငါ့တူရေ၊ မင့်အလုပ်ကလည်း တော်တော်လေးမိုးချုပ်တယ်နော်။ ငါက မင်းအိပ်ရေးတွေ ပျက်ပြီးကျန်းမာရေးထိခိုက်မှာ စိုးလို့ပါကွာ"
ဟု ဆုံးမလိုက်သည်။
"ဟုတ်ကဲ့ပါဗျ။ ဂရုစိုက်ပါ့မယ်"
လင်းယောင်က ဖြန်ဖြေလိုက်၏။
ယွမ်ချန်းရှန်က ခေါင်းတညိတ်ညိတ်ဖြင့်
"အေးပါ၊ ဒါနဲ့ မနေ့ညက ဘယ်အချိန် ပြန်ခဲ့တာလဲ။ရှောင်ရိကတော့ မင်းကိုစောင့်မယ် ပြောသေးတယ်ကွ"
ဟု မေးလိုက်သည်။
ထိုမေးခွန်းကိုကြားတော့ ယွမ်ရိနဲ့လင်းယောင်အကြည့်ချင်းဆုံသွားသည်။ ယွမ်ရိက ချက်ချင်းအကြည့်လွှဲကာ ထမင်းငုံ့စားလိုက်၏။
လင်းယောင်က
"ဟုတ်တယ်ဗျ။ ဒါပေမယ့် မနေ့ညက ကျွန်တော်ရောက်တော့ ယွမ်ရိက စားပွဲပေါ် ခေါင်းငိုက်ပြီး အိပ်နေပြီဗျ"
ဟု ပြန်ဖြေပေးလိုက်သည်။
ထိုစကားကိုကြားတာနဲ့ ယွမ်ရိခေါင်းလေး ဆတ်ခနဲ ထောင်သွားသည်။
'ဟုတ်သားဘဲ။ မနေ့က ငါက စားပွဲမှာ အိပ်သွားတာဘဲ။ ဒါပေမယ့် မနက်ကနိုးလာတော့ ငါ့ကုတင်ပေါ်မှာပါဘဲ။ မဟုတ်မှ မနေ့ညက ဖြစ်ခဲ့တာတွေက အိပ်မက်မဟုတ်ဘဲ တကယ်များလားးးး'
သူမ အတွေးများနေချိန်မှာဘဲ လင်းယောင်က တစ်ခုခုဆက်ပြောဖို့ ပြင်နေတာကို ယွမ်ရိ သတိထားမိလိုက်သည်။ ဒါ့ကြောင့် ဟင်းဖတ်တစ်ခုကို အမြန်ကောက်ယူလျက် လင်းယောင်ပါးစပ်ထဲ ထိုးထည့်ကာ နှုတ်ပိတ်လိုက်သည်။
ပြီးတာနဲ့ ယွမ်ချန်းရှန်ဘက်ကို လှည့်ကာ
"ဦးလေးငါး၊ ဒီရက်ပိုင်း ဆိုင်မှာ အရောင်းအဝယ်အဆင်ပြေရဲ့လား"
ဟု မေးလျက် စကားလမ်းကြောင်း ပြောင်းလိုက်၏။
ယွမ်ချန်းရှန် မဖြေခင်မှာဘဲ ချန်ခွန်းက
"အွန်း၊ နင် ဒီဇိုင်းဆွဲပြီး ချုပ်ထားတဲ့ အဝတ်တွေက အမြင်ဆန်းပြီး လှပတော့ ဝယ်သူတွေကလည်း မပြတ်လာနေကြတာ။ ရောင်းရတယ် မရောင်းရဘူးကတော့ မေးမနေပါနဲ့တော့"
ဟု ဝင်ပြောလိုက်သည်။
ထို့နောက် ညစာစားနေစဉ်တစ်လျှောက်လုံး ယွမ်ရိဟာ ချန်ခွန်းတို့နဲ့ ဆိုင်အကြောင်း အဝတ်အထည်တွေ အကြောင်းကိုသာ ပြောနေခဲ့ကြတော့၏။