အပိုင်း - ၃၇.၁
ဆံပင်တိုတိုဖြင့် အမျိုးသမီးက ရေတစ်ခွက်ကို အမောပြေယူသောက်လိုက်ပြီးမှ
"ငါက နင့်သမီးနဲ့လက်ထပ်လုနီးပါး ဖြစ်သွားတဲ့ ယွမ်မိသားစုအကြောင်းကို ပြောနေတာ။ သူတို့ရဲ့တတိယသမီးကို ယောက္ခမအိမ် ပြန်မပို့ရင် ရှဲ့သောင့်လေးနဲ့ သဘောမတူနိုင်ဘူးလို့ နင်တို့ တောင်းဆိုခဲ့ကြတယ်လေ။ အဲ့တောင်းဆိုချက်ကပဲ အခုချိန်မှာ နင်တို့ဆီကို ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားပြီ ဆိုတာကို နင်သိရဲ့လား။"
ရှဲ့သောင့်၏မိခင် ဆံပင်တိုတိုအမျိုးသမီး ပြောသည့်စကားတွေကို ကြားတော့ မျက်နှာကြီးရှုံ့မဲ့သွားကာ စိတ်ထဲကနေ
'ယွမ်မိသားစုနဲ့ ကိစ္စက အခုထိအောင် သတင်းတွေ ထွက်နေတုန်းလား။ နှစ်ဝက်တောင် ကြာသွားခဲ့ပြီလေ။ အဲ့ဒီယွမ်အိမ်က တတိယသမီးက သူ့ယောက်ျားနဲ့ကွာရှင်းချင်နေပြီး သူ့မိဘအိမ်မှာ ပြန်ကပ်နေရတာ။ ငါတို့ရဲ့သမီးလေးသာ အဲ့ဒီမိသားစုထဲ လက်ထပ်ဖြစ်သွားခဲ့ရင် အကုန်ကိုယ်ကျိုးတွေ နည်းကုန်တော့မှာပဲ။ ငါ့သမီးမပြောနဲ့ အခြားဘယ်မိန်းကလေးမှ အဲ့ဒီယွမ်မိသားစုကို လက်ထပ်ချင်ကြမှာ မဟုတ်ဘူး။'
လို့ တွေးလိုက်မိ၏။
ဒါ့ကြောင့် သူမက ဆံပင်တိုတိုဖြင့်အမျိုးသမီးကို သေချာစိုက်ကြည့်၍
"နင် ဘာတွေလာပြောနေတာလဲဟယ်။ နေရောကောင်းရဲ့လား။ ဆေးလေးဘာလေးလည်း ပုံမှန် မှီဝဲဦး"
လို့ သတိပေးလိုက်၏။
ထိုအခါ ဆံပင်တိုတိုဖြင့်အမျိုးသမီးက အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့်
"နင်သာ ကျန်မာရေးမကောင်းတာ။ နင်သာဆေးလေးဘာလေးမှီဝဲရမှာဟဲ့။ အရင်ဆုံး ငါပြောတာကိုဆုံးအောင် ရေပတ်ဝင်အောင်နားထောင်စမ်းပါ။ နင် ဟိုတလောက ဆုံးသွားတဲ့ စက်ချုပ်ဆရာအဖိုးဆောင်းကို သိတယ်မလား"
ရှဲ့သောင့်၏မိခင်က ခေါင်းညိတ်ပြလိုက်ပြီး
"သိတာပေါ့"
ထိုအခါ ဆံပင်တိုတိုဖြင့်အမျိုးသမီးက
"အေး အဲ့ဒီအဖိုးဆောင်းက သူသေခါနီးမှာ သူတို့ရွာက ရွာသားတွေနဲ့ရွာလူကြီးရဲ့ရှေ့မှာပဲ သူပိုင်တဲ့စည်းစိမ်တွေအကုန်လုံးကို သူ့ရဲ့တပည့်ကို အမွေပေးခဲ့တာတဲ့တော်"