အပိုင်း -၂၀
ဆန်းရှောင်ဟိုင်လည်း သက်ပြင်ချလိုက်ပြီး မေးကြောများ ထောင်ထသည်အထိ အံကြိတ်နေသည့်သားဖြစ်သူ ကျောအား ညှင်သာစွာ ပုတ်လိုက်၏။ပြီးနောက် အဖိုးဆောင်၏ ခြံဝန်းကို နောက်ပြန်လှည့်ကြည့်ရင်း
"လောလောဆယ် အမေတို့ ပြန်ကြရအောင်။ နေ့လည်ခင်လောက်ကျမှ နောက်တစ်ခေါက် ထပ်လာကြတာပေါ့"
လို့ ပြောလိုက်သည်။
ထို့နောက် သားအမိ နှစ်ယောက်သာ ဖန်းယန် ကျေးရွာကို ပြန်လာခဲ့ကြတော့သည်။
အိမ်ကို ရောက်တာနဲ့ ဆန်းရှောင်ဟိုင်ဟာ ကြက်ဥခြင်းထဲမှ ကြက်ဥ တစ်လုံးကို ယူလိုက်၏။ ခြံထဲမှကြက်သွန်မြိတ် အနည်းငယ်ကိုလည်း ယူလိုက်၏။ထိုနှစ်ခုကို ရောခေါက်ကာ ယွမ်ရွယ်ဂျင်းအတွက် ကြက်ဥမွှေကြော် တစ်ခွက် ပြင်ဆင်ပေးလိုက်တော့သည်။
ကြက်ဥမွှေကြော်ကို ယွမ်ရွယ်ဂျင်း ရှေ့မှာ ချပေးလိုက်ရင်း သူမက
"သိပ်လည်း ဝမ်းနည်းမနေပါနဲ့။ အပ်ချုပ်ဆရာရဲ့စကားပြော ဘယ်လောက်ဆိုးတယ်ဆိုတာကို ဖန်းမင်းတောင်ပေါ်မှာ မသိတဲ့သူ မရှိဘူး။ မင်းအနေနဲ့သူ့ဆီကနေ အက်ချုပ်ပညာကို အမှန်တကယ်သင်ယူချင်ရင် သူ့ရဲ့စကားပြော ဆိုးတာကိုတော့သည်းခံရမှာပဲ"
ယွမ်ရွယ်ဂျင်းက သူ့အမေပြောနေသည့် စကားတွေကို နားထောင်ရင်း သူ့၏ တူဖြင့် ကြက်ဥမွှေကြော်ကို ညှပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ပူပူနွေးနွေးလေးဖြင့် အရသာ အလွန်ရှိသော ကြက်ဥကြော်လေးဟာ သူ့လျှာ၏ အရသာ အာရုံခံဖုလေးတွေမှတဆင့် တစ်ကိုယ်လုံး အနှံ့ ပျံ့နှံ့သွားတော့သည်။ ဒါ့ကြောင့် သူ့ရဲ့ စိတ်အခြေအနေလည်း ပိုပြီး ကောင်းမွန်လာတော့သည်။
အစားအသောက်ကောင်း တစ်ခုကို စားလိုက်ခြင်းဖြင့် ပူပင်သောက မှန်သမျှ မေ့ပျောက်သွားနိုင်ပေသည်။
ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းလည်း ဒေါသထွက်နေရာကနေ စိတ်တည်ငြိမ်သွားတော့သည်။
သူက အနည်းငယ် ဒေါသကြီးပေမယ့် မတွေးတော မစဉ်းစားတတ်တဲ့ သူတစ်ယောက် မဟုတ်ပေ။
အနာဂတ်မှာ အဖိုး ဆောင်းဆီကနေ အပ်ချုပ်ပညာများကို သင်ကြားလိုပါက အဖိုး ဆောင်း၏ ဒေါသကိုလည်း သည်းခံနိုင်မှ ဖြစ်လိမ့်မည်။ ထိုကဲ့သို့ သည်းခံနိုင်မှသာလျှင်လည်း အဖိုး ဆောင်းထံမှ အပ်ချုပ်ပညာများကို သင်ကြားနိုင်မှာ ဖြစ်ပေသည်။
ယွမ်ရွယ်ဂျင်းလည်း နောက်ထပ် ကြက်ဥကြော် နည်းနည်း ထပ်စားလိုက်ပြီး သူ့အမေအား
"အမေ၊ စိတ်မပူပါနဲ့။ ကျွန်တော် အပ်ချုပ်ဆရာတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်။ လုံးဝ လက်မလျော့နိုင်ဘူး။ ဒါမှသာ နောင်တစ်ချိန်မှာ အဖေ၊ အမေနဲ့ ရဲဟွာ တို့ကို ကောင်းကောင်းမွန်မွန် ထားနိုင်မှာ"
လို့ စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြောလိုက်တော့သည်။
ထိုစကားကြောင့် ဆန်းရှောင်ဟိုင်လည်း ဝမ်းသာအားရ ပြုံးလိုက်ရင်း
"ဒါမှ အမေ့ သား"
ယွမ်ရွယ်ဂျင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ပြန်ရလာကာ
"နေ့လည်ကျရင် ကျွန်တော် တစ်ယောက်တည်း ရွှေသရဖူရွာကို သွားလိုက်မယ်။ အမေ မလိုက်ခဲ့နဲ့တော့။ မနက်က အတွေ့အကြုံကြောင့် ကျွန်တော့် စိတ်ကို ကျွန်တော် ပြင်ဆင်ပြီးသွားပြီ။ အဖိုး ဆောင် ဘယ်လောက် ဆူဆူငေါက်ငေါက် ကျွန်တော် သည်းခံပြီး သူ့ဆီကနေ အပ်ချုပ်ပညာ သင်ကြားနိုင်အောင် ကြိုးစားပါ့မယ်"
ဆန်းရှောင်ဟိုင်လည်း ကျေနပ်နေသော မျက်နှာထားဖြင့်
"ကောင်းတယ်"
အမှားတစ်ခုနဲ့ ကြုံတွေ့ပြီးနောက် ပြန်ဆုတ်ခြင်းထက် ထိုအမှားကို သင်ခန်းစာ ယူပြီး ရှေ့ဆက်တိုးခြင်းကသာ မှန်ကန်ပေသည်။
နေ့လည်ခင်းမှာ နေ့လည်စာ စားရန်အတွက် ယွမ်ချန်းကွေ့ တစ်ယောက် အိမ်ကို ပြန်လာခဲ့သည်။ သူက အိမ်ထဲမှာ ကြက်ဥခြင်း နှစ်ခြင်းကို ပြန်မြင်တွေ့လိုက်ရတာမို့ သူ့သား ယွမ်ရွယ်ဂျင်းအနေနဲ့ အဖိုး ဆောင်းထံမှ တပည့် မခံနိုင်သေးမှန်း သိလိုက်၏။
မိသားစုလိုက် နေ့လည်စာ စားကြရင် ယွမ်ချန်းကွေ့က ယွမ်ရွယ်ဂျင်းကို ကြည့်ကာ
"ဘယ်လိုလဲ။ အပ်ချုပ်ဆရာက မင်းကို တပည့်အဖြစ် လက်မခံဘူးတဲ့လား"
ယွမ်ရွယ်ဂျင်းက စားသောက်နေရင်းဖြင့်
"မသေချာသေးပါဘူး။ နေ့လည်ကျရင် ကျွန်တော် နောက်တစ်ခေါက် သွားဦးမှာ"
ယွမ်ချန်းကွေ့က တစ်ချက် ရယ်လိုက်ပြီး
"အင်းလေ။ အပ်ချုပ်ဆရာဆီမှာ တပည့်ခံဖို့ကလည်း လွယ်လွယ်နဲ့တော့ ဘယ်ရမလဲ"
ဆန်းရှောင်ဟိုင်လည်း သူမ ယောက်ျား၏ လက်မောင်းကို ရ်ိုက်လိုက်ကာ
"ကလေးကို စိတ်ဓာတ်ကျစေမယ့် စကားတွေ မပြောစမ်းပါနဲ့တော့။ ပြီးတော့ အဖိုး ဆောင်ဆီမှာ ပညာသင်ဖို့ကလည်း မလွယ်တာတော့ မဟုတ်ပါဘူး။ မဟုတ်ရင် တော့်တူမ ယွမ်ရိက ဘယ်လိုလုပ်ပြီး အဖိုးဆောင် တပည့် ဖြစ်သွားမတဲ့တုန်း။ တော့်တူမတောင်မှ လုပ်နိုင်ရင် တော့်သားကလည်း လုပ်နိုင်ပါတယ် တော်"
ယွမ်ချန်းကွေ့ကလည်း အမှန်တကယ်တော့ သူ့သား ယွမ်ရွယ်ဂျင်းအနေနဲ့ အဖိုး ဆောင်းထံကနေအပ်ချုပ်ပညာများကို သင်ကြားနိုင်ဖို့ မျှော်လင့်နေခဲ့ပါသည်။ ဒါ့ကြောင်လည်း ဆန်းရှောင်ဟိုင်အနေနဲ့ ရွာထဲမှာ ကြက်ဥတွေ လိုက်ချေးငှားစဉ်တုန်းက မတားဆီးခဲ့ခြင်း ဖြစ်သည်။ ဘာဖြစ်ဖြစ် သူဟာ ယွမ်ရွယ်ဂျင်း၏ အဖေဖြစ်တာမို့ သူ့သား အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေဆဲ ဖြစ်၏။
ခုနက သူ ပြောလိုက်တဲ့ စကားဟာလည်း လှောင်ရယ်ချင်တဲ့ သဘော မပါပဲ သူ့သား စိတ်ဓာတ်ကျနေမှာ စိုး၍ ဟာသ သဘောမျိုး ပြောလိုက်ခြင်းသာ ဖြစ်ပေသည်။
"ကောင်းပြီ။ ကောင်းပြီ။ ငါက ဟာသ လုပ်တာပါကွာ။ မင်း အမေအနေနဲ့ မင်း အပ်ချုပ်ဆရာ ဖြစ်လာဖို့အတွက် ဘယ်လောက်တောင် ကြိုးစား အားထုတ်ထားလဲဆိုတာ မင်း အသိနော်။ ဒီတော့ မင်း အပ်ချုပ်ဆရာ ဖြစ်လာဖို့အတွက် ရေကုန်ရေခမ်း ကြိုးစားမှ ဖြစ်မယ်ကွ"
ယွမ်ရွယ်ဂျင်းလည်း ခေါင်းညိတ်လိုက်ပြီး
"စိတ်မပူပါနဲ့ အဖေ။ ကျွန်တော် ကြိုးကြိုးစားစား သင်ယူပါ့မယ်"
နေ့လည်စာ စားပြီးတဲ့နောက် ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်တို့ နှစ်ယောက်ဟာ အလုပ် သွားလုပ်ကြတော့သည်။ ယွမ်ရွယ်ဂျင်းလည်း နေ့လည်စာ စားပြီးတာနဲ့ ကြက်ဥခြင်း နှစ်ခြင်းကို ဆွဲလို့ ရွှေသရဖူရွာထံ တစ်ယောက်တည်း ထပ်သွားပြန်တော့၏။
သူ အဖိုး ဆောင်း ခြံ ရှေ့ကို ရောက်တဲ့အခါမှာ ကံမကောင်းစွာနဲ့ တံခါး ပိတ်ထားတာကို ကြုံလိုက်ရသည်။ သူဟာ တံခါးကို ခေါက်ခဲ့ပေမယ့် လာဖွင့်ပေးသည့်သူတော့ မရှိခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် အဖိုး ဆောင်းဟာ ခြံတံခါးကို သော့ပိတ်ပြီး မီးဖိုချောင်ထဲမှာ နေ့လည်စာ စားနေသည့်အတွက်ကြောင့် ပြင်ပမှ အသံများကို မကြား၍ ဖြစ်သည်။
ယွမ်ရွယ်ဂျင်းလည်း ခြံတံခါးအနီးမှာ ထိုင်ချလိုက်၏။ ထို့နောက် ကြက်ဥခြင်း နှစ်ခြင်းကိုပါ ဘေးမှာ ချလိုက်ပြီး ကျောက်ခဲ တစ်ခဲအား အပေါ်မြှောက်လိုက်၊ ဖမ်းလိုက်ဖြင့် ဆော့နေလိုက်သည်။
အချိန်ဘယ်လောက် ကြာအောင် ဆော့နေမိသည်ကိုယွမ်ရွယ်ဂျင်း မသိလိုက်။ ခြံတံခါး သော့ဖွင့်သံ ကြားသည့်အခါမှသာ ဆော့နေတာကို ရပ်လိုက်၏။ပြီးနောက် ကြက်ဥခြင်း နှစ်ခြင်းကို ကောက်ယူလိုက်ကာ လျှင်မြန်စွာ ခြံတံခါး ရှေ့မှာ သွားရပ်လိုက်တော့သည်။ ခြံတံခါး ပွင့်သွားတာနဲ့ တစ်ဖက်မှ အဖိုး ဆောင်းဖြင့် မျက်နှာချင်းဆိုင်မိသွားတော့သည်။
အဖိုး ဆောင်းဟာ ယွမ်ရွယ်ဂျင်းကို မြင်တော့ရုတ်တရက် ရပ်တန့်သွား၏။ ထို့နောက် ဘာမျှ မပြောပဲ ခြံထဲကို တန်းဝင်သွားတော့သည်။
လျူရွယ်ဂျင်းလည်း အဖိုး ဆောင်း နောက်ကနေ တကောက်ကောက် လိုက်လာပြီး
"အဖိုး ဆောင်း၊ နောက်တစ်ကြိမ်လောက် ပြန်စဉ်းစားပေးပါဦးဗျ။ ကျွန်တော် အဖိုးဆီကနေအပ်ချုပ်ပညာကို အမှန်တကယ် သင်ယူချင်မိတာပါ။ ကျွန်တော့မှာ ကြက်ဥခြင်း နှစ်ခြင်းလည်း ပါခဲ့ပါသေးတယ်ဗျ"
အဖိုး ဆောင်းလည်း ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ပြီးတော့
"မင်းက အပ်ချုပ်သမား တစ်ယောက် မဖြစ်နိုင်ဘူး။ဒါ့ကြောင့်မို့ မင်းရဲ့အချိန်တွေကို ငါနဲ့ လာမဖြုန်းနဲ့တော့။ ငါ စိတ်ကောင်း ဝင်ပြီး စကားကောင်းကောင်း ပြောနေတုန်း ပြန်လိုက်တော့"
ယွမ်ရွယ်ဂျင်းက အဖိုး ဆောင်းရဲ့စကားကို လက်မခံသေးပဲ
"အဖိုးက ကျွန်တော့်ကို သင်မပေးရသေးဘဲ ဘယ်လိုလုပ်ပြီး ကျွန်တော်က အပ်ချုပ်ဆရာ တစ်ယောက် မဖြစ်နိုင်ဘူးလို့ ပြောနိုင်ရတာလဲ။ ဒါဆိုရင် ယွမ်ရိကိုရော အဖိုး ဆောင်းက မသင်ပေးခင်ကတည်းက အပ်ချုပ်ဆရာ တစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာလား။ သူမက စကားပြော ချိုသာတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေလို့လား"
ယွမ်ရွယ်ဂျင်း၏ နောက်ဆုံးစကားကြောင့် အဖိုး ဆောင်လည်း သူ့ရဲ့မျက်လုံးများကို မှေးလျက် ယွမ်ရွယ်ဂျင်းအား စိုက်ကြည့်လိုက်တော့သည်။
ယွမ်ရွယ်ဂျင်းလည်း ထိုကဲ့သို့ စိုက်ကြည့်ခံလိုက်ရ၍ တစ်ကိုယ်လုံ ကြည်သီးမွှေးညှင်းများ ထလာတော့၏။
အဖိုး ဆောင်းက
"ဘာလဲ။ မင်းက ယွမ်ရိဆိုတဲ့ ကလေးမကို အထင်သေးတာလား"
ယွမ်ရွယ်ဂျင်းလည်း တစ်ချက်လောက် မခိုးမခန့် ရယ်လိုက်ပြီး
"အထင်သေးတာတော့ မဟုတ်ပါဘူး အဖိုး။ အိမ်မှာဆိုရင် ဘာဟင်မှ မချက်တတ်ပဲ ရေးဆေးပေးတာနဲ့ ဟင်းသီးဟင်းရွက် မွှေတာပဲ တတ်တဲ့သူက ဘယ်လိုလုပ်ပြီး ကျွန်တော့်လောက် တော်နိုင်မှာမို့လို့လဲ"
အဖိုး ဆောင်းက ပြုံးလိုက်ပြီး
"အိုး၊ မင်းက သူမအကြောင်း ကောင်းကောင်း သိနေတဲ့ပုံပဲ"
ယွမ်ရွယ်ဂျင်းလည်း အမှတ်တမဲ့ဖြင့်
"သူမက ကျွန်တော့်ရဲ့ဝမ်းကွဲလေ။ ပြီးတော့ အတူတူ ကြီးပြင်း ... ..."
ထိုစကားကို ပြောမိပြီးမှ သူအမေက သူ့ရဲ့မိသားစုနဲ့နောက်ခံအကြောင်း မပြောဖို့ သတိပေးထားတာကိုသတိရလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဆန်းရှောင်ဟိုင်နဲ့ယွမ်ရိတို့ ပြဿနာ ဖြစ်ဖူး၍ အဖိုး ဆောင်းဟာ ဆန်းရှောင်ဟိုင်အပေါ် အမြင်မကြည်ဖြစ်နေလို့ပင်။ ထိုအရာအား ယွမ်ရွယ်ဂျင်အား တပည့်အဖြစ် လက်မခံမှာကို စိုး၍ မပြောခိုင်ရခြင်း ဖြစ်ပေသည်။
ဒါပေမယ့် ယွမ်ရွယ်ဂျင်းကတော့ အမှတ်တမဲ့ဖြင့်လွှတ်ခနဲ ထွက်သွား၏။ ဒါ့ကြောင့် သူက စကားကိုချက်ချင်း ရပ်၍ သူ့ လျှာ သူ ကိုက်မိလိုက်တော့သည်။
အဖိုး ဆောင်းဟာ ယွမ်ရွယ်ဂျင်းကို စိုက်ကြည့်နေခဲ့ပြီး ဘာမျှ မပြောခဲ့ပေ။ တစ်ခဏကြာမှ သူက
"ဒါက မင်းရဲ့အကြောင်းပြချက်လား"
ယွမ်ရွယ်ဂျင်းရဲ့နှလုံးသားဟာ ပြုတ်ထွက်မတတ် ခုန်းသွားတော့၏။ တော်သေးတာက အဖိုး ဆောင်းဟာ သူ့အမေနဲ့ ကိစ္စအား မမှတ်မိတော့ပုံရသည်။ ဒါကလည်း ဖြစ်နိုင်ပေသည်။ အဖိုး ဆောင်းကဲ့သို့ အသက် ခုနှစ်ဆယ် ကျော်နေသည့် လူတစ်ယောက်အတွက် မေ့တတ်တာက ပုံမှန် အရာ တစ်ခုပင်။
ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းလည်း စိတ်သက်သာရာရသွားကာ
"ဟုတ်ပါတယ်"
လို့ ပြောလိုက်တော့သည်။
အဖိုး ဆောင်းလည်း ကုလားထိုင်အား ကျောဖြင့် မှီလိုက်ပြီး
"ကောင်းပြီလေ။ ဒါဆိုရင် အရင်ဆုံး အိမ်ထဲကို သန့်ရှင်းရေး လာလုပ်လိုက်။ အတွင်းရော၊ အပြင်ရော၊ သေချာလေး သန့်ရှင်အောင် လုပ်နော်။ ဒီနေ့ သန့်ရှင်းရေး မလုပ်ရသေးတာမို့ နည်းနည်း ညစ်ပတ်နေပြီ"
ယွမ်ရွယ်ဂျင်းလည်း အဖိုး ဆောင်၏ စကားကြောင့် နည်းနည်း ပျော်သွား၏။ ဒါပေမယ့် သူက အပြည့်အဝ မပျော်နိုင်သေးပဲ
"အဖိုး ကျွန်တော့်ကို အပ်ချုပ်သင်ပေးဖို့ ဆန္ဒရှိလား"
လို့ သေချာအောင် ထပ်မေးလိုက်သည်။
အဖိုး ဆောင်းက
"မင်းက ထက်မြက်ပြီး ဉာဏ်ကောင်းတယ်ဆို။ မင်းလို လူမျိုးကိုမှ ငါ့ရဲ့ပညာအမွေတွေ သင်မပေးရရင် အခြား ဘယ်သူ့ကို သင်ပေးရမှာတုန်းကွ။ ယွမ်ရိလိုမျိုး မိန်းကလေး တစ်ယောက်ထက်စာရင် မင်းက ပိုပြီးတော့ မကောင်းပေဘူးလား"
ယွမ်ရွယ်ဂျင်းလည်း အဖိုး ဆောင်း၏ မြှောက်ပင့်စကားကြောင့် ရယ်မောလိုက်ပြီး
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဗျာ"
လို့ ရှက်နေသော လေသံဖြင့် ပြောလိုက်သည်။
ထို့နောက် အနီးမှ တံမြက်စည်းကို ကောက်ကိုင်၍ လှည်းကျင်းဖို့အတွက် အခြားတစ်နေရာကို ထွက်သွားတော့၏။
အဖိုး ဆောင်းလည်း တံမြက်စည်း လှည်းနေသော ယွမ်ရွယ်ဂျင်းကို ကြည့်ရင်း ကုလားထိုင်ကို အသာ လှုပ်လျက်
"ဪ၊ ဘဝင်ရူးကောင် တစ်ကောင်ပါလား"
လို့ တီးတိုး ရေရွတ်လိုက်တော့သည်။
နေမင်းကြီးဟာ တဖြည်းဖြည်းဖြင့် အနောက်ဂေါယာ အရပ်ဆီသို့ ဝင်ရောက်တော့မည် ဖြစ်သည်။
ယွမ်ရိနဲ့ လင်းယောင်တို့ဟာ တောင်ပေါ်လမ်းတစ်လျှောက် နှစ်ရက်ကြာအောင် လမ်းလျှောက်ခဲ့ရပြီးနောက် စိတ်လှုပ်ရှားခြင်း မရှိကြတော့ချေ။ ဒါပေမယ့် သူတို့မှာ မောပန်းခြင်းလည်း ရှိမနေပြန်ပေ။
လမ်တစ်လျှောက် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အားပေးရင်း ခဏနေ ရောက်တော့မယ်'
လို့ တစိလှည့်စီ ပြော၍ ခရီးဆက်လာခဲ့ကြ၏။
လင်းယောင်ဟာ အရင်တုန်းက သွားခဲ့ဖူးသည့် တောင်ပေါ်လမ်းလေးကို ကြည့်နေခဲ့သည်။ ပြီးတဲ့နောက် နေဝင်ဆည်းဆာကို ကြည့်ရင်း
"ဒီလို အချိန်မျိုးမှာ ခရီးသွားမှ လှပတဲ့ အရာလေးတွေကို မြင်တွေ့နိုင်မှာ"
ယွမ်ရိကလည်း ပြုံလိုက်ပြီး
"ဒါဆိုရင် ဒီအချိန် မကုန်ခင်လေး မြန်မြန်သွားပြီး လှပတဲ့ အရာလေးတွေကို ခံစားလိုက်ရအောင်"
ထို့နောက် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲလျက် ခရီးဆက်ကြတော့သည်။လမ်တလျှောက် စကား တပြောပြောဖြင့် လျှောက်လာပြီးတဲ့နောက် မကြာခင်မှာ သူတို့၏ ပန်းတိုင် ဖြစ်သည့် မြို့လေးကို ရောက်လာတော့သည်။
မြို့သို့ ရောက်ပြီးတဲ့နောက်မှာ သူတို့ နှစ်ယောက်လုံးအတွက် ပင်ပန်းထားသမျှ အရာရာဟာ ယူပစ်သလို ပျောက်သွားတော့သည်။
ထိုအချိန်မှာ နေကလည်း လုံးဝ ဝင်သွားပြီ ဖြစ်သည်။ သူမတို့နှစ်ယောက်ဟာ မြို့လမ်းမပေါ်မှာ လမ်းလျှောက်နေကြရင်း ခေါက်ဆွဲဆိုင် တစ်ဆိုင်ကို တွေ့လိုက်ကြသည်။ ဒါ့ကြောင့် ဆိုင်အတွင်း ဝင်ထိုင်လိုက်ကြပြီး 'ဒန်ဒန် ခေါက်ဆွဲ' နှစ်ပွဲ မှာလိုက်၍ အနားယူရင်း စောင့်နေခဲ့ကြ၏။
စားပွဲမှာ ထိုင်ကာ ခေါက်ဆွဲကို စောင့်နေရင်းဖြင့် ယွမ်ရိဟာ သူ့ရဲ့ဖိနပ်ကို အသာချွတ်၍ သူမ၏ ခြေချောင်းလေးများအား အညောင်းအညာ ဆန့်လိုက်သည်။
လင်းယောင်ကလည်း သူ့ရဲ့အင်္ကျီလက်ရှည်အားလက်မောင်းရင်းအထိ ရောက်အောင် ခေါက်တင်လိုက်ရင်း တောင့်တင်းသည့် ကြွက်သားများအား လေဝင်လေထွက် ကောင်းအောင် လုပ်လိုက်၏။
ရွယ်ရိဟာ ခေါင်းကို ဘယ်ညာချိုး လက်ဂုတ်ကြောကိုပါ အညောင်းအညာ ဆန့်လိုက်သည်။ ထို့နောက် လင်းယောင်အား ပြုံးလျက်
"နင်၊ မပင်ပန်းဘူးလား"
လို့ မေးလိုက်၏။
လင်းယောင်က ထိုမေးခွန်းကို ပြန်မဖြေခဲ့ပဲ
"တောင်ပေါ်မှာ နေရတာ တကယ့်ကို မလွယ်ကူဘူးနော်"
လို့ ပြောလိုက်၏။
ယွမ်ရိကလည်း သက်ပြင်းချကာ
"ဟုတ်တယ်"
လို့ ပြန်ပြောလိုက်သည်။
တောင်ပေါ်မှာ နေရတာက တကယ့်ကို မလွယ်ကူလှပေ။ သွားရ လာရ ခက်ခဲသည့်အပြင် နေရ ထိုင်ရတာလည်း ခေါင်လွန်းလှပေသည်။
ယွမ်ရိလည်း အလွန် ပင်ပန်းနေပြီ ဖြစ်၍ စားပွဲပေါ်မှာ ခေါင်းငိုက်ချလျက် ခဏလှဲလိုက်၏။
လင်းယောင်လည်း ယွမ်ရိနည်းတူ မှောက်ချရင်း ခဏ အနားယူလိုက်၏။
နှစ်ယောက်သား တူညီသော ကိုယ်ဟန် အနေအထားဖြင့် အနားယူကြရင်း အကြောင်းပြချက် မရှိ ရယ်မောမိလိုက်ကြသည်။
ခဏကြာအောင် အတူတူ ရယ်မောပြီးသည့်နောက် ယွမ်ရိက ရယ်မောတာကို ရပ်လိုက်ကာ
"နင် ရယ်တာက တကယ့်ကို ချစ်စရာ ကောင်းတယ်"
လို့ ပြောရင်းဖြင့် လင်းယောင်၏ ပါးများအား ဖဲ့လိုက်ပြီး
"နင်သာ ငါ့မောင်လေး ဖြစ်ရင် ကောင်းမယ်။ ဒါဆိုရင် နေ့တိုင် နင့်ပါးဖောင်ဖောင်းကြီးတွေကို ဖဲ့လို့ရမယ်"
လို့ ဆက်ပြောလိုက်၏။
လင်းယောင်လည်း ယွမ်ရိ၏ စကားကြောင့်အံ့အားသင့်သွားပြီး ပါးတွေ၊ နားတွေ နီရဲလို့ ရှက်ရွံ့သွားတော့သည်။
ထို့နောက် သူတို့ စကား ဆက်ပြောမလို့ ပြင်ချိန်မှာ သူတို့ မှာထားသည့် ခေါက်ဆွဲတွေ အသင့်ဖြစ်၍ လာပို့တာနဲ့ ကြုံလိုက်ရပြီး စကားစ ပြက်သွားတော့သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက်လုံး စားပွဲပေါ် မှောက်နေရာကနေ အမြန်ထလိုက်ကြတော့သည်။
အစာခြောက်တွေကို နှစ်ရက်လောက် စားပြီးတဲ့နောက်မှာ ပူပူနွေးနွေ လက်လက်ဆက်ဆက် အစားအသောက်ကို ပထမဆုံး ပြန်စားရတော့မှာမို့ စိတ်လှုပ်ရှားနေကြ၏။ ယွမ်ရိဟာ သူမရဲ့တူကိုဖောက်ကာ ခေါက်ဆွဲဖက်များကို ညှပ်လျက် ပါးစပ်ထဲ ထည့်ဝါးရင်း အရသာခံလိုက်သည်။ အရသာက အရမ်း ကောင်းလွန်းတာကြောင့် သူမ မျက်ဝန်းတွေ တလက်လက် တောက်ပသွားတော့သည်။
ဒါပေမယ့် သူမ၏ ခေါက်ဆွဲအား သိပ်မစပ်သေးဘူးလို့ ထင်ကာ ခေါက်ဆွဲဆိုင် ပိုင်ရှင်အား ငရုတ်ဆီ နည်းနည်း တောင်းပြီး ခေါက်ဆွဲပန်ကန်ထဲ ထည့်လိုက်သည်။ ပြီးတဲ့နောက် မွှေပြီး စားလိုက်ကာ ရှူးရှူးရှဲရှဲဖြင့် ယွမ်ရိ အလွန်အမင်း အကြိုက်တွေ့သွားတော့သည်။
ယွမ်ရိလည်း လင်းယောင်ထံ ကြည့်မိလိုက်တော့ နားရွက်တွေ၊ မျက်နှာတွေ နီရဲနေတာကို တွေ့လိုက်ရ၍
"အစပ် မစားနိုင်ဘူးလား"
လို့ မေးလိုက်သည်။
လင်းယောင်က သူ့ ပါးစပ်ထဲမှ ခေါက်ဆွဲကို မြို့ချလိုက်ပြီး
"အရင်တုန်းကတော့ သိပ်မစားနိုင်ဘူး။ အခုလည်းအရမ်း စပ်ရင် မစားနိုင်သေးဘူးရယ်။ ဒါပေမယ့် ဒီခေါက်ဆွဲကတော့ အနေတော်မို့လို့ စားနိုင်ပါသေးတယ်"
ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"ဒါနဲ့ နင်တို့ရဲ့အိမ်က ဘယ်မှာရှိတာလဲ"
လင်းယောင်က
"ရှန်ဟိုင်းမြို့ပေါ်မှာ"
ယွမ်ရိလည်း အံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရှန်ဟိုင်းက တကယ့်ကို မြို့တော်ကြီး တစ်မြို့ ဖြစ်နေလို့ပင်။
လင်းယောင်က ဆက်လက်ပြီးတော့
"အဲ့မြို့မှာ အရမ်းလှတယ်"
ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"အိုး"
လို့ အာမေဍိတ် ပြုလိုက်မိ၏။
ထို့နောက် နှစ်ယောက်သား စကားတစ်ခွန်းအား တပြိုင်တည်း ပြောလိုက်မိကြတော့သည်။
"အခွင့်အရေး ရရင် ရှန်ဟိုင်းကို ခေါ်သွားပေးမယ်"
"အခွင့်အရေး ရရင် ရှန်ဟိုင်းကို ငါ လာလည်ဦးမယ်"
ထိုစကားကို ပြောပြီးတာနဲ့ နှစ်ယောက်သာ အကြည့်ချင်း စုံသွားကာ တခစ်ခစ်ဖြင့် ရယ်မောမိလိုက်ကြတော့သည်။
နေဝင်သွားပြီ ဖြစ်တာမို့ ကောင်ကင်မှာ အမှောင်ထုခြုံလွှမ်းသွားပြီ ဖြစ်သည်။
ယွမ်ရွယ်ဂျင်းဟာ ရွှေသရဖူရွာကနေ ဖန်းယန်ရွာသို့ ပင်ပန်း နွမ်းလျစွာဖြင့် ပြန်ရောက်လာခဲ့၏။
သူ ပြန်ရောက်လာချိန်မှာ သူ့ အမေ ဆန်းရှောင်ဟိုင်က ညစာချက်ပြုတ်နေချိန် ဖြစ်သည်။ သူဟာ ပင်ပန်းလွန်းတာမို့ သူ့အမေကိုတောင် နှုတ်ဆက်စကား မပြောနိုင်တော့ပဲ ကြက်ဥခြင်း အလွတ်များကို ပစ်ချလျက် သူ့ အခန်းထဲ ဝင်ကာ ကုတင်ပေါ် တန်းလှဲပစ်လိုက်တော့သည်။
ညစာ စားချိန်ရောက်တဲ့အခါမှာတော့ ယွမ်ရဲဟွာက အခန်းထဲ ဝင်လာပြီး
"အစ်ကို ညစာ စားကြမယ်"
လို့ ပြောရင်း ယွမ်ရွယ်ဂျင်းအား နှိုးလိုက်တော့သည်။
ယွမ်ရွယ်ဂျင်းလည်း အိပ်နေရာကနေ ထလိုက်ကာထမင်းစား စားပွဲမှာ ဝိုင်ထိုင်လိုက်၏။
ဆန်းရှောင်ဟိုင်က သူ့အတွက် ထမင်းခူးခက်ပေးလိုက်ပြီး
"အခြေအနေ ဘယ်လိုလဲ"
လို့ မေးလိုက်သည်။
ယွမ်ရွယ်ဂျင်းက
"အဖိုး ဆောင်းက ကျွန်တော့်ဆီက ကြက်ဥ နှစ်ခြင်းစလုံးကို လက်ခံထားလိုက်တယ်"
ထိုစကားကြောင့် ဆန်းရှောင်ဟိုင် မျက်ခုံးနည်းနည်းတွ့န့်သွားကာ
"ဒီတော့ သူက မင်းကို သင်ပေးမှာတဲ့လား။မသင်ပေးဘူးတဲ့လား"
ယွမ်ရွယ်ဂျင်းလည်း သူ့အမေ၏ အနည်းငယ် စိတ်မရှည်တော့သော လေသံကို ကြားမှ ဂုဏ်ယူစွာ ပြုံးလိုက်ကာ
"ပြောရမယ်ဆိုရင် အဖိုး ဆောင်းက ကျွန်တော့်ကို အပ်ချုပ်ပညာတွေ သင်ပေးတော့မယ်လို့ ယူဆလို့ ရနေပြီဗျ"
ထိုစကားကို ကြားတော့မှ ဆန်းရှောင်ဟိုင်လည်း သူ့ပေါင်သူ ကျေနပ်စွာ ပုတ်လိုက်ပြီး
"ကိုင်း၊ ကြည့်စမ်။ ငါ မပြောပေဘူးလား။ ငါ့ရဲ့သားက ယွမ်ရိထက် ဉာဏ်ကောင်ပြီး ထက်မြက်ပါတယ်ဆိုနေ။ ယွမ်ရိလို မိန်းကလေးကိုတောင် တပည့်အဖြစ် လက်ခံမှတော့ ငါ့ရဲ့သားကိုလည်း တပည့်အဖြစ် လက်မခံနိုင်ရိုးလား"
ထို့နောက် သူမက ယွမ်ရွယ်ဂျင်းအား
"ဒါနဲ့ ဒီနေ့ ဘာတွေများ သင်ပေးလိုက်သေးလဲ"
လို့ ထပ်မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ယွမ်ရွယ်ဂျင်းလည်း လေသံတိုးတိုးလေးဖြင့်
"ဒီနေ့ သူ့ အိမ်ကို သန့်ရှင်းရေး လုပ်ပေးရတယ်။ ခြံထဲက မြက်တွေလည်း နှုတ်ပေးရတယ်။ ကြမ်းပြင်တွေကိုလည်း ကြမ်းတိုက်ပေးရတယ်။ အဲ့တာတွေ လုပ်ပေးပြီးတဲ့နောက် မိုးချုပ်သွားလို့ အိမ်ကို ပြန်လာခဲ့တော့တာပဲ။ ဒါ့ကြောင့် ဒီနေ့တော့ ဘာမှ မသင်ခဲ့ရဘူး"
လို့ ပြောလိုက်သည်။
ဆန်းရှောင်ဟိုင်လည်း သူ့သား၏ စကားများကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားပြီးမှ တစ်ခုခုကို တွေးမိလိုက်ကာ
"ငါ့သား။ အဲ့တာ ငါ့သားကို စမ်းသပ်နေတာနော်။ ငါ့သား ကောင်းကောင်းမွန်မွန် လုပ်ပေးခဲ့ရဲ့လား။ သူစမ်းသပ်တာကို အောင်မြင်မှ သူ့ဆီကနေ အပ်ချုပ်တာကို သေချာပေါက် သင်နိုင်မှာ ထင်တယ်။ ဒါ့ကြောင့် နောက်ဆိုရင် အဖိုး ဆောင်း ခိုင်းသမျှ မငြိုမငြင်ဘဲ လုပ်ပေးလိုက်နော်"
"ဟုတ်ကဲ့ပါ အမေ။ သားလည်း အဲ့လို ထင်လို့ သေသေချာချာ ကောင်းကောင်းမွန်မွန် လုပ်ပေးခဲ့ပါတယ်ဗျ"
ယွမ်ရွယ်ဂျင်းက ပြောလိုက်သည်။
ယွမ်ချန်းကွေ့က
"ငါ့သား၊ မင်းလည်း အသက်အရွယ်က ရောက်လာပြီ။ ဒီတော့ အပ်ချုပ်တာကို သေချာ တတ်အောင်သင်။ မဟုတ်ရင် ငါ့လို အရမ်း အရမ်း ပင်ပန်လွန်းတဲ့ သတ္တုတူရတဲ့ အလုပ်တွေ လုပ်နေရလိမ့်မယ်ကွ"
"ဟုတ်ကဲ့ပါ အဖေ"
ယွမ်ရွယ်ဂျင်းက သူ့အဖေ၏ စကားကို အလေးအနက် နားထေားခဲ့၏။
ထိုအချိန်မှာ ဆန်းရှောင်ဟိုင်က
"မင်းသာ အဖိုး ဆောင်းရဲ့ တပည့်ဖြစ်လာခဲ့ရင် ဟိုကောင်မလေး ယွမ်ရိကို အဖိုး ဆောင်း မောင်းထုတ်ဖို့အတွက် လုပ်ရမယ်နော်"
လို့ ရုတ်တရက် ဝင်ပြောလိုက်သည်။
ယွမ်ရွယ်ဂျင်း ဘာမျှ ပြန်မပြောခင်မှာ ယွမ်ချန်းကွေ့က သူ့ရဲ့တူတွေကို စားပွဲပေါ် စောင့်ချလိုက်သည်။
သူက ဆန်းရှောင်ဟိုင်အား ဒေါသတကြီးဖြင့်
"ဆန်းရှောင်ဟိုင်၊ မင်း ဘာလုပ်ချင်ရပြန်ပြီလဲ။ အရင်တစ်ခါ စပျစ်သီး ကိစ္စတုန်းက ဖြစ်ထားတာကို မမှတ်သေးဘူးလား၊ ဟမ်။ ပြီးတော့ မင်းရဲ့လုပ်ရပ်က ယွမ်ရိနဲ့ ရွယ်ဂျင်းတို့ မောင်နှမ နှစ်ယောက်ကြား သွေးခွဲသလို ဖြစ်နေပြီကွ။ မင်းကိုယ်မင်းရော ယွမ်ရိရဲ့ ဒုတိယအဒေါ်ဖြစ်ကြောင်းကိုရော သိသေးရဲ့လား"
ဆန်းရှောင်ဟိုင်ကလည်း ယွမ်ချန်းကွေ့၏ စကားအား ပန်းနုသွေး ဇာတ်ခင်း၍
"ဟုတ်ပါတယ်။ ကျွန်မက ရှောင်ရိရဲ့အဒေါ်ပါတော်။ဒါပေမယ့် ရှောင်ရိကတော့ ဒီက ကောင်မကြီးကိုဒုတိယအဒေါ်အဖြစ် သတ်မှတ်လို့လား။ သူမက ဝတ်စုံချုပ်လို့ ကြက်သား တစ်ဝက်နဲ့ ငွေ တစ်ယွမ် ရလာတုန်းက သူတို့ ကြက်သား ငရုတ်သီးကြော် လုပ်စားကြတယ်လေ။ အဲ့တုန်းက ကျွန်မတို့ကို ငရုတ်သီး တစ်ဖက်ကလေးတောင် ကျွေးလို့လားတော့်။ ဒါ့ကြောင့် အဲ့ကလေးမ ဘဝင်မြင့်နေတာကို ပညာပေးဖို့အတွက် ရွယ်ဂျင်းကို ပြောလိုက်တာ။ အဲ့တော့ ကျွန်မ မှားလားရှင့်"
ယွမ်ချန်းကွေ့လည်း ဆန်းရှောင်ဟိုင်အား ဘာမျှ ပြန်မပြောတော့ပေ။
ထိုနေ့တွေတုန်းက သူကိုယ်တိုင်လည်း အမှန်တကယ်ပင် ဒေါသထွက်နေခဲ့ပါသည်။ မွှေးပျံလှသည့် ကြက်သားကြော်ဟာ အနံ့သာ ရပြီးမစာရသည်မှာ တကယ့်ကို ရင်နာစရာ အဖြစ်အပျက် တစ်ခုပင်။
သူက ဘာမှမပြောတာကို မြင်တာနဲ့ ဆန်းရှောင်ဟိုင်က
"ကျွန်မတို့ကသာ သူမကို ဆွေမျိုးတွေလို ဆက်ဆံတာ။ သူမကတော့ ကျွန်မတို့ကို ဆွေမျိုးတွေလို့ မြင်မှာ မဟုတ်ဘူး။ ပြီးတော့ နောက်တစ်ချိန် ရွယ်ဂျင်ကို အဖိုး ဆောင်းက စားစရာတချို့ ပေးလိုက်ရင် သူမကလည်း မညီးညူပဲ နေမယ်လို့ ရှင် အတပ်ပြောနိုင်လို့လား"
ယွမ်ချန်းကွေ့လည်း ဘာမျှမပြောဘဲ ထမင်းကိုသာ ကုန်းစားနေခဲ့သည်။
သူ့အမေ ပြောချင်သည့် စကားအဓိပွာယ်ကို နားလည်တာမို့ ယွမ်ရွယ်ဂျင်းက
"အမေ၊ စိတ်မပူပါနဲ့။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ အသားစာနေကြတဲ့ အချိန် သူတို့တွေလည်း သရေတွေ ကျကြပါစေ။ ပြီးတော့ သူတို့ ဟားတိုက်ရယ်မောသလို ကျွန်တော်လည်း ပြန်ပြီး ဟားတိုက် ရယ်မောနိုင်စေရမယ်"
အပိုင်း -၂၀.၂
ထိုနေ့က သူ့ရဲ့ဦးလေး ငါးနဲ့ ယွမ်ရိတို့ဟာ လှောင်ပြောင် ဟားတိုက်သံများကို ယွမ်ရွယ်ဂျင်းမှတ်မိနေပါသေးသည်။
ဆန်းရှောင်ဟိုင်က ယွမ်ရွယ်ဂျင်းအား
"မင်း လုပ်မယ်မလား ဟင်။ ငါ့ကို တိုးတိုးလေး ပြန်ဖြေ။ မဟုတ်လို့ မင်းရဲ့အဖွား ကြားသွားရင် ငါနဲ့ စကားများနေရဦးမယ်"
အချိန်ခဏ ကြာအောင် စဉ်းစားပြီး ယွမ်ရွယ်ဂျင်းက ခေါင်းညိတ်လိုက်၍
"ကျွန်တော် လုပ်ပါ့မယ်"
လို့ ပြန်ဖြေလိုက်တော့သည်။
တစ်ဖက်အိမ်မှာတော့ ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချန်းရှန်နဲ့ ယွမ်ကျဲတို့ဟာ ညစာ စားနေကြ၏။ သူတို့ ဆန်းရှောင်ဟိုင်နဲ့ ယွမ်ချန်းကွေ့တို့ အိမ်ဘက်ကနေ စကားသံ တချို့ကို ဝေဝေဝါးဝါး ကြားနေရပေမယ့် ဘယ်သူမှ အာရုံစိုက် နားထောင်ခြင်း မရှိတာမို့ ရှင်းရှင်းလင်းလင်း မကြားကြပေ။
ယွမ်ကျီကောင်းက စားနေရင်းဖြင့်
"ဒီအချိန်လောက်ဆိုရင် ယွမ်ရိလည်း မြို့ပေါ် ရောက်လောက်ရောပေါ့"
ယွမ်ချန်းရှန်က မကျေမနပ်ဖြစ်နေသော လေသံဖြင့်
"ရှောင်ရိက တကယ့်ကို မရိုးသားဘူး။ ဒီဦးလေးကအစားအသောက် ကောင်းလေးတွေ ရှိတိုင်း သူတို့စားဖို့ ယူလာပေးရတာကို ဘာလို့များ ဦးလေးကို မြို့ပေါ် ခေါ်မသွားရတာလဲ။ မဖြစ်သေးပါဘူး။ အမေ ကျွန်တော့်ဖို့ ရိက္ခာခြောက် အချို့ ပြင်ပေးဦး။ကျွန်တော် အခု ချက်ချင်း ယွမ်ရိနောက် လိုက်သွားလိုက်မယ်လေ"
လျူရှင်းဟွာ ပြန်မပြောခင်မှာ ယွမ်ကျီကောင်းက
"မင်း အနေနဲ့ ပျံသွားမှ ယွမ်ရိကို မှီတော့မယ်"
ဟု ဝင် အရွှန်းဖောက်လိုက်၏။
ယွမ်ချန်းရှန်လည်း သက်ပြင်းချလိုက်ပြီး
"ရှောင်ရိက ဒီရက်ပိုင်း မိုးပျံမျှော်စင်က အရူးကောင်လေးနဲ့ တအား ရင်းနီးနေတယ်။ အခုတောင် မြို့ပေါ်သွားတဲ့ ခရီးမှာ ကျွန်တော့်ကို မခေါ်ဘဲ အဲ့အရူးလေးကို ခေါ်သွားတယ်လေ"
ယွမ်ကျီကောင်းလည်း သူ့ရဲ့သားကို စကားပြန်ပြောဖို့အတွက် ပျင်းနေ၏။
ဒါပေမယ့် ယွမ်ကျဲက
"ဦးလေး ငါး၊ လင်းယောင်ကို အရူးလို့ မခေါ်ပါနဲ့။ သူက ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်ဖို့ ကောင်းပါတယ်"
လို့ ပြန်ပြောလိုက်သည်။
"ဘာ ချစ်ဖို့ကောင်းတာလဲ"
ယွမ်ချန်းရှန်လည်း သူ့၏ အင်္ကျီလက်ကို ပင့်မ၍ လက်မောင်း ကြွက်သားများကို ပြကာ
"ယောက်ျားဆိုတာ ဒီလိုမျိုး ဖြစ်နေမှရမှာကွ"
တဖြည်းဖြည်းနဲ့ ထမင်းမစားတော့ဘဲ စကားတွေချည်း ပြောနေတာကြောင့် လျူရှင်းဟွာက
"ချန်းရှန်၊ မင်း လေပေါလွန်းတယ်ကွယ်။ ထမင်းကို အရင်ပြီးအောင် စားစမ်းပါ။ ပြီးမှ လေပေါတော့"
ယွမ်ချန်းရှန်လည်း ပုခုံးကို အသာတွန့်လျက်
"အမေတို့ကလည်းဗျာ။ ကိုယ်မြေးတစ်ယောက်လုံး ဟိုမျှော်စင်ပေါ်က ကောင်ဆီ ပါသွားမှ ကျွန်တော် မပြောထားဘူးလို့ မပြောကြနဲ့"
လျူရှင်းဟွာက
"ဟဲ့၊ ဘာစကားတွေ လျှောက်ပြောနေတာလဲ။ သူတို့ အခုမှ ဆယ့်သုံး၊ ဆယ့်လေးနှစ် အရွယ် ကလေးငယ်လေးတွေ ဖြစ်နေသေးတဲ့ဟာကို"
ယွမ်ချန်းရှန်လည်း ယွမ်ကျဲကို လက်ညိုးထိုးလျက်
"အဲ့တာဆိုရင် ယွမ်ကျဲကို မေးကြည့်လိုက်လေ။ရှောင်ကျဲ၊ နင့်အမနဲ့ ဟိုကောင်နဲ့က ဘယ်လောက်အထိအောင် ရင်းနှီးနေကြပြီလဲ"
ယွမ်ကျဲလည်း စကားဝိုင်းကို သူမဘက် လှည့်ပေးနေသည့် ဦးလေး ငါးအား
"ဦးလေး ငါး၊ လေမပေါဘဲ ထမင်း မြန်မြန်စား"
ထိုစကားကြောင့် ယွမ်ချန်းရှန် တစ်ယောက် ပိုလို့ပင် တက်ကြွသွားကာ
"ကြည့်ကြ။ ကြည့်ကြ။ သူက စကားလမ်းကြောင်းလွှဲနေပြီ။ ဒါဟာ တစ်ခုခုတော့ တစ်ခုခုနော်"
နောက်ဆုံးမှာတော့ ယွမ်ကျီကောင်းက စကားများလွန်းသည့် သူ့သားအား
"ထမင်းစားလို့ ပြောနေတယ်လေ။ ဘာလို့ လေချည်း လှိမ့်ပေါနေရတာလဲ"
လို့ မာန်မဲလိုက်၏။
ထိုအခါမှ ယွမ်ချန်းရှန်လည်း လေပေါနေတာကနေ ရပ်လိုက်ပြီး ထမင်းကို ကုန်းစားတော့သည်။
တစ်ခဏကြာတော့ လျူရှင်းဟွာက
"ဒီနေ့ ဆန်းရှောင်ဟိုင်နဲ့ ရွယ်ဂျင်းတို့ နှစ်ယောက် ကြက်ဥခြင်း နှစ်ခြင်းကို ကိုင်ပြီး ရွှေသရဖူရွာက အဖိုး ဆောင်းဆီကို သွားတယ်လို့ ကြားတယ်။အပြန်မှာတော့ သူတို့ခြင်းထဲ ကြက်ဥတွေ မတွေ့ရတော့ဘူး"
ယွမ်ကျီကောင်းက အံ့အားတကြီးဖြင့်
"ဘာလဲ။ ရှောင်ဂျင်းကို အပ်ချုပ်ဆရာ တစ်ယောက် ဖြစ်စေချင်လို့ အဖိုး ဆောင်းဆီမှာ ပညာသင်အဖြစ် သွားအပ်တာ ထင်တယ်"
လျူရှင်းဟွာက မျက်မှောင်ကြုတ်လိုက်ပြီး
"မဖြစ်သေးပါဘူး။ ငါ မနက်ဖြန်လောက် အဖိုး ဆောင်းဆီ သွားလည်ပြီး တစ်ခုခု လုပ်လိုက်ရင်ကောင်းမလား မသိဘူး"
ယွမ်ကျီကောင်းက
"ဘာလို့ ဒီလို စကားတွေ ပြောရတာလဲ။ ယွမ်ရွယ်ဂျင်းကလည်း မင်းရဲ့ မြေးပဲ မဟုတ်ဘူးလား။ ပြီးတော့ သူလည်း အပ်ချုပ် တတ်သွားရင် မကောင်းဘူးလား။ ဒါဆိုရင် ငါတို့ ယွမ်မိသားစုမှာ အပ်ချုပ်တတ်တဲ့သူ နှစ်ယောက် ရှိတယ်ဆိုပြီး ဂုဏ်ယူလို့ရတာပေါ့"
လျူရှင်းဟွာက
"သူသာ ကောင်းကောင်းမွန်မွန် အပ်ချုပ်ပညာ သင်မယ်ဆိုရင်တော့ ကျွန်မအနေနဲ့ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် သူ့အမေရဲ့မဟုတ်က ဟုတ်ကအကြံအစည်တွေကို လိုက်နာပြီး ရှောင်ကျဲကို ဒုက္ခပေးလို့ကတော့ ကျွန်မအကြောင်း ကောင်းကောင်းကြီး သိသွားစေရမယ်"
ယွမ်ကျီကောင်းကလည်း ခေါင်းညိတ်လိုက်ပြီး
"စိတ်မပူပါနဲ့။ အဲ့လိုမျိုးသာ ဖြစ်လာခဲ့ရင် သူတို့ကို ငါ အသေ ရိုက်သတ်မိလိမ့်မယ်"
ယွမ်ကျီကောင်းက တစ်ခဏ စဉ်းစားလိုက်ပြီး
"တကယ်လို့ ရှောင်ရိအပေါ် နောက်ထပ် မကောင်းကြံရင် သူတို့တွေကို ငါတို့ ခြံဝန်းထဲကနေပါ မောင်းထုတ်လိုက်ကြစို့လေ။ ဘယ်လိုလဲ"
လျူရှင်းဟွာကလည်း ထိုစကားကြောင့် သက်ပြင်း အသာချလိုက်ပြီး
"ဒုတိယ သားက တကယ့်ကို စုန်းပြူ တစ်ကောင် ဖြစ်နေခဲ့တာ"
လို့ တီးတိုးရေရွတ်လိုက်၏။
သူမတို့အပေါ်ကြံစည်ခဲ့သည့် ဆန်းရှောင်ဟိုင်၏ လုပ်ရပ်တွေဟာ ဆန်းရှောင်ဟိုင်တစ်ယောက်တည်း၏ အစီအစဉ် ဖြစ်နိုင်ပေမယ့်နောက်ကွယ်ကနေ ယွမ်ချန်းကွေ့၏ ထောက်ပံ့မှု မပါဘဲ သူမ တစ်ယောက်တည်း အကောင်အထည် ဖော်ဝံ့မှာ မဟုတ်ပေ။ ဒါကိုလည်း သူတို့ တစ်မိသားစုလုံး သိကြပါသည်။ ထုတ်မပြောကြတာသာ ရှိ၏။
ယွမ်ကျီကောင်းက
"ကဲပါကွာ။ အဲ့တာကို စိတ်ထဲထားမနေပါနဲ့။ နဂါးတောင်မှ သား ကိုးယောက် မွေးရင် တစ်ကောင်ကတော့ ဖားဖြစ်နေတတ်တာပဲလေ"
ထိုစကားကြောင့် ယွမ်ချန်းရှန်ဟာ ထမင်း စားနေရာကနေ
"အဲ့တာဆို ကျွန်တော်ကရော"
လို့ ဝင်မေးလိုက်၏။
ယွမ်ကျီကောင်းက ယွမ်ချန်းရှန်ကို ကြည့်ရင်း
"မင်းလား။ မင်းကတော့ ငါးဖားလောင်း တစ်ကောင်ပေါ့ကွာ"
ယွချန်းရှန် "..........."
ယွမ်ကျီကောင်းက ထပ်ပေါင်း ပြောလိုက်သည်။
"ဘာဖြစ်ဖြစ် အမှန်တရားက နည်းနည်းခါးတယ် မလား"
ယွမ်ချန်းရှန် "......….."
ယွမ်ကျဲဟာ ထမင်း စားနေရင်းဖြင့် သူ့မ ဦးလေး၏ ကြောင်အအ,အမူအရာကို ကြည့်ကာ စိတ်လွတ် လက်လွတ် ရယ်မောမိလိုက်တော့သည်။
တစ်ဖက်မှာ။
လင်းယောင်နဲ့ယွမ်ရိတို့ နှစ်ယောက်သား ခေါက်ဆွဲစားပြီးတာနဲ့ လမ်းမပေါ် လျှောက်ကြည့်ခဲ့ကြသည်။သည်မြို့နဲ့ ပတ်သတ်ပြီး မူလ ယွမ်ရိရဲ့ မှတ်ဉာဏ်ထဲမှာတောင် စမ်းတဝါးဝါးပဲ သိတာမို့ သူမ အဒေါ်၏ အိမ်ကို ရှာဖို့အတွက် လမ်းတလျှောက် ဟိုမေး ဒီမေးဖြင့် လျှောက်လာခဲ့ကြသည်။
ထိုသို့မေးလာကြရင်းဖြင့် နောက်ဆုံးမှာသူမ၏ တတိယအဒေါ် အိမ်ကို ရောက်ခာကြတော့သည်။ယွမ်ရိလည်း အရင်းဆုံး တံခါးခေါက်လိုက်၏။
ဒါပေမယ့် ဘယ်သူမှ လာမဖွင့်ပေးပေ။ ဒါ့ကြောင့် ယွမ်ရိလည်း အကြိမ် အနည်းငယ် ထပ်ခေါက်လိုက်ပြီး
"အိမ်မှာ တစ်ယောက်ယောက်များ ရှိကြလား"
လို့မေး လိုက်တော့သည်။
မကြာခင်မှာ အတွင်းထဲကနေ
"ဘယ်သူလဲ"
လို့ မေးသံထွက်လာသည်။
ထို့နောက် တံခါး ဖွင့်သံနဲ့အတူ အမျိုးသမီး တစ်ယောက်ကို ယွမ်ရိ မြင်လိုက်ရတော့၏။ ထိုအမျိုးသမီးဟာ မူလယွမ်ရိ၏ မှတ်ဉာဏ်ထဲမှ ပုံစံအတိုင်းဖြစ်ကာ သူမ၏ တတိယအဒေါ် ယွမ်ချီကျီ ဖြစ်၏။ ယွမ်ရိလည်း သူမ၏ အဒေါ်ကို တွေ့တော့ ပြုံးလိုက်ပြီး
"တတိယ အဒေါ်၊ သမီးပါ"
လို့ ပြောလိုက်သည်။
ယွမ်ချီကျီဟာ သူမ အမေတို့ အိမ်ကို မပြန်ရတာ နှစ်နည်းနည်း ကြာနေပြီ ဖြစ်၏။ ဒါ့ကြောင့် ယွမ်ရိကို ရုတ်တရက် တွေ့တော့ မမှိတ်မိဘဲ ခဏမျှ ကြောင်အသွားသည်။ ခဏကြာမှ သူမ အကြည့်တွေ တောက်ပသွားပြီး ယွမ်ရိအား ငယ်မျက်နှာ ပြန်ဖမ်းမိသွားကာ
"ဪ၊ ရှောင်ရိပဲ။ ကြည့်စမ်းပါဦးဟယ်။ အခုဆိုအပျိုဖားဖားကြီးတောင် ဖြစ်နေပြီ။ လှလာ၊ ချောလာ လိုက်တာများ ရုတ်တရက် အဒေါ်တောင် မမှတ်မိလိုက်ဘူး ဟယ်"
ယွမ်ရိလည်း ပြန်ပြုံးပြလိုက်ပြီး
"အဒေါ် ပြန်မလာတာ နည်းနည်း ကြာနေပြီနော်။အဖိုးနဲ့ အဖွားကလည်း သတိရနေကြတယ်"
ယွမ်ချီကျီလည်း ထိုစကားကြောင့် သက်ပြင်းကို အသာချလိုက်မိ၏။ ထို့နောက် ယွမ်ရိကို သူမ အိမ်ထဲ ခေါ်လိုက်သည်။ ထိုအချိန်ကျမှ ယွမ်ရိ ဘေးမှလင်းယောင်ကို သတိထားမိသွားပြီး
"ဒါက ဘယ်သူလဲ"
လို့ မေးလိုက်၏။
ယွမ်ရိက
"ဒါက လင်းယောင်ပါ။ ရွာကနေ အဖော်လိုက်လာတဲ့ သမီးရဲ့ သူငယ်ချင်းပါ"
"ဪ၊ အေး၊ အေး။ လာကြလေ။ အိမ်ထဲကို ဝင်ခဲ့ကြ"
ယွမ်ချီကျီလည်း သူမအိမ်ထဲကို ဖိတ်ခေါ်လိုက်သည်။
လင်းယောင်ကလည်း
"ဟုတ်ကဲ့ပါဗျ"
လို့ ယဉ်ယဉ်ကျေးကျေး ပြောကာ အိမ်ထဲကို ဝင်လာကြတော့သည်။
ယွမ်ချီကျီဟာ လင်းယောင်နဲ့ယွမ်ရိတို့ကို အိမ်ထဲခေါ်လာပြီးနောက် ဧည့်ခန်းထဲမှာ ထိုင်စေ၏။ ပြီးတဲ့နောက် ရေတစ်ခွက်စီ တိုက်လိုက်သည်။
ယွမ်ရိနဲ့ လင်းယောင်လည်း ရေသောက်လိုက်ကြသည်။ ရေသောက်ပြီးသည့်နောက် ယွမ်ရိက မိုးတော်တော် ချုပ်နေပြီ ဖြစ်တဲ့အပြင် အိမ်မှာသူမ၏ အဒေါ် တစ်ယောက်တည်း ရှိနေတာကို မြင်လိုက်ရ၍
"တတိယ အဒေါ်။ ဦးလေးနဲ့ ဝမ်းကွဲတို့က ဘယ်သွားတာလဲ"
လို့ မေးလိုက်သည်။
ယွမ်ချီကျီလည်း ယွမ်ရိ၏ မေးခွန်းကြောင့်
"ဪ။ ဒီနေ့ တုန်းဖန် အလယ်တန်းကျောင်းရဲ့ အားကစားကွင်းထဲမှာ ရုပ်ရှင် ပြတယ်လေ။ ဒီတော့ မင်း ဦးလေးနဲ့ ဝမ်းကွဲတွေလည်း ရုပ်ရှင်သွားကြည့်ကြလေးရဲ့။ မင်းတို့လည်း သွားကြည့်ချင် ကြည့်ချေကြလေ"
ရုပ်ရှင်တဲ့လား ...
ယွမ်ရိနဲ့ လင်းယောင်လည်း တစ်ယောက်နဲ့ တစ်ယောက် ကြည်မိလိုက်ကြသည်။
လင်းယောင်ဟာ ရုပ်ရှင် မကြည့်ရတာ လေးနှစ်ကျော် ကြာခဲ့ပြီ ဖြစ်သည်။ တောင်ပေါ်မှာလည်း ရုပ်ရှင်ဆိုတာ တစ်ခါမှ မရှိခဲ့ပေ။
ယွမ်ရိကလည်း မူလယွမ်ရိ၏ မှတ်ဉာဏ်ထဲမှာ ရုပ်ရှင် ကြည့်ဖူးတာ လုံးဝ မရှိတာကို တွေ့လိုက်ရ၏။ မူလယွမ်ရိအနေနဲ့ မြို့ပေါ်သို့ အကြိမ်အနည်းငယ် ရောက်ဖူးပေမယ့် သူမ ရောက်တဲ့အချိန်နဲ့ ရုပ်ရှင်ပြတဲ့ အချိန် တိုက်ဆိုင်တာမျိုး လုံးဝ မရှိခဲ့ပေ။
ဒါ့ကြောင့် နှစ်ယောက်လုံး ထိုင်နေရာကနေ မတ်တပ် ထရက်လိုက်ကြသည်။
ယွမ်ရိက လင်းယောင်အား
"ငါတို့ ရုပ်ရှင်သွားကြည့်ရအောင်"
ယွမ်ချီကျီက သူမတို့အား
"အေး၊ မင်းတို့ သွားကြည့်မယ်ဆိုရင်လည်း အခုချိန် မြန်မြန် သွားကြည့်မှ ဖြစ်မယ်နော်။ မဟုတ်ရင် လူတွေ အများကြီး ဖြစ်လာတဲ့အချိန်ကျ ဘာမှမြင်မတွေ့ခဲ့ရဘဲ ဖြစ်နေမယ်"
ဒါ့ကြောင့် ယွမ်ရိလည်း သူမ လွယ်ထားသည့်လွယ်အိတ်ကို ဘေးမှာ ချထားလိုက်သည်။ လင်းယောင်ကလည်း သူ့ လွယ်အိတ်နဲ့ ရေးဘူးကို ဘေးမှာ ချထားလိုက်၏။
ယွမ်ချီကျီဟာ ထိုအရာများကို ကောက်ပြီး သိမ်ဆည်းပေးဖို့ ပြင်လိုက်ရင်း တစ်ခုခုကို သတိရသွားကာ
"မင်းတို့ နှစ်ယောက် ဘာမှ မစားရသေးဘူး မလား။ငါ တစ်ခုခု လုပ်ပေးမယ်လေ။ စားသွားလိုက်ကြဦး"
ယွမ်ရိက
"တတိယအဒေါ်၊ သမီးတို့ ခေါက်ဆွဲ စားခဲ့ကြပြီးပြီ။ ပြီးတော့ လွယ်အိတ်ထဲမှာ အစာခြောက်တွေ ကျန်နေသေးတယ်"
"အေးပါ။ အေးပါ။ ကဲကဲ မြန်မြန်သွားကြတော့"
ယွမ်ချီကျီက သူ တူမတို့အား ရုပ်ရှင် ကြည့်ရာမှာ နေရာရအောင် မြန်မြန်သွားခိုင်းလိုက်တော့သည်။
တောင်ပေါ်က ကလေးတွေအနေနဲ့ ရုပ်ရှင် ကြည့်ခွင့်ရဖို့ဆိုတာ တကယ့်ကို ရှားပါးမှန်း သူမသိပေးသည်။ ဒါ့ကြောင့် သူမ၏ တူမအား ရုပ်ရှင်းကြည့်ဖို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ပေသည်။
သည်ခေတ်သို့ ကူးပြောင်းလာသူ တစ်ယောက်အနေနဲ့ ယွမ်ရိဟာ သည်ဘက်ခေတ်၏ ရုပ်ရှင်ကားများကို အမှန်တကယ် ကြည့်ချင်နေခဲ့သည်။ ဒါ့ကြောင့် လင်းယောင်အား ဆွဲခေါ်လျက် အမြန် ထွက်သွားတော့သည်။
သူမတို့ နှစ်ယောက်ဟာ တတိယအဒေါ် ယွမ်ချီကျီ၏ အိမ်ကို လိုက်ရှာစဉ်တုန်းက တုန်းဖန်အလယ်တန်းကျောင်း အနီးကနေ ဖြတ်သွားခဲ့သေးတာမို့ ထိုနေရာသို့ လမ်းညွှတ်ချက်ပင် မလိုတော့ချေ။ သူတို့ နှစ်ယောက်ဟာ တုန်းဖန်အလယ်တန်းကျောင်းသို့ တန်းတန်းမတ်မတ် သွားခဲ့ကြတော့သည်။
ရုပ်ရှင်ကြည့်ရတော့မယ် ဆိုသည့် အတွေးကြောင့်လင်းယောင်နဲ့ ယွမ်ရိတို့မှာ နှစ်ရက်အတွင်း ပင်ပန်းခဲ့သမျှကိုပင် မေ့လျော့သွားကြတော့သည်။
သူတို့နှစ်ယောက် တုန်းဖန် အလယ်တန်းကျောင်းရဲ့ အားကစားကွင်းထဲကို ရောက်တော့ လူတွေ ပြည့်ကျပ်နေတာကို မြင်တွေ့လိုက်ကြရ၏။
ဒါ့ကြောင့် ပြသနေသည့် ရုပ်ရှင်ကားကို အပြည့်အဝ မမြင်တွေ့နိုင်ဘဲ တစ်ပိုင်းတစ်စသာ မြင်တွေ့နေရတော့သည်။
ယွမ်ရိလည်း ခြေဖျားထောက်ပြီး ကြည့်ဖို့ ကြိုးစားလိုက်သည်။
"အာ။ မြင်ကို မမြင်ရဘူးဟာ"
လင်းယောင်သည်လည်း ယွမ်ရိထက် အရပ်မြင့်ပေမယ့်
"ငါလည်း မမြင်ရဘူးဟ"
ဒါ့ကြောင့် လင်းယောင်းလည်း ယွမ်ရိအား ကျောပိုးပြီး ကြည့်ရင် ကောင်းမလား။ ဒါမှမဟုတ် တစ်ခုခု ခြေထောက်အောက်က ခံပြီး ကြည့်ရင် ကောင်းမလားလို့ လှည့်မေးလိုက်သည်။ ထိုအခါ သူ့ရဲ့ဘေးမှာ ယွမ်ရိ မရှိတော့တာကို လင်းယောင် တွေ့လိုက်ရတော့၏။
ဒါ့ကြောင့် လင်းယောင် စိတ်တွေ ပူထူသွားကာ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်ရင်း
"ရှောင်ရိရေ"
လို့ အော်ခေါ်ပြီး ရှာလိုက်သည်။
"ဟေး၊ ငါ ဒီမှာ"
လင်းယောင်ဟာ ယွမ်ရိ၏ အသံကို ကြားနေရပေမယ့် သူမကိုတော့ မတွေ့သေးပေ။
လင်းယောင်ဟာ အသံလာရာဘက်ကို မှန်းဆ ရှာဖွေဖို့ ကြိုးစားပေမယ့် လူ အရမ်းများပြီး ဆူညံနေတာမို့ လွယ်လွယ်နဲ့ ရှာမရခဲ့ချေ။ ဒါ့ကြောင့် ယွမ်ရိ၏ အသံကို အာရုံစိုက် နားထောင်ပြီး ခက်ခဲစွာဖြင့် ရှာဖွေနေခဲ့၏။
နောက်ဆုံးမှာတော့ အနီးမှာရှိနေသည့် သစ်ပင်ပေါ်မှာ ယွမ်ရိကို တွေ့လိုက်ရတော့သည်။
လင်းယောင်လည်း ထိုသစ်ပင်၏ အောက်သို့ သွားလိုက်ပြီး ယွမ်ရိကို မော့ကြည့်လိုက်၏။
ယွမ်ရိကလည်း လင်းယောင်ကို ငုံ့ကြည့်ရင်းဖြင့်
"တက်ခဲ့လေ"
လို့ ပြောလိုက်သည်။
လင်းယောင်လည်း သစ်ပင်ပေါ် တက်နိုင်မယ့် နည်းလမ်း တစ်ခုကို ရှာကြည့်ပေမယ့် အချိန်အတော်ကြာတဲ့အထိ ရှာမတွေ့ခဲ့ပေ။ သူဟာ ငယ်စဉ်ကတည်းက အဆော့မက်သူ တစ်ယောက် မဟုတ်တာကြောင့် သစ်ပင် ဘယ်လို တက်ရမလဲဆိုတာကိုအမှန်တကယ်ပင် မသိခဲ့ချေ။
ယွမ်ရိလည်း လင်းယောင် သစ်ပင် မတက်နိုင်တာကို မြင်တော့ သစ်ပေါ်ကနေ ဆင်းလျက် လင်းယောင်အား လက်ကမ်းပြီး သစ်ပင် တက်နိုင်အောင်ကူညီလိုက်သည်။
လင်းယောင်ကလည်း ယွမ်ရိ၏ လက်များကိုဆုပ်ကိုင်လျက် သစ်ပင်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွားတော့သည်။
လင်းယောင်က သစ်ပင်ပေါ် ရောက်တာနဲ့အသက်ပြင်းပြင်းရှူလိုက်ကာ
"မင်းကို သစ်ပင် တက်တတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ့်ကို သစ်ပင်တက် ကျွမ်းတာပဲ"
ယွမ်ရိလည်း ပြုံးလိုက်ပြီး
"ငါက တကယ့်ကို သစ်ပင်တက် ကျွမ်းတယ်"
လို့ တုံ့ပြန်လိုက်တော့သည်။
အမှန်အားဖြင့် သူမဟာ သစ်ပင် မတတ်တတ်ချေ။အခုလို သစ်ပင်ပေါ် တက်နိုင်ခဲ့ရတာကလည်း မူလယွမ်ရိ၏ မှတ်ဉာဏ်ထဲက အတိုင်း လိုက်လုပ်ကြည့်ခြင်းကြောင့် တက်နိုင်သွားခြင်း ဖြစ်ပေသည်။
သစ်ကိုင်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်ပြီးတဲ့နောက်မှာ သူမတို့ နှစ်ယောက်သား ရုပ်ရှင်ကြည့်ဖို့ပြင်ကြတော့သည်။ သူမတို့နေရာက ရုပ်ရှင်ပိတ်ကားချပ်နဲ့ မနီးပေမယ့် ကောက်းကောင်း မြင်နိုင်သည့် အနေအထားမှာ ရှိနေပါသည်။ ဒါ့အပြင် အသံချဲ့စက် တချို့ တပ်ဆင်ထား၍ အသံများကိုပါ ရှင်းရှင်းလင်းလင်း ကြားနိုင်ပေ၏။
ကံကောင်းစွာဖြင့် သူမတို့ ရောက်တဲ့ အချိန်မှာ ရုပ်ရှင်က မစသေးချေ။ ပိတ်ကားပေါ်မှာ အဖြူရောင် အလင်းကို ထွန်းညှီထားပြီး ကလေးတွေဟာ အလင်းရောင်အောက်မှာ ဆော့ကစားနေကြသည်။
ယွမ်ရိလည်း ဆော့နေသည့် ကလေးများကို ကြည့်ရင်း လင်ယောင်အား
"ဘာ ရုပ်ရှင်ပြမလဲ မသိဘူး"
လို့ ပြောလိုက်သည်။
လင်းယောင် ကိုယ်တိုင်လည်း မသိတာကြောင့်
"ပြရင် သိမှာပေါဟာ"
လို့ ပြန်ပြောလိုက်၏။
ယွမ်ရိလည်း အနီးက သစ်ကိုင်းကို မှီလျက်
"ဒီတစ်ခေါက်တော့ ကံကောင်းတာပဲ။ မဟုတ်ရင် ဘယ်အသက် ဘယ်အရွယ် ရောက်မှ ရုပ်ရှင် ကြည့်ဖူးတော့မလဲ မသိနိုင်ဘူး"
လင်းယောင်ကလည်း
"အင်း။ ငါလည်း ရုပ်ရှင် မကြည့်ရတာ ဖန်းမင်းတောင်ပေါ် ရောက်ပြီးကတည်းကဘဲ"
နှစ်ယောက်သား ပိတ်ကားပေါ်မှာ ရုပ်ရှင်ပြမည့်အချိန်အား စောင့်နေကြသည်။ ထိုအချိန်မှာပဲ ပိတ်ကာပေါ်မှ အဖြူရောင် အလင်း ပျောက်ကွယ်သွားပြီး စာတန်း တစ်ခု ပေါ်လာသည်။ လူအုပ်ထဲမှ တစ်ယောက်ကလည်း ဆော့နေကြသည့် ကလေးတွေအား
"ဟေ့။ ကလေးတွေ၊ မြန်မြန် ထိုင်ကြစမ်း"
လို့ အော်ပြောလိုက်၏။
ကလေးတွေ အကုန်လုံးကလည်း နာခံစွာဖြင့် မြန်မြန် ထိုင်လိုက်ကြတော့သည်။
အသံချဲ့စက်မှ သီးလုံးသံ တချို့ ထွက်လာခြင်းနဲ့အတူ ကစားကွင်း တစ်ခုလုံးမှာရှိသည့် ဆူညံသံတွေ အကုန် တိတ်ဆိတ်သွားတော့သည်။
ပိတ်ကားပေါ်မှ စာတန်းဟာလည်း တီလုံးသံနဲ့အတူအလိုက်သင့် လှုပ်ရှားနေတော့၏။ ဒါပေမယ့်စာတန်းထိုးက ပြက်တောင်းပြက်တောင်း ဖြစ်နေတာကို ယွမ်ရိ သတိထားမိလိုက်သည်။
'ဪ။ ဒါကလည်း ဖြစ်နိုင်ပါတယ်လေ။ ဒီဘက်ကာလမှာ တအားကြီးမှ မတိုးတက်သေးဘဲကို'
ယွမ်ရိလည်း ပိတ်ကားပေါ်မှ စာတန်းထိုးကို ဖတ်ရင်း တီးတိုး ရေရွတ်လိုက်၏။
"ဘဂျင်၏ 'Reunion' ဝတ္ထုအား ပြန်လည်ရိုက်ကူးထားသော သူရဲကောင် ကလေးငယ်များ"
ထိုစာတန်းကို ဖတ်ကြည့်ပြီးတာနဲ့ လင်းယောင်ဘက်ကို လှည့်ကာ
"အဲ့စာအုပ်ကို ဖတ်ဖူးလား"
လင်းယောင်လည်း ခေါင်းညိတ်လိုက်ပြီးတော့
"ဖတ်ဖူးပေမယ့် ရှင်းရှင်းလင်းလင်းတော့ မမှတ်မိတော့ဘူး"
ယွမ်ရိလည်းခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင်လည်း ဆက်ကြည့်ကြတာပေါ့"
ရုပ်ရှင်ပြတယ်ဆိုတာ ရှားပါးလှသည့် ခေတ်ကြီးမှာရုပ်ရှင်ကား တစ်ကားအား အကြိမ် ဘယ်လောက်ပဲ ပြန်ပြပါစေ၊ ကြည်ရှုသူတွေ အများအပြားတော့ ရှိနေဆဲဖြစ်သည်။ ဘာဘဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်တာက အကောင်းဆုံး အနားယူခြင်းတွေထဲမှ တစ်ခု ဖြစ်နေလို့ပင်။
ဒါ့ကြောင့် ရုပ်ရှင်ပြသမား၏ အသက်မွေးဝမ်းကြောင်းကလည်း အလုပ်ကောင်း တစ်ခု ဖြစ်ကာ လူတိုင်းက လေးစားကြပေသည်။
ရုပ်ရှင်အား ဘယ်နေရာမှာ ပြပြ ဒေသခံတွေကအားတက်သရော လာကြည့်ကြမှာ ဖြစ်၏။
ရုပ်ရှင် စပြတာနဲ့ ဘယ်သူမှ စကားမပြောကြတော့ပေ။ ယွမ်ရိနဲ့ လင်းယောင်တို့နှစ်ယောက်လည်း စကား မပြောကြတော့ဘဲ ရုပ်ရှင်ကိုသာ အာရုံစိုက်ကြည့်နေခဲ့ကြသည်။
ယွမ်ရိဟာ မူလက ရုပ်ရှင် ကြည့်ရမယ်လို့ ကြားတုန်းက စိတ်လှုပ်ရှားခဲ့ပေမယ့် အမှန်တကယ်ကြည့်ရတဲ့အခါမှာတော့ စိတ်မလှုပ်ရှားတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အရင်ဘဝမှာတုန်းက များစွာသော ဇာတ်ကားများကို ကြည့်ရှုဖူးနေခဲ့၍ ဖြစ်၏။
သူမတို့ဟာ နှစ်ရက်လုံး လမ်းလျှောက်လာရသည့်အပြင် မနေ့ညကလည်း ရေပူစမ်းနားမှာ တခဏသာ အိပ်စက်ခဲ့ရ၏။ အခုကြည့်နေရသည့် ရုပ်ရှင်ကလည်း စိတ်လှုပ်ရှားဖွယ် မကောင်းတာမို့ တဖြည်းဖြည်းဖြင့် ယွမ်ရိ အိပ်ငိုက်လာတော့သည်။
ပထမတွင် ယွမ်ရိ အိပ်မငိုက်အောင် ထိန်းထားသော်လည်း မရခဲ့ချေ။ ဒါ့ကြောင့် သူမလည်းသူမ၏ ခေါင်းကို ဘေးက သစ်ကိုင်းမှာ မှီရင်း မျက်စိမှိတ်လိုက်၏။ မကြာခင်မှာ သူမ အိပ်ပျော်သွားတော့သည်။
ယွမ်ရိ အိပ်ပျော်သွားတာကို အစပိုင်းမှာ လင်းယောင်လည်း မတွေ့ခဲ့ချေ။ သူက ယွမ်ရိအား လှည့်ကြည့်ချိန်မှာ မျက်စိ မှတ်ထားတာကိုမြင်လိုက်ရ၍ နှစ်ကြိမ်ခန့် ခေါ်ကြည့်သေး၏။
ခေါ်၍ မရတော့မှ ယွမ်ရိ အိပ်ပျော်သွားမှန်း သိလိုက်တော့သည်။
ယွမ်ရိဟာ သစ်ပင်၏ ပင်စည်အား အမှီပြု၍ အိပ်နေသောကြောင့် သူမ၏ မျက်နှာအားသစ်ခေါက်များဖြင့် ထိတွေ့မိကာ နာကျင်သွားစေနိုင်၏။ ထိုအရာကို တွေးမိလိုက်၍ လင်းယောင်လည်း ယွမ်ရိ၏ ခေါင်းအား အသာမကာ သူ့ပုခုံးအား မှီစေလိုက်တော့သည်။
ရုပ်ရှင်ဇာတ်ကားအတွင်းမှ အသံများဟာ ကစားကွင်တစ်လျှောက် ပျံ့နှံ့နေရာ ယွမ်ရိသည်လည်းအိပ်မက်ထဲ နစ်မျော်နေတော့သည်။
အချိန် တခဏကြာပြီးတဲ့နောက် ယွမ်ရိဟာသူမ၏ ခေါင်းအား ဟိုဘက်စောင်း၊ ဒီဘက်စောင်း လုပ်ရင်းဖြင့် လင်ယောင်၏ ရင်ဘက်ထံ တိုးဝင်လိုက်သည်။
ထိုအခိုက် တစ်လောကလုံး တိတ်ဆိတ်သွားသလိုလင်းယောင် ခံစားလိုက်ရတော့၏။