Chapter 117.1

1.8K 140 0
                                    

အပိုင်း - ၁၁၇.၁
ညနေခင်းအချိန်။
'ရူရိ'စားသောက်ဆိုင် စားပွဲခန်းမအတွင်း ခွက်ချင်းမြှောက်ကာ ထိခတ်သံတွေက မိုးခြိမ်းသံအလား။

ရှဲ့သုန့်ရန်၏မျက်နှာပေါ်မှာတော့ အပြုံးတွေက မဖုံးနိုင်မဖိနိုင်။
လူတိုင်းကသူ့ကို အကိုကြီးခေါ်ကာ ပခုံးကိုပုတ်သွားကြသည်လေ။

ဒီပရောဂျက်ကို စယူကတည်းက သူ့ပခုံးပေါ်ထမ်းထားရတဲ့ဝန်က ဒီနေ့တော့ ကျသွားခဲ့ပြီလေ။ ရှေ့မှာသူသယ်ခဲ့သမျှ ဖိအားတွေကြောင့် ဒီနေ့တော့ ယုံကြည်မှုက အပြည့်ပင်။

သူတို့ ရှီးယန်အိမ်ခြံမြေလုပ်ငန်းက အခြားသောလုပ်ငန်းရှင်တွေနဲ့ လူတွေကြားထဲ လက်မ ထောင်နိုင်ခဲ့လေပြီ။
ယွမ်ရိလည်း သူတို့အိမ်တွေ ရောင်းကုန်တာမလို့ ပျော်နေတော့သည်။ ရှဲ့သုန့်ရန်လောက်တော့ မဟုတ်ပေမဲ့ သူမလည်း ဝိုင်တစ်ခွက်သောက်ထားတာကြောင့် ပါးတွေကနီရဲနေကာ အစကနေအဆုံးအထိ ပါးစပ်က ပြုံးနေရာကပင် ပြန်ပင်မစိနိုင်ခဲ့ပေ။

လင်းယောင်က သူမကို ညစာစားပွဲကနေ အပြန် လာကြိုလေသည်။
ယွမ်ရိ ကားပေါ်ထိုင်လိုက်ပြီး ရီဝေဝေနှင့် ပြန်ကြည့်လာကာ "ကျွန်မတော့ ငွေတွေအများကြီး ရှာခဲ့ပြီ။"

လင်းယောင်ကပဲ သူမကားခါးပတ်ကို ပတ်ပေးလိုက်ကာ "ကိုယ်ကြားတာတော့ တစ်နာရီထဲနဲ့ အကုန် ကုန်သွားတာဆို။"
ယွမ်ရိ အခွင့်အရေးကို အပြည့်အဝအသုံးချရန် လက်ကိုမြှောက်လိုက်ပြီး ခေါင်းကိုငုံ့ချလိုက်ကာ ပြောလာလေသည်။ "ကျွန်မက အရမ်း စွမ်းအားမကြီးလွန်းဘူးလား?" ပုံမှန်ဆို ယွမ်ရိက တခြားလူနဲ့ဆို တည်ငြိမ်ကာ စူးစူးစိုက်စိုက်ပုံရှိပေမဲ့ အခုတော့မျက်တောင်လေး နှစ်ချက်လောက်ခတ်ကာ မာနကြီးသည့်ပုံလေးဖြင့်ပင် ပြောလာလေတော့သည်။

"သိပ်ကို စွမ်းအားကြီးလှပါတယ်....သူဌေးမကြီးခင်ဗျား"

"ဒီသူဌေးမကြီးက ရှင့်ကို အခု နမ်းခွင့်ပေးလိုက်ပြီနော်။"
လင်းယောင်လည်း ပြုံးလိုက်ကာ သူမနှုတ်ခမ်းတွေကို နမ်းလာလေသည်။

မျက်လုံးတွေက မြူခိုးပမာ ရီဝေဝေနှင့် သူ့ကိုလည်းတော်တော်နှင့် လွှတ်ပေးမည့်ပုံ မပေါ်တာကြောင့် အတန်ကြာ နမ်းနေလိုက်လေသည်။ သူတို့ ကားပါကင်ထိုးထားတဲ့နေရာက မှောင်ကာ သိပ်မသိသာတာကြောင့် တခြားလူတွေ မြင်မှာဘာညာ စိုးရိမ်စရာမရှိပေ။

ခဏအကြာမှာတော့ ကားမီးဖွင့်ကာ လမ်းမပေါ်မောင်းထွက်ခဲ့ကြလေတော့သည်။
ယွမ်ရိ အိပ်ချင်မူးတူးဖြစ်နေတာကြောင့် အနောက်ကိုမှီကာ မှေးရင်းလိုက်ပါလာလေသည်။ သူမအိပ်ပျော်ခါနီးမှာပင် ကားကတုန့်ခနဲရပ်သွားတာကြောင့် အိမ်များရောက်တာလားဟု ထင်လိုက်ပေမဲ့ အခုထိ လမ်းမပေါ်မှာသာ ရှိသေးကြောင်း သိလိုက်ရလေသည်။

အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ရဲနှစ်ယောက်ကိုပါ တွေ့လိုက်ရသည်။
ယာဉ်ထိန်းရဲတွေက လင်းယောင်ကိုကြည့်ကာ မေးလာလေသည်။ "အရက်သောက်ထားသေးလား?"

ယွမ်ရိတောင် ကြောင်သွားကာ "ဟမ်? ဒီနေရာမှာလည်း အရက်သောက်မသောက် စစ်ကြသေးတာပဲလား?"

လင်းယောင်ကတော့ အေးဆေးပင် ပြန်ဖြေလာလေသည်။ "မသောက်ထားပါဘူး။"
အရက်သောက်မသောက်စစ်သည့် ကိရိယာကိုထုတ်ကာ ပြောလာကြလေသည်။ "တစ်ချက်လောက် ဒီကိုမှုတ်ပေးပါလား?"
လင်းယောင် အရက်သောက်မသောက်စစ်သည့်ကိရိယာနားကပ်ကာ တစ်ချက်မှုတ်ပေးလိုက်လေသည်။
"သောက်ထားတာပဲ။"
"ဒါ မဖြစ်နိုင်တာ။"
"ဘာက မဖြစ်နိုင်တာတုန်း? ကားထဲမှာတင် ဝိုင်နံ့က ဒီလောက် ထွက်နေတာကို။"
ယွမ်ရိဘေးကနေ ဝင်ပြောပေးရတော့သည်။ "သူ မသောက်ထားပါဘူး။ ကျွန်မပဲ သောက်ထားတာပါ။"
"ဒါပေမဲ့ ကျွန်တော်တို့ကိရိယာကလည်း မှားစရာအကြောင်း မရှိပါဘူး။"
ပြောပြီးတာနဲ့ ခဏရပ်လိုက်ကာ ထပ်ပြောလာပြန်သည်။ "ငါးဆယ်ယွမ် ဒဏ်ကြေးဆောင်ပေးပါ။"

ယွမ်ရိ ထပ်ပြီး ငြင်းချင်ပေမဲ့ လင်းယောင်ကတော့ တစ်ခုခုကို သတိရသွားကာ ဆက်မပြောတော့ပေ။
ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး ယာဉ်ထိန်းရဲဆီ ၅၀ ယွမ် ပေးလိုက်လေ၏။

ကားမောင်းထွက်သွားတာနှင့် ယွမ်ရိ သူ့ကိုကြည့်ကာ ပြောလာလေသည်။ "အဲ့ဒါ သူ့စက်ကကို မှားနေတာနေမှာပေါ့။ ဘာလို့ ရှင်က ၅၀ ယွမ်ကို အသာလေးထုတ်ပေးလိုက်တာတုန်း? ၅၀ ယွမ်.... အဲ့လောက်ဆို  ဝက်သား ၅၀ ကီလို ဝယ်လို့ရတယ်လို့။"

ဘေးက လင်းယောင်က အရယ်မရပ်တော့ပေ "အဲ့လောက်တော့ မဆိုးသေးပါဘူးကွာ။"
"ရှင် ထပ်သောက်နေတာလား?"
လင်းယောင် သူ့ကို ထပ်ကြည့်လာကာ ရယ်ပြန်တော့သည်။ "'မ' သောက်ထားတာလေ။"

ဘာကြီး?
ယွမ်ရိ သူ့ကိုကြည့်ကာ အတန်ကြာပြန်တွေးကြည့်နေတော့သည်။ အရက်အရှိန်ကြောင့် အိမ်နားက လမ်းထဲဝင်ကာနီးမှ သတိရသွားတော့သည်။

အာ !

တစ်နှစ်အကြာ။
နေမင်းကြီးက အိမ်အမိုးစွန်းကနေ တရိပ်ရိပ်တက်လာတော့သည်။ နေအလင်းရောင်ကြောင့်
ခြံဝန်းရှေ့က ခြင်္သေ့ရုပ်ကြီး၏အရိပ်ဟာလည်း ပိုပြီးရှည်ထွက်လာသလိုပင်။

အနီရောင်တံခါးက အတွင်းကနေတစ်ဆင့် ပွင့်လာလေသည်။ ယွမ်ရိဟာ ရိုးရှင်းသည့် ဝတ်စုံလေးနှင့် ဒေါက်ဖိနပ်တို့ကိုစီးထားကာ ရိုးစင်းသောသားရေဖြင့်လုပ်ထားသည့် အိတ်ကိုလွယ်ကာ ရပ်ရင်း လင်းယောင် ခြံတံခါးခတ်နေသည်ကို စောင့်နေလိုက်လေသည်။

တံခါးကို သော့ပိတ်ပြီးသည်နှင့် နှစ်ယောက်သား ကားပေါ်တက်ကာ ထွက်လာကြလေသည်။
ယွမ်ရိ သူ့ရှေ့ကလမ်းကို ကြည့်ရင်း ပြောလာလေသည်။ "နောက်ထပ် ကလေးလေးတစ်ယောက်ကတော့ လူ့လောကထဲရောက်လာပြန်ပြီပဲ။"

သူမနဲ့လင်းယောင်တို့က အခုစားသောက်ပွဲဆီ သွားနေကြခြင်းပင်။ ရှဲ့သုန့်ရန်နဲ့ဝမ်ရှောင်တို့ရင်‌သွေးလေး၏ တစ်လပြည့် အထိမ်းအမှတ်စားသောက်ပွဲဆီဖြစ်လေသည်။

စား‌သောက်ပွဲကို နေ့လည်ခင်းမှာ စတင်ကျင်းပမည်ဖြစ်ကာ သူတို့ကတော့ စောသွားဖြစ်တာကြောင့် ပွဲကျင်းပမည့် စားသောက်ဆိုင်ဆီ မသွားသေးပဲ ရှဲ့သုန့်ရန်၏အိမ်ကိုသာ အရင်မောင်းလာလိုက်ကြလေသည်။

တစ်လသားကလေးလေးကို အနှီးနဲ့ထုပ်ထားကာ ဖြူမွတ်နူးညံ့နေသည့် ကလေးလေး၏ မျက်နှာလေး၊ လက်နူးနူးအိအိလေးတို့က မြင်လိုက်ရတာနှင့် နှလုံးသားတွေ အရည်ပျော်မတတ်ပင်။ ယွမ်ရိတစ်ယောက် ကလေးကို ချီထားလိုက်လေသည်။
ဝမ်ရှောင်က ယွမ်ရိကို ကြည့်ကာ
"ရှင်ရော ကလေး မယူသေးဘူးလားဟမ်?"

ယွမ်ရိ သူမကို ပြုံးကာ ကြည့်လိုက်ရင်း ပြန်ပြောလေသည်။ "ယူဖို့ ပြင်နေပါပြီနော်။"

အခုဆို သူမ၏ အသင့်ဝတ်အဝတ်အစားထုတ်လုပ်ရေးက လုံးဝ ပြီးပြည့်စုံနေပြီဖြစ်လေသည်။ ဒါက နှင်းဆီစံအိမ်ပဲဆိုဆို နှင်းဆီပွင့်ချိန်ပဲဆိုဆို သူမဘရန်းက တရုတ်ပြည်တစ်ခုလုံးတွင် လူသိလည်း များနေပြီဖြစ်ကာ တစ်ဖက်တွင်လည်း ဒီဇိုင်နာချုပ် အပ်ထည်တွေ လက်ခံနေရတုန်းပင်။

မနှစ်တုန်းက ရှီးယန်အိမ်ခြံမြေ ကုမ္ပဏီအနေနဲ့ ပထမပွဲမှာတင် ပိုက်ဆံအများကြီးရှာထားတာမလို့ အခုဆိုရှီးယန်ကလည်း လမ်းပေါ်မှာပင် အရှိန်ကောင်းကောင်းနှင့် ရှိနေတုန်းပင်။

သူမ၏ အလုပ်အကိုင်အားလုံးက အဆင်ပြေနေကြကာ ကျန်တာဆိုတာကလည်း တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားရုံပင်။ သူနဲ့လင်းယောင်တို့ နှစ်ကိုယ်တူအချိန်လေးတွေကို ဖြတ်သန်းလာတာလည်း ၅ နှစ် ၆ နှစ်လောက် ရှိနေပြီဖြစ်ရာ အခုချိန်က မိသားစုပုံစံလေးပြောင်းဖို့ အနေတော်ပင်။

ဝမ်ရှောင်က ပြုံးကာ ပြောလာလေသည်။ "မြန်မြန် လုပ်တော့လေ။ ဒါမှ တို့ကလေးလေး လည်း ဆော့ဖော်ဆော့ဖက် အဖော်လေးရမှာ။"

"ဟုတ်ပါပြီရှင်"
ယွမ်ရိက ရယ်မောရင်းဖြင့် ပြန်ဖြေလိုက်သည်။

နေ့လည်ခင်းမှာတော့ အကုန်လုံးစားသောက်ပွဲဆီကို အတူတူ ထွက်လာခဲ့ကြလေသည်။ ရှဲ့သုန့်ရန်တို့ဘက်က ဆွေမျိုးတွေကို သေချာမရင်းနှီးတာမလို့ နှစ်ယောက်သား နှုတ်ဆက်ပြီးတာနှင့် ပြန်လာခဲ့ကြလေသည်။

နှစ်ယောက်သား ယွမ်ချီကျီတို့အိမ်ဘက်သို့ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာကို တွေ့ဖို့ ထွက်လာခဲ့ကြလေသည်။
ယွမ်ကျီကောင်း၊ လျူရှင်းဟွာတို့နဲ့ စကားပြောပြီးတဲ့အခါမှာတော့ ညစာပါ အတူတူစားသွားဖို့ လုပ်ထားလိုက်ကြလေသည်။

တစ်ဖက်မှာလည်း တနင်္ဂနွေနေ့မှာ အားတယ်ဆိုတာ ရှားတာမလို့ ယွမ်ချန်းရှန်နဲ့ချန်ခွင်းတို့ ယွမ်တပေါင်ကိုခေါ်ကာ အပြင် ထွက်လာခဲ့ကြလေသည်။ သူတို့မိသားစုဟာလည်း ယွမ်ချီကျီ၏အိမ်ကို ထွက်လာကြသည်။

ယွမ်ချီကျီအား သူတို့အလည်လာမည်ဖြစ်ကြောင်း ကြိုပြီးမပြောထားပဲ ရောက်ချလာကြခြင််းဖြစ်သည်။

ထမင်းစားနေကြရင်း ယွမ်ချီကျီက ယွမ်ရိကို မေးလာလေသည်။ "ဒါနဲ ရှောင်ရိ၊ သမီးဖိုးဖိုးဆီ မနေ့ကတင်ပဲ သူ့မွေးရပ်မြေကနေ ဖုန်းလှမ်းခေါ်လေရဲ့။ အဲ့ဒါ သူတို့နားက တောင်တွေကို နေရာပြန်ချမလို့ဆိုပဲ (ဖြို)။ အဲ့ဒါ သမီးဖိုးဖိုးက အဲ့နေရာမှာ ဘယ်သူမှမနေခိုင်းဘူးဆိုပြီး ပြောထားတယ်တဲ့။"
"နေရာပြန်ချထားမှာ?"

ယွမ်ကျီကောင်းက ခေါင်းညိတ်ကာ ပြောလာလေသည်။ "ပြောတာတော့ ရေလှောင်တမံတစ်ခုဆောက်ဖို့ရှိတာနဲ့ အနားကရွာတွေပါ ရွှေ့ပေးရမယ်တဲ့လေ။"

"တောင်တွေပေါတဲ့ အဲ့နေရာလေးမှာတော့ ပြန်လည်ပြုပြင်ကြဖို့ဆိုတာ မလွယ်ပါဘူး သမီးရယ်။ ပြီးတော့ မွေးရပ်မြေမှာ ဘာမှလည်း ကျန်ခဲ့တာမှ မဟုတ်တာ။ အိမ်တွေနဲ့နေရာတွေဆိုတာလည်း သမီးဒုတိယဦးလေးနဲ့အဒေါ်ကို ပေးခဲ့တာလေ။ ပြန်တော့မသွားဖြစ်ပေမဲ့ အဲ့နေရာက ရှေးခေတ်ပုံစံအိမ်ဟောင်းလေးနဲ့ စမ်းချောင်းလေးကို သမီးတစ်ချက်လောက် သွားကြည့်ကြည့်ပါလား။"

ယွမ်ရိလည်း လင်းယောင်ကို တစ်ချက်ကြည့်လိုက်ရာ လင်းယောင်က သွားချင်တဲ့ပုံပေါက်နေသည့်အပြင် ၁၉၇၆ ခုနှစ် ဖန်းမင်တောင်ကနေ မြို့ဘက်ကို တက်လာကတည်းက ဒီလိုကျေးလက်ဘက်တွေ မရောက်တာပြီဖြစ်တာကြောင့် သွားဖို့ဆုံးဖြတ်လိုက်လေသည်။

"ဟုတ်ကဲ့"

သုံးရက်အကြာမှာတော့ အလုပ်ကခွင့်ယူထားတဲ့ လင်းယောင်နဲ့အတူ ရထားစီးကာ ဖန်းမင်တောင်ဘက်ကို ထွက်လာခဲ့ကြလေသည်။ ရထားကဆူညံကာ လူရှုပ်နေပေမဲ့ လူနှစ်ယောက်ကတော့ လူကြားထဲကနေ တိုးထွက်လာကာ ခုံဆီရောက်အောင်သွားပြီး စကားပြောရင်း အပြင်ကရှုခင်းတွေကိုသာ ငေးနေလိုက်ကြလေသည်။

"ကိုယ်က 'မ'ထက်တောင် ဒီနေရာကို ပိုသတိရနေတာ။ အရင်ချိန်တွေက သတိရဖို့ကောင်းလိုက်တာ။"

"ဒါနဲ့ ကျွန်မကိုရော သတိရရဲ့လားရှင့်?"

"အများစုမှာ နေရာယူထားတာက 'မ'ပဲလေ။ 'မ' မပါပဲ သတိရစရာကမှ မရှိတာ။"

"အင်း ကံကောင်းစွာနဲ့ပဲ 'မ'တို့အခု အတူတူရှိနေရပြီလေ။ မဟုတ်ရင် တစ်ဘဝလုံး ကျွန်မကို သတိမရပဲ နေ,နေဦးမှာ။"

လင်းယောင် ယွမ်ရိလက်ကလေးကို ဖျစ်ညှစ်ပြီးကိုင်လိုက်ကာ "ဒါပေါ့၊ ကိုယ်တို့ ကံကောင်းလို့ ပြန်တွေ့ခဲ့ကြတယ်လေ။"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now