Chapter 80.2

2.3K 225 1
                                    

အပိုင်း - ၈၀.၂

ယွမ်ဟောင်ဂျန်ကလည်း
"ဒီတစ်ခါတော့ အမချူးယန် မဟုတ်ဘူးရယ်။ သူ စာတိုက်ပုံးနားသွားတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"
ဟု ဝင်ပြောလိုက်၏။

ထိုအချိန်မှာဘဲ ယွမ်ချူးရွယ်ကလည်း သူမအဖေကိုကြည့်ကာ
"ဒါနဲ့ အဖေက ဘာလို့ အခုလိုမေးရတာလဲ။ အမယွမ်ရိ ဖုန်းဆက်လို့လား"
ဟု မေးလိုက်သည်။

ယွမ်ချန်းဖူက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ နင်တို့အမက နေ့လယ်တုန်းက ငါ့ဆီဖုန်းဆက်ပြီး သူ့နာမည်နဲ့ပို့တဲ့စာတွေကို တစ်ယောက်ယောက်ယူသွားတယ်လို့ သံသယရှိနေတယ်တဲ့။ အဲ့‌တာ အဖေ့ကို သေချာမေးပေးပါဦးဆိုလို့"
ဟု ပြန်ဖြေပေးလိုက်သည်။

စာတိုက်ပုံးအား အာရုံစိုက်စောင့်ကြည့်နေချိန်မရှိတာမို့ ဘယ်သူကစာတွေကို ယူလဲဆိုတာကို သူတို့လည်း မသိကြတော့ချေ။

ထိုအချိန်မှာဘဲ အငယ်ဆုံးလေး ယွမ်ဟောင်ဘင်းက
"အမချူးဝမ်"
ဟု ရုတ်တရက် ထပြောလိုက်သည်။

ထိုအသံကြောင့် အကုန်လုံးဟာ ယွမ်ဟောင်ဘင်းအား လှည့်ကြည့်လာကြတော့သည်။

ယွမ်ချန်းဖူလည်း သူ့သားငယ်ကိုကြည့်ကာ
"ဘာပြောတာလဲ"
ဟု မေးလိုက်သည်။

ယွမ်ဟောင်ဘင်းက
"အမချူးဝမ်၊ စာတိုက်ပုံးနား ခဏခဏသွားတာကို ကျွန်တော်မြင်မိတယ်။ သူက ကျောင်းကနေ ပြန်လာတိုင်း အိမ်ထဲကို အရင်မဝင်ဘဲ စာတိုက်ပုံး အရင်သွားကြည့်လေ့ရှိတယ်"
ဟု သူသတိထားမိတာကို ပြောပြလိုက်သည်။

"ဒီတစ်ကြိမ်လည်း သူဘဲလား"
ယွမ်ချန်းဖူက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

ယွမ်ဟောင်ဘင်းက
"အဲ့တာတော့ သားလည်း အတပ်မပြောနိုင်ဘူးလေ။ဒါပေမယ့် စာတိုက်ပုံးနား သွားလေ့ရှိတာတော့ အမချူးဝမ် တစ်ယောက်တည်းဘဲ"
ဟု ထပ်ပြောလိုက်သည်။

"ဒါနဲ့ အမယွမ်ရိဆီကို ဘယ်သူက စာရေးပြီး ပို့တာတဲ့လဲ၊ အဖေ"
ယွမ်ချူးရွယ်က ဝင်ပြီးတော့ မေးလိုက်သည်။

ယွမ်ချန်းဖူက
"အဲ့တာ ရူကျောင်းတဲ့။ အခုသူတို့က ပေကျင်းမှာတွေ့မှ ရူကျောင်းပို့တဲ့စာတွေ မရဘူးဆိုတာကို သိပြီး အဖေ့ဆီဖုန်းနဲ့ လှမ်းမေးတာ"
ဟု သူ့သမီးအား ပြန်ဖြေပေးလိုက်သည်။

ထိုအခါ ယွမ်ချူးရွယ်က လက်ဖျောက်တစ်ချက်တီးလိုက်ပြီး
"သေချာပါတယ်။ အမရှောင်ရိရဲ့စာတွေကို ယူသွားတဲ့သူ‌က သေချာပေါက် အမရဲ့ချူးဝမ်ဘဲ။ သူက အမရှောင်ရိကိုအမြဲ မနာလိုဖြစ်နေတာလေ။ မယုံမရှိနဲ့နော်"
ဟု ပြောလိုက်သည်။

ဆက်လက်ပြီး သူမက ယွမ်ချူးယန်ဘက်ကို လှည့်ကာ
"မယုံလို့ရှိရင် ယွမ်ချူးယန်ကို မေးကြည့်လိုက်ပေါ့။ အမချူးဝမ်က လုယွမ်ကျန်းနဲ့သာ တွဲနေတာလေ။ ဒီတော့ အမရှောင်ရိနဲ့ စာပေးစာယူလုပ်နေတဲ့ ရူကျောင်းက သူ့ကောင်လေးထက်သာတော့ မနာလိုတွေဖြစ်နေလေ"
ဟု ပြောလိုက်သည်။

ဒီတော့ ယွမ်ချန်းဖူက ယွမ်ချူးယန်ကိုကြည့်ကာ
"တကယ်ကြီးလား"
ဟု မေးမြန်းလိုက်၏။

ယွမ်ချူးယန်ဟာ လိမ်သည့်နေရာမှာ မပိရိပေ။ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့်
"မဟုတ်၊ မဟုတ်ပါဘူး"
ဟု ပြန်ဖြေလိုက်သည်။

သူမ လိမ်ပြောတာကို ယွမ်ချန်းဖူက တန်းသိလိုက်တာမို့ ထမင်းစား စားပွဲအား လက်ဖြင့် ပုတ်ကာ မတ်တတ်ထရပ်လိုက်ပြီး
"ဘာလို့ ငါ့မိသားစုမှာ ဒီလိုမျိုးတွေဖြစ်နေရတာလဲ။ ရဲ့ချူးဝမ်၊ ဒီချိန် ဒီနေရာမှ မရှိတာ ကံကောင်းသွားတယ် မှတ်ပါ။ မဟုတ်လို့ကတော့ ငါ့ဒေါသနဲ့တွေ့တော့မှာဘဲ"
ဟု ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။

"ကံကောင်းတာက အမရှောင်ရိနဲ့ရူကျောင်းတို့ ပြန်တွေ့လို့သာပေါ့။ မဟုတ်လို့ကတော့ အမချူးဝမ်၊ ကြားထဲကနေ စာတွေဖြတ်ယူထားတယ်ဆိုတာကို သိလိုက်ရမှာတော့မဟုတ်ဘူး"
ယွမ်ချူးရွယ်က စိတ်သက်သာရသည့်ပုံစံမျိုးဖြင့် ရေရွတ်လိုက် ရဲ့ချူးဝမ်အတွက် ကျွင်းနက်နက်လေးထပ်တူးပေးလိုက်တော့သည်။

တစ်ဖက်မှာတော့ ရှဲ့တုန်းယန်ဟာ ကုန်ပစ္စည်းတွေ ရောင်းချရာကနေ အမြတ်ငွေတွေ အများကြီး ရရှိထား၍ အူမြူးတက်ကြွလို့နေသည်။ ဒါ့ကြောင့် သူက ယွမ်ရိနဲ့ရူကျောင်းတို့အား ညစာကျွေးရန်အတွက် တကယ့်ဆိုင်ကြီး ဆိုင်ကောင်းကို ရွေးခေါ်သွားခဲ့သည်။

"ဘယ်လို့လဲ။ မဆိုးဘူးမလား"
ဆိုင်ထဲကို ရောက်တော့ သူက ယွမ်ရိအား မေးလိုက်၏။

ယွမ်ရိလည်း စားသောက်ဆိုင်၏ ဆိုင်အပြင်အဆင်ကို တစ်ချက်ကြည့်လိုက်ပြီး
"အင်း။ မဆိုးပါဘူး။ အပြင်အဆင်က ခေတ်နဲ့လိုက်လျောညီထွေဖြစ်တယ်"
ဟု ပြန်ဖြေပေးလိုက်သည်။

"ဟီးဟီး"
ရှဲ့တုန်းယန်က ယွမ်ရိ၏အဖြေကြောင့် ကျေနပ်စွာဖြင့် ရယ်လိုက်သည်။
"နင့်က ငါ့ကို ငွေရပေါက်အကြီးကြီးကို ရှာပေးထားမှတော့ ဒီလိုဆိုင်မျိုးမှာ လိုက်ကျွေးမှ သင့်တော်တော့မှာပေါ့"

ရူကျောင်းဟာ ဘေးမှာထိုင်ရင်းဖြင့် ရှဲ့တုန်းယန်နဲ့ယွမ်ရိတို့နှစ်ယောက်သား ရယ်ရယ်မောမောဖြင့် စကားပြောနေတာကို ခပ်ချဉ်ချဉ်မျက်နှာပေးဖြင့် ထိုင်ကြည့်နေခဲ့သည်။

မတွေ့ရတဲ့အချိန်လေးအတွင်း ယွမ်ရိက သူ့အပေါ်မှာ အရင်ကထက် ပိုအေးစက်သွားသကဲ့သို့ သူခံစားနေရသည်။ အထူးသဖြင့် အခုလိုမျိုး သူ့ကို လျစ်လျူရှုကာ သူ့ရှေ့မှလူဖြင့် စကားတွေအများကြီး ပြောနေတာမျိုးပင်။

ဒါပေမယ့် သူ့အနေနဲ့တတ်နိုင်တာ ဘာမှမရှိတာမို့ ယွမ်ရိနဲ့ရှဲ့တုန်းယန်တို့ စကားကောင်းနေတာကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေရသည်။

ကံကောင်းတာက ရှဲ့တုန်းယန်ဟာ သူ့ဘက်ကိုလှည့်ကာ စစ်တပ်ထဲမှ အကြောင်းများအား မေးမြန်းလာသည်။ ယောက်ျားလေးတစ်ယောက်အနေနဲ့ ရှဲ့တုန်းယန်သည်လည်း စစ်တပ်အတွင်း ဝင်ရောက်ချင်ခဲ့မိသည်။

အခြေအနေ အကြောင်းအရင်းအမျိုးမျိုးကြောင့်သာ စစ်တပ်ထဲ မဝင်ရောက်ခဲ့ရခြင်းပင်။

ရူကျောင်းလည်း အစပိုင်းတွင် ရှဲ့တုန်းယန် မေးသမျှအား မကောင်းတတ်လို့သာ ဖြေပေးနေခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စိတ်ပါလက်ပါဖြေပေးလာကာ ရှဲ့တုန်းယန်နဲ့ တကယ့် ငယ်ပေါင်းကြီးဖော်တွေကဲ့သို့ပင် အာပေါင်အာရင်းသန်သန်ဖြင့် စကားတွေ တရစပ်ပြောကြတော့သည်။

သူက ရှဲ့တုန်းယန်အား စစ်တပ်အတွင်းမှ ပင်ပန်းခင်ခဲသည့် လေ့ကျင့်ရေးအကြောင်းတွေ၊ သေနတ်ပစ်လေ့ကျင့်ရတဲ့အကြောင်းတွေ၊ ခရီးထွက်ရတဲ့အကြောင်းတွေ အစရှိသဖြင့် စုံစုံလင်လင်ပြောပြခဲ့သည်။

ရှဲ့တုန်းယန်သည်လည်း ရူကျောင်းပြောသမျှအား စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့သည်။

ထို့နောက် ရှဲ့တုန်းယန်က ရူကျောင်းအား
"ညီအ‌ကိုကျောင်း၊ မင်းဒီမြို့ထဲမှာ အခက်အခဲတစ်ခုခုကြုံလာခဲ့ရင် ငါ့ကိုပြော ဟုတ်ပြီလား။ ဒီမြို့ထဲမှာဆိုရင် ငါတတ်နိုင်သလောက် ကူညီပေးမယ်ကွာ"
ဟု ပြောလိုက်တော့သည်။

ထို့နောက် နှစ်ယောက်သား ငယ်ပေါင်းကြီးဖော်များသဖွယ် စကားတွေ ဆက်လက်ပြောဆိုကြတော့သည်။

ယွမ်ရိဟာ တစ်ဖက်မှာ စားသောက်နေရင်းဖြင့် ရှဲ့တုန်းယန်နဲ့ရူကျောင်းတို့ စကားဝိုင်းအား ငြိမ်သက်စွာနားထောင်နေခဲ့သည်။

ညစာ စားပြီးသည့်နောက် ယွမ်ရိနဲ့ရူကျောင်းတို့ဟာ ရှဲ့တုန်းယန်အား နှုတ်ဆက်ခဲ့ကြသည်။ သူတို့ဟာ အဆောင်မှာ နေကြသည်ဖြစ်၍ အပြင်မှာ မိုးချုပ်သည်အထိ နေလို့မရချေ။

ရှဲ့တုန်းယန်က ယွမ်ရိနဲ့ရူကျောင်းအား အဆောင်ထိလိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ယွမ်ရိက ခေါင်းယမ်းကာ
"တော်ပါပြီဟာ။ ငါ့တက္ကသိုလ်နဲ့က လမ်းလည်း တိုက်ဆိုင်တာလည်း မဟုတ်ဘဲနဲ့။ ရူကျောင်းကိုဘဲ လိုက်ပို့ပေးလိုက်ပါ"
ဟု ပြောလိုက်သည်။ ပြီးသည်နှင့် သူမ၏စက်ဘီးပေါ်တက်လျက် ထိုနေရာကနေ ထွက်ခွာလာခဲ့တော့သည်။

ရူကျောင်းဟာ စက်ဘီးစီးလျက်ထွက်ခွာသွားသည့် ယွမ်ရိ၏ပုံရိပ်လေးအား ငေးမောကြည့်နေခဲ့သည်။

ရှဲ့တုန်းယန်ကလည်း သူ့စက်ဘီးကို သွားယူလိုက်ပြီး ငေးမောနေသည့် ရူကျောင်းအား
"တက်လေ"
ဟု ပြောလိုက်သည်။

ရူကျောင်းလည်း ရှဲ့တုန်းယန်၏နောက်ကနေ စက်ဘီးပေါ်သို့ တက်လိုက်၏။

"ညီအကိုကျောင်း၊ သေချာကိုင်ထားနော်။ ငါအမြန်နင်းတော့မှာ"
ရှဲ့တုန်းယန်က ထိုကဲ့သို့ပြောလျက် စက်ဘီးအား လျင်မြန်စွာ နင်းလိုက်တော့သည်။

ရူကျောင်းသည်လည်း နောက်ကနေ စက်ဘီးကို သေချာကိုင်လိုက်သွားခဲ့တော့သည်။

ယွမ်ရိဟာ တက္ကသိုလ်အတွင်းက အဆောင်ကို ပြန်ရောက်တာနဲ့ ရေချိုးကာ တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်လိုက်သည်။ ပြီးသည်‌နှင့် အခန်းဖော်အား စကားတောင် မပြောနိုင်တော့ဘဲ အိပ်ရာထဲကို တန်းဝင်အိပ်စက်လိုက်တော့၏။

နောက်နေ့မနက်မှာတော့ အတန်းတက်ဖို့အတွက် အိပ်ရာကနေ စောစောထခဲ့ကြသည်။ ပြီးသည်နှင့် အခန်းဖော်လီရှောင်းဖန်နဲ့အတူ ကန်တင်းသို့ မနက်စာ စားသောက်ရန် ထွက်လာခဲ့ကြသည်။

လီရှောင်းဖန်က ကန်တင်းကို သွားနေရင်းဖြင့် ယွမ်ရိအား
"ယွမ်ရိ၊ နင် တနင်္ဂနွေနေ့တိုင်း ဘယ်တွေသွားနေတာလဲ။ မနက်ဆိုလည်း အစောကြီး ထပြီး ညနေတော်တော်လေးနောက်ကျမှ ပြန်လာတာဆိုတော့ ဘာတွေများ အလုပ်ရှုပ်နေတာတုန်း"
ဟု စပ်စုစွာဖြင့် မေးလိုက်သည်။

ယွမ်ရိလည်း ပြုံးလိုက်ပြီး
"ဘာမှ မဟုတ်ပါဘူး။ ငါက ပေကျင်းမြို့ကို ‌မရောက်ဖူးတာကြောင့် ရောက်တုန်းရောက်ခိုက် နေရာအနှံ့လျှောက်လည်တာပါ"
ဟု မုသားစကားလေးဖြင့် ပြန်ဖြေလိုက်သည်။

လီရှောင်းဖန်သည်လည်း လူကဲခတ်တာ တော်သူတစ်ယောက်ဖြစ်၍ ယွမ်ရိမပြောချင်မှန်း တန်းသိလိုက်ကာ ဘာမျှ ထပ်မမေးတော့ချေ။

သူတို့နှစ်ယောက်ဟာ ကန်တင်းမှာ မနက်စာစားပြီးသည့်နှင် အတန်းတွေတက်ရန် စာသင်ခန်းထဲကို ဝင်လာခဲ့ကြသည်။

အခန်းထဲကိုရောက်တော့ အတန်းချိန် မစသေးချေ။ဒါ့ကြောင့် ယွမ်ရိက သူမ၏ပုံဆွဲစာအုပ်ကို ထုတ်လျက် အဝတ်အစားပုံစံ ဒီဇိုင်းလေးများအား ရေးဆွဲနေခဲ့သည်။

လီရှောင်းဖန်ကတော့ ယွမ်ရိဘေးမှာ ထိုင်ရင်းဖြင့် ယွမ်ရိပုံဆွဲနေသည်အား ငြိမ်ငြိမ်လေး ကြည့်ရှုနေခဲ့သည်။

သူမက ယွမ်ရိပုံဆွဲတာကို ကြည့်နေရင်းဖြင့်
"ယွမ်ရိ၊ နင်ဆွဲထားတဲ့ အဝတ်အစားပုံလေးတွေက အရမ်းလှတာဘဲ။ အဲ့လိုမျိုးပုံစံလေးတွေ ငါ အရမ်း ဝတ်ချင်လိုက်တာ"
ဟု သူမ၏ဆန္ဒအား ထုတ်ဖော်ပြောကြားလိုက်သည်။

ယွမ်ရိလည်း ထိုစကားကိုကြားတော့ အလွန်ပျော်သွားကာ
"ဟုတ်လား၊ ဒါဆိုရင် ငါချုပ်ပေးမယ်လေ"
ဟု ပြောလိုက်သည်။

လီရှောင်းဖန်လည်း အလွန်အံ့အားသင့်သွားဟန်ဖြင့်
"နင်က စက်ချုပ်တတ်တာလား"
ဟု ပြန်မေးလိုက်သည်။

"အင်း၊ ဒါပေမယ့် အချိန်နည်းနည်းတော့ စောင့်ရမှာနော်"
ယွမ်ရိက ခေါင်းညိတ်လျက် ပြန်ပြောလြိက်သည်။

လီရှောင်းဖန်က ပျော်ရွှင်သွားသော လေသံဖြင့်
"ရတယ်။ ငါစောင့်‌နိုင်ပါတယ်ဟာ"
ဟု ပြောလိုက်တော့သည်။

ညနေ အတန်းချိန်တွေ ပြီးသွားသည့်နောက် ယွမ်ရိက လီရှောင်းဖန်နဲ့အတူ အဆောင်သို့ တန်းပြန်မသွားခဲ့ပေ။

သူမက တက္ကသိုလ်အနီးမှာ ရှိသည့် စတိုးဆိုင်ကိုသွားကာ ဖုန်းခေါ်ရန် ပြင်လိုက်သည်။

သူမက ဖုန်းခွက်ကိုကိုင်ကာ သူမအဖေ၏ဖုန်းနံပတ်အား ရိုက်ထည့်လိုက်သည်။

မကြာခင်မှာဘဲ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။

"အဖေ၊ သမီး မနေ့က မေးထားတာလေး အဲ့တာဘာထူးသေးလဲ"
ယွမ်ရိက လိုရင်းအား တန်းမေးမြန်းလိုက်သည်။

ယွမ်ချန်းဖူက ခဏမျှတိတ်ဆိတ်သွားပြီး "သမီး စာတွေကို ကြားဖြတ်ယူတဲ့သူက ချူးဝမ် ဖြစ်နိုင်တယ်။ ဒါပေမယ့် သက်သေတော့ ခိုင်ခိုင်လုံလုံမရှိသေးဘူး"
ဟု ပြန်ဖြေပေးလိုက်တော့သည်။

ယွမ်ရိလည်း ထိုအဖြေကိုကြားတာနဲ့ အံကြိတ်လိုက်ကာ
"သူမဘဲ ဖြစ်နိုင်တယ်ဆိုတာကို အစကတည်းက ခန့်မှန်းမိတယ်"
ဟု ရေရွတ်လိုက်‌သည်။

ယွမ်ချန်းဖူက ဆက်လက်ပြီး
"ချူးဝမ်က အခုအိမ်မှာမရှိဘူး။ မနှစ်တုန်းက အဖေက သူမကို ကျေးလက်က ထုတ်လုပ်ရေးအဖွဲ့တစ်ခုကို ပို့လိုက်တာလေ။ ဒါပေမဲ့ သူမက အဲ့ဒီမှာ ခဏဘဲ နေပြီး ထွက်ပြေးသွားတယ်တဲ့။ အခုဘယ်ရောက်နေလဲဆိုတာကို အဖေလည်း မသိဘူး။ သူ့အတွက်တော့ အဖေ အရမ်း ရင်လေး‌တယ်"
ဟု စိတ်ပင်ပန်းနေသော လေသံဖြင့် ငြီးငြူလိုက်၏။

"သူမက အခု ပေကျင်းမှာ လုယွမ်ကျန်းနဲ့အတူတူရှိနေတယ်"
ယွမ်ရိက ရဲ့ချူးဝမ်၏နေရာအား ချက်ချင်းပြောပြလိုက်သည်။

"ဟမ်၊ လုယွမ်ကျန်းနဲ့က အဆက်အသွယ် ပြတ်သွားပြီ မဟုတ်ဘူးလား"
ယွမ်ချန်းဖူ၏လေသံက အနည်းငယ် မှင်သက်သွားသည်။

ယွမ်ရိက
"ဘယ်လိုလုပ်ပြီးတော့ အဆက်အသွယ်ပြတ်နိုင်မှာလဲ။ မနေ့ကတောင်မှ သမီးမျက်စိနဲ့တပ်အပ် သူတို့နှစ်ယောက်ကို အတူတူတွဲတွေ့လိုက်တာကို"
ဟု ပြောလိုက်၏။

ယွမ်ရိစကားဆုံးတာနဲ့ ယွမ်ချန်းဖူက ဒေါသထွက်နေသော လေသံဖြင့်
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
ဟု သုံးကြိမ်ရေရွတ်လိုက်သည်။

ဆက်လက်ပြီး သူက
"ဒီကိစ္စနဲ့ပတ်သက်ပြီး လုအိမ်ကိုသွားရမယ်။ သူတို့ဘက်က ဘယ်လိုဖြေရှင်းချက်ပေးမလဲ စောင့်ကြည့်ရသေးတာပေါ့"
ဟု ရေရွတ်လိုက်တော့သည်။

ယွမ်ရိလည်း သူမ၏အဖေနဲ့ စကားအနည်းငယ်ခန့် ပြောပြီးသည့်နောက်မှာ ဖုန်းချလိုက်တော့သည်။

ပြီးတာနဲ့ဆိုင်အား ဖုန်းပြောခ ကျသင့်ငွေအား ပေးချေခဲ့၏။

ထို့နောက် သူမက အဆောင်သို့ပြန်ကာ အခန်းထဲကိုပင် မဝင်တော့ဘဲ စက်ဘီးကို ယူလျက် ပြန်ထွက်ခဲ့ပြန်သည်။

တကယ်တော့ သူမက ရူကျောင်းထံသို့ ထွက်လာခြင်းပင်။

ရူကျောင်းတက်နေသည့်ကျောင်းနဲ့ သူမတို့ပီကင်းတက္ကသိုလ်က နီးနီးလေးဖြစ်၍ အချိန်ဘယ်လောက်မှ မကြာဘဲ ရူကျောင်းထံ ယွမ်ရိရောက်ရှိသွားသည်။

ရူကျောင်းတို့အဆောင်ကို ရောက်တာနဲ့
ရူကျောင်းအား ခေါ်ပေးရန် အဆောင်မှူးအား တောင်းဆိုလိုက်သည်။

ငါးမိနစ်ခန့် စောင့်ပြီးသည့်နောက် ရူကျောင်းလည်း ရောက်လာကာ
"ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ"
ဟု မေးလိုက်သည်။

"အကူအညီ တောင်းစရာလေးတစ်ခု ရှိနေလို့"
ယွမ်ရိက
"ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့ကို တွေ့ချင်လို့ အဲ့တာ ဖိတ်ပေးပါဦး"
ဟု တောင်းဆိုလိုက်သည်။

"ဘာဖြစ်လို့ သူတို့ကို တွေ့ချင်ရတာတုန်း"
ရူကျောင်းက ထပ်မေးလိုက်ပြန်သည်။

"နင်နဲ့ချန်းဝေ့တုန်းတို့ ပို့လိုက်တဲ့စာတွေလေ။ အဲ့စာတွေကို ကြားကနေဖြတ်သိမ်းထားတာက ရဲ့ချူးဝမ်ဘဲ"
ယွမ်ရိက အမှန်အတိုင်း ပြောလိုက်သည်။

ရူကျောင်းလည်း မျက်မှောင် ချက်ချင်းကြုတ်သွားပြီး
"တကယ်ဘဲ ရဲ့ချုးဝမ်လား"
ဟု သေချာအောင် ထပ်မေးလိုက်သည်။

ယွမ်ရိက ခေါင်းညိတ်ကာ
"သေချာတာပါ့။ ဒါပေမယ့် ဒီထက်ကို ‌ပိုသေချာ‌ချင်လို့ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့ကို ချိန်းခိုင်းလိုက်တာ။ လူချင်းတွေ့ပြီး မေးလိုက်တာက ပိုပြီးတော့ သေချာတယ်လေ"
ဟု ပြောလိုက်သည်။

ရူကျောင်းလည်း ယွမ်ရိကိုကြည့်ကာ
"ကောင်းပြီ။ ငါ သူတို့နှစ်ယောက်ကို ချိန်းလိုက်မယ်"
ဟု ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Onde histórias criam vida. Descubra agora