အပိုင်း - ၁၀၇.၁
ယွမ်ချန်းရှန် လမ်းဘေးမှာ ထိုးထာသည့်ကားအနက်ထဲဝင်လိုက်ကာ ဒရိုင်ဘာကို ပြောလိုက်လေသည်၊ "ကုမ္ပဏီပဲ ပြန်သွားရအောင်။"
ထိုအနက်ရောင်ကားက ယွမ်ရိ ကုမ္ပဏီအတွက် ဝယ်ထားတာဖြစ်ပြီး အခုဆို ရုံးသုံးအနေဖြင့် သုံးနေကြပြီး ဒရိုင်ဘာလည်း ငှားထားပြီးသားမလို့ အဆင်ပြေနေတော့သည်။ ယွမ်ချန်းရှန်နဲ့ ချန်ခွန်းတို့မှာ အခုမှ ကားမောင်းသင်ယူနေတုန်းဖြစ်၍ လိုင်စင်မရှိသေးပေ။
ကားကိုရုံးရှေ့ဂိတ်မှာ ရပ်ခိုင်းလိုက်ပြီးနောက် ယွမ်ချန်းရှန်လည်းကုမ္ပဏီထဲ တန်းဝင်လာလိုက်သည်။
သုံးထပ်တိုက်ကလေးက ရိုးရှင်းလှသည်။ ပထမထပ်က ရောင်းဝယ်ရေးဌာနဖြစ်ကာ ထိုအထဲတွင် ငွေကြေးစီမံခန့်ခွဲရေးဌာနနှင့် အထွေထွေစီမံခန့်ခွဲရေးဌာနပါ တစ်ပါတည်းရှိလေသည်။
လောလောဆယ် ယွမ်ချန်ရှန်က မားကတ်တင်းနှင့်ရောင်းဝယ်ရေးဌာနကို တာဝန်ယူထားကာ ချန်ခွန်းကတော့ ငွေကြေးပိုင်းနှင့်ရောင်းဝယ်ရေးဘက်ကို တာဝန်ယူထားလေသည်။
ဒုတိယထပ်မှာတော့ ဒီဇိုင်းပိုင်းဆိုင်ရာဌာနရှိကာ ဒီဇိုင်နာတွေက ထိုအထပ်မှာ အလုပ်လုပ်ကြလေသည်။
တတိယထပ်မှာတော့ ယွမ်ရိတစ်ယောက်တည်းထိုင်ကာ တစ်ပါတည်း ဧည့်သည်တွေကို တွေ့ရှိ၍ ပြောဆိုဧည့်ခံသည့် အပိုင်းကို တာဝန်ယူသည့် ရုံးကိုထား,ထားလိုက်လေသည်။ ပြီးတော့ သူမကိုယ်ပိုင်စတူဒီယိုလည်းရှိကာ ထိုအထဲ ပုံဆွဲသည့်ဘုတ်ပြားများရှိကာ၊ အပ်ချုပ်စက်များနှင့်အတူ အခြားပစ္စည်းတွေပါ ရှိလေသည်။ တခြား အဝတ်အထည်ပုံစံတွေ၊ အရုပ်တွေနဲ့ အပြီးမသတ်ရသေးသည့် အဝတ်အစားတွေပါ ချိတ်ဆွဲထားလေသည်။
ယွမ်ချန်းရှန်တစ်ခါတည်း အပေါ်ဆုံးထပ်ကိုပဲ တက်လာလိုက်သည်။ အပေါ်ထပ်ကိုရောက်တော့ချန်ခွန်းပါ ယွမ်ရိနဲ့ရှိနေတာ မြင်လိုက်ရလေသည်။ သူရုံးခန်းထဲဝင်လာလိုက်ပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်။
ချန်ခွန်းက သူမယောက်ျားအတွက် ရေတစ်ခွက်ခပ်ပေးလာပြီး မေးလာလေသည်။
"ဒီနေ့အခြေအနေ ဘယ်လိုလဲ အဆင်ပြေရဲ့လား?"
"လူတွေအများကြီး လာတာမလို့ ကိစ္စတော့မရှိပါဘူး။"
အရင်ခုနှစ်ရက်တုန်းက သူတို့ဖွင့်ပွဲရက်ရေတွက်နေတုန်း တစ်ပါတည်း လက်ကမ်းစာစောင်တွေပါ ဝေခဲ့ကြလေသည်။ ထိုလက်ကမ်းစာစောင်တွေကိုလည်း သေချာလုပ်ထားကာ အရင်ပြတင်းမှာ ဆင်ခဲ့သည့် ဖက်ရှင်ဒီဇိုင်းတွေပါ ထည့်သွင်းပုံနှိပ်ပြီး ပြထားလိုက်သေးသည်။
ဖွင့်ပွဲနေ့မလို့ အကုန်ဒစ်စကောင့်ချတာမျိုးထက်ကို တခြားစိတ်ဝင်စားဖွယ်ရာတွေကိုလည်း စီစဉ်ထားသေးသည်။ ယွမ်ရိကတော့ နောက်ထပ် မဲနှိုက်တဲ့ပုံစံတစ်မျိုးကိုပါ စဉ်းစားထားလိုက်သေးသည်။
သူမက မဲလက်မှတ်တစ်ခုလျှင် ငွေတစ်ယွမ်ဖြင့် ရောင်းချမည်ဖြစ်ကာ ကံထူးသည့်သူတိုင်း အလှပြပြတင်းမှာ ဝတ်ပြထားသည့် အဝတ်အစားအစုံလိုက်ကို စိတ်တိုင်းကျရွေးကာ အလကားရနိုင်မည့် အခွင့်အရေးပင် ဖြစ်လေသည်။
ထိုမဲနှိုက်တဲ့ပုံစံအသစ်ကြောင့် လူအတော်များများက ဆိုင်မဖွင့်ခင်ကတည်းကကို လက်ကမ်းစာစောင်ကပုံတွေကို ကြည့်ပြီး ဘယ်ဝတ်စုံရွေးရမလဲပါ ကြိုတိုင်ပင်နေကြလေတော့သည်။
ဆိုင်၏ကျော်ကြားမှုက မဖွင့်ခင်ကတည်းက မြင့်မားလှတာမလို့ ယွမ်ချန်းရှန် မနက်ဖြန်ဖွင့်ပွဲအတွက် သိပ်စိတ်ပူမနေတော့ပေ။
"ငါဒီနေ့ ဆွန်းဝေဆိုတဲ့ ငတုံးကိုတွေ့ခဲ့သေးတယ်။ ဒီ မကောင်းတဲ့ကံကျေဖို့ အရှေ့မြောက်အရပ်ကဝိုင်သာ သွားသောက်ပစ်လိုက်ချင်တယ်။ သူကမနက်ဖြန် ဖွင့်ပွဲနေ့ကျရင် မစ္စရှန်က နှင်းဆီစံအိမ်ကို ဘယ်လိုလဲကျအောင် ချမလဲ စောင့်ကြည့်နေပါမယ်တဲ့။"
"အဲ့လိုတောင် ပြောခဲ့တာလား?"
"တကယ်ပေါ့။ ငါသူ့ကို ရိုက်ပစ်ချင်တာ မနည်းထိန်းထားရတယ်။"
ချန်ခွန်းက သူပြောတဲ့ပုံကြည့်ပြီး အရယ်ကိုမရပ်တော့ပေ။ သူရိုက်စရာတောင်မလိုပါဘူးမနက်ဖြန်ကျ ကြီးကျယ်ခဲ့တဲ့ပါးစပ် သူ့ဟာသူ ပြန်ခံရလိမ့်မယ်။
ဖွင့်ပွဲနေ့ လူပိုလာအောင်လို့ အားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှ ဖွင့်ဖို့ လုပ်ထားလိုက်ကြလေသည်။
မနက်စောစောဆို ဉာဏ်ကြီးရှင်တို့ လန်းဆန်းနေတတ်ကြသည်လေ။ ယွမ်ရိလည်း နှိုးစက်သံကြောင့် နိုးလာပေမဲ့ မထသေးပဲ လင်းယောင် လက်မောင်းကြားထဲ မျက်နှာကိုဝှက်ထားကာ အိပ်နေလိုက်သည်။
လင်းယောင်ကပဲ နှိုးစက်ကိုလှမ်းပိတ်လိုက်ကာ တစ်ယောက်ကိုတစ်ယောက် အိပ်ရာထဲကနေ ဆွဲထူပြီးမျက်နှာသစ်ဖို့ လုပ်လိုက်ကြလေသည်။
ရေမိုးချိုးပြီးတော့ ယွမ်ရိလည်း မှန်ရှေ့ထိုင်ကာ ဆံပင်ကိုသေချာပြင်နေလိုက်၏။
သူမလှည့်ကြည့်လိုက်တော့ အနောက်မှာ လင်းယောင်က အနောက်တိုင်းဝတ်စုံပြည့်ဝတ်ကာ သူမကိုစောင့်နေလေသည်။
"ရှင်အရမ်း ချောတာပဲ။"
သူပုံမှန်ဆို အလုပ်မှာ အနောက်တိုင်းဝတ်စုံ ဝတ်လေ့မရှိတာကြောင့် သူ့ကို ထိုဝတ်စုံပြည့်နှင့် မြင်ရသည်မှာ မင်္ဂလာဆောင်တုန်းကသာ ဖြစ်လေ၏။ သူ့မှာ စုစုပေါင်း အနောက်တိုင်းဝတ်စုံ ၃ စုံလောက်ရှိကာ အရောင်တွေကလည်း အနက်၊ မီးခိုးတို့သာဖြစ်ပြီး အကုန်လုံးက ယွမ်ရိကိုယ်တိုင် ချုပ်ပေးထားခြင်းဖြစ်လေသည်။
ယွမ်ရိက လင်းယောင်မေးစေ့လေးကို ဆွဲပင့်ကိုင်ပြီးတာနှင့် လင်းယောင်က သူမလက်ကောက်ဝတ်ကို ကိုင်လာလေတော့သည်။
သူဘာဆက်လုပ်မည်ဆိုတာ ကြိုသိတာမလို့ ယွမ်ရိအလျင်အမြန် လက်နှင့် လင်းယောင်နှုတ်ခမ်းကို ကာလိုက်ကာ၊
"မိတ်ကပ်ပျက်လို့ မရဘူးနော် ဆရာရေ။"
လင်းယောင် ပြုံးလိုက်ကာ ရှေ့တိုးလာပြီး နဖူးလေးကိုသာ နမ်းလိုက်လေသည်။
ကားထဲရောက်တာနှင့် ယွမ်ရိ နှုတ်ခမ်းနီထုတ်ဆိုးလိုက်ကာ လင်းယောင်နှင့်အတူ မနက်စာ စားဖို့အရင် လုပ်လိုက်ကြ၏။
ချန်ခွန်းတို့ ယွမ်ချန်းရှန်တို့က ယွမ်တပေါင်လေးနဲ့အတူ ကြိုရောက်နေကြကာ ယွမ်ချီကျီတို့လည်း ဒီနေ့ စက်ရုံကို မသွားကြပေ။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့လည်း လိုက်လာကြသည်။
ဘယ်သူမှရောက်မလာခင် သေချာရှင်းလင်းလိုက်ကာ ပြန်စစ်လိုက်လေသည်။
ယွမ်ချန်းရှန်က ကက်ဆက်တစ်လုံးကို ထုတ်ကာ လွန်ခဲ့သည့် ၂ နှစ်လောက်က နာမည်ကြီးသည့် တိတ်ခွေတွေကို ဖွင့်ထားလိုက်လေသည်။ သီချင်းကိုစဖွင့်လိုက်သည်နှင့် တက်ကြွဖွယ်အခြအနေလေးကို ချက်ချင်း ဖန်တီးလိုက်သလိုပင်။
နေမင်းကြီးက တဖြည်းဖြည်းမြင့်လာကာ ပန်းခြင်းတွေလည်း ဆိုင်ရှေ့မှာနေရာယူလာကြပြီး လူတွေဆိုင်ထဲတိုးမပေါက် စည်လာတော့သည်။
လူအတော်များများက အဝတ်တွေကိုပါကြည့်ရင်း မဲနှိုက်သည့်ဘက်လည်း စိတ်ဝင်တစားပင်။
မဲလက်မှတ်ကို တစ်ယွမ်နှင့်ဝယ်ကာ မဲပေါက်လျှင် ကိုယ်ကြိုက်တဲ့အဝတ် တစ်စုံရမှာဖြစ်ပြီး မပေါက်လျှင်လည်း ပိုးသားမာဖလာလေးကို လက်ဆောင်ပေးတာမလို့ ဈေးဝယ်သူတွေအတွက် အရှုံးကမရှိပေ။
ဆိုင်ကအဝတ်တွေက မြန်မြန်ရောင်းထွက်ကုန်တာမလို့ ယွမ်ရိနောက်ထပ် အပိုအများကြီးကို ဆောင်ထားရသည်အထိပင်။
သူတို့ဆိုင်ကမဲကြောင့် ဝယ်သူအတော်များများ လာကြရာ တချို့ဆို မဲမပေါက်လည်း မပြန်ကြတော့ပဲ ဘယ်သူကံထူးလဲဆိုတာပါ စောင့်ကြည့်နေကြတော့သည်အထိပင်။ ဈေးလာဝယ်တဲ့သူထက်ကို လူက ပိုများနေတော့သည်။
သေချာသင်ပြပေးထားသည့် ဆိုင်မန်နေဂျာနဲ့ ယွမ်ချန်းရှန်၊ ချန်ခွန်းတို့က ဝယ်သူတွေကို နှုတ်ဆက်တဲ့နေရာယူကာ တစ်ပါတည်းအဝတ်တွေကို ရောင်းပေးကြလေသည်။ ယွမ်ရိနဲ့လင်းယောင်ကတော့ အသိဧည့်သည်တွေကို မိတ်ဆက်ရင်းရှိကြလေ၏။
လင်းယောင်အလုပ်က လူတွေရော၊ တက္ကသိုလ်တုန်းက ခင်မင်ခဲ့သည့်ကျောင်းသားတွေပါ လာကြကာ စက်မှုလက်မှုဆိုင်ရာ အဖွဲ့အစည်းက လုပ်ဖော်ကိုင်ဖက်တွေပါ လာရောက်ကြလေသည်။
လင်းဟောင်ဖန်းနှင့် အခြားသော သူမအခန်းဖော်တွေရော၊ ကျန်းစူးယွင်နဲ့ သူမလုပ်ဖော်ကိုင်ဖက်တွေပါ လာကာ ဂုဏ်ပြုပေးကြလေသည်။
ကျန်းစူးယွင်က ပြုံးကာပြောလာလေသည်၊ "စီးပွားရေးဘက်မှာ ဒီလောက်နာမည်ကြီးတဲ့ လူမျိုးမမြင်ဖူးသေးဘူး။ တကယ်ကို တော်တာပဲ။ ဒီဆိုင်ဆို လူတွေပြုံနေအောင် အားပေးကြတာ တကယ်စီးပွားရေးလုပ်တာ တော်တာပဲ။"
နှင်းဆီစံအိမ်လို ဆိုင်မျိုးသာမက အခုဆို ဘရန်းအသစ်တစ်ခုထွင်ကာ ဆိုင်ထပ်ဖွင့်ထားသည်တဲ့လေ။
ဘရန်းကစထွက်တာနှင့် နာမည်ကကြီးနေပြီ ဖြစ်သည်။
"ဒါက ဒီအတိုင်း လူတွေပျော်အောင်လုပ်တဲ့ မျက်လှည့်လေးတစ်မျိုးပါပဲ။"
တကယ်တော့ ဒီလိုအချိန်တွေကို ကောင်းကောင်းအသုံးချဖို့ဆိုတာမျိုးက လူတွေအာရုံရဖို့ နည်းနည်းလေး လှည့်ကွက်သုံးလိုက်ရုံပင်။
လူတွေကိုသာ ဆွဲဆောင်နိုင်သရွေ့ ပိုက်ဆံမရမှာ စိတ်ပူစရာမလိုပေ။
ဖွင့်ပွဲမတိုင်ခင်ကတည်းက အခြေအနေကကောင်းလှရာ အဝတ်အစားပိုင်းနှင့်ဖွင့်ပွဲအစီအစဉ်တွေအထိ သေချာဆွဲဆောင်ထားနိုင်သည့်အပြင် သီချင်းကပါ မြူးကြွလှရာ ဆိုင်တွင်း အခြေအနေက ဝယ်သူသာမက ရောင်းသူတွေအတွက်ပါ အရာရာအဆင်ပြေနေလေတော့သည်။
နေ့လယ်ခင်းမတိုင်ခင်အထိ အလုပ်ရှုပ်နေကြပြီး ဆိုင်ကလုံးဝကို စည်နေတော့သည်။
တစ်ဖက်က နှင်းဆီစံအိမ်ကတော့ လူကိုမရှိပေ။
ဆန်းဝေ နှင်းဆီစံအိမ် ဝင်ပေါက်တံခါးကို ဖွင့်လိုက်သည်နှင့် အရောင်းစာရေးက ထလာကာ နှုတ်ဆက်လာ၏။ ပြီးနောက် သူ ဝယ်လိုသည့် အဝတ်အစားပုံကိုမေးကာ သူတို့ဆိုင်၏ ဒီရာသီအတွက် အဝတ်အစားသစ်ကို မိတ်ဆက်ပေးလာလေသည်။
ဆန်းဝေကတော့ သိပ်စိတ်မဝင်စားပေ။