Chapter 108.1

2K 162 0
                                    

အပိုင်း - ၁၀၈.၁
ဝမ်ရှောင်က ယွမ်ရိတို့ဆီက အဝတ်ကို လဲဝတ်ပြီးသည့်နောက် မှန်ရှေ့မှာ ရပ်ကြည့်လိုက်လေသည်။ လူတိုင်း​၏အကြည့်တွေက သူမဆီရောက်နေကာ သူတို့က တီးတိုးပါ ပြောနေကြသေးသည်။

နာမည်ကျော်တွေ၏ ကိုယ်ရောင်ကိုယ်ဝါက သာမန်လူတွေနှင့်ကွာခြားလှကာ ဝတ်လိုက်သည့်အဝတ်ကကို သူတို့ကိုယ်ပေါ်မှာ ပိုတောင်လှနေသလိုပင်။
ဝမ်ရှောင်ကလည်း သူမဝတ်ကြည့်သမျှ အဝတ်တွေ  အားလုံးကို သဘောတွေ့နေကာ မှန်ရှေ့ရပ်ကြည့်လိုက်၊ ဘယ်ညာလှည့်လိုက်နှင့်ကို ကြည့်နေတော့သည်။ ထိုအဝတ်တွေထဲက တစ်စုံက သူမ မဲပေါက်တာဖြစ်ကာ ကျန်တာတွေက ရှဲ့တုန်းယန်ဝယ်ပေးတာဖြစ်လေသည်။

ဝမ်ရှောင်ကိုယ်တိုင် အဝတ်တွေဝယ်သွားကာ အားပေးသွားတာမလို့ ဆိုင်ဖွင့်ပွဲမှာတင် ဆိုင်က လူအများကြား နာမည်ကြီးနေတော့သည်။
ဖွင့်ပွဲပြီးတာနှင့် ဆိုင်ဝန်ထမ်းတွေ၊ သူငယ်ချင်းတွေနှင့် ဆွေမျိုးတွေအကုန်လုံးကို စားသောက်ဆိုင် ခေါ်လာလိုက်ကာ ညစာကျွေးလိုက်လေ၏။
ပွဲက အလွန်ပင် အောင်မြင်လှရာ စားသောက်ပွဲက အလွန်ကို တက်ကြွနေတော့သည်။

နှင်းဆီစံအိမ်၏ ပိုင်ဆိုင်သူတစ်ဖြစ်လဲ ယွမ်ရိကပါ ဝိုင်သောက်လာချေသည်။
ညစာစားပွဲ ပြီးတာနှင့် လူတိုင်းနှုတ်ဆက်လိုက်ကြကာ အိမ်ပြန်ဖို့ လူစုခွဲလိုက်ကြတော့သည်။ လင်းယောင်က ကားမောင်းကာ ယွမ်ချူးရွယ်နှင့်ယွမ်ရိတို့ကို တင်ခေါ်လာပြီး အရင်ဆုံးယွမ်ချူးရွယ်တို့ကျောင်းနား ချပေးခဲ့ကာ ယွမ်ရိနဲ့အိမ်အတူ ပြန်လာလိုက်ကြလေသည်။

ကားထဲမှာ နှစ်ယောက်တည်း ကျန်ကာမှ ယွမ်ရိကလင်းယောင်ဘက်ကို လှည့်ကာမေးလာလေသည်။ သူ့ကြည့်ရတာတော့ မမူးတော့ပုံပင်။
"ကဲ ဘယ်လိုထင်လဲ? ဒီမမကြီး တော်တယ်ထင်လား?"
"ဟုတ်ကဲ့ အရမ်းတော်ပါတယ် မမ။"

"မမလို့ပဲ မခေါ်နဲ့။ သူဌေးမမလို့ခေါ်။"

"ဟုတ်ကဲ့ပါ။ သူဌေးမမ ခင်ဗျ။"
လင်းယောင်သူ့ကိုကြည့်နေရင်း ရယ်နေတော့သည်။
ယွမ်ရိလည်း ပိုလို့တောင် ကျေနပ်နေသေးသည်။ ဝိုင်လေးလည်း ဝင်ထားတာမလို့ "မွ"ကနဲမြည်အောင် အနမ်းဖွဖွလေးပေးလိုက်ကာ ပြောလာသေးသည်၊ "မင်း ဒီသူဌေးမမရဲ့ အနမ်းနဲ့ထိုက်တန်တယ်။"
"ကျေးဇူးတင်ပါတယ် သူဌေးမမခင်မျ။"
သူဌေးမမ မူးနေတာမလို့ အိမ်ပဲတန်းမောင်းလာခဲ့ကြတော့သည်။ မူးနေတဲ့သူဌေးမမက မိတ်ကပ်ဖျက်ဖို့နဲ့ ရေမိုးချိုးဖို့ကိုတော့ မမေ့ပေ။
ညလယ်ခေါင်မဟုတ်သေးပေမဲ့ သူတို့အိမ်ရာဝန်းကတော့ တိတ်ဆိတ်လို့နေတော့သည်။
နောက်တစ်နေ့မနက် လင်းယောင် နှိုးစက်သံကြောင့် နိုးလာတော့သည်။ ယွမ်ရိကိုတော့ မနေ့က ဝိုင်သောက်ထားတာမလို့ မနှိုးတော့ပဲ အိမ်မှာခဏလောက် အိပ်နေလို့ရအောင် ထား,ထားလိုက်လေ၏။
ယွမ်ရိအတန်ကြာအိပ်လိုက်ကာ တစ်ခါတည်း နေ့လယ်စာ စားလိုက်လေသည်။
စားပြီးတာနှင့် ရုံးခဏ သွားထိုင်လိုက်လေသည်။
ထိုအချိန် တံခါးခေါက်လာတာကြောင့်၊ "ဝင်ခဲ့ပါ။"
ချန်ခွန်းက သူမလက်ထဲ သတင်းစာကို ကိုင်ထားကာ ယွမ်ရိဆီပေးလာသည်၊
"မနေ့က သတင်းထောက်တွေလည်း လာတဲ့ပုံပဲ။ ငါတို့ဖွင့်ပွဲက တော်တော်နာမည်ကြီးသွားတာပဲ။ သူတို့ဆို အဝတ်အစားတစ်စုံ ကံထူးသွားတဲ့ ဝမ်ရှောင်ဆိုပြီးကို ရေးထားတာ။"
ယွမ်ရိ သတင်းစာကို ယူလိုက်ပြီး ဖတ်ကြည့်လိုက်ရာ သတင်းထောက်က နောက်ထပ်မဲပေါက်သွားတဲ့ ဝယ်သူနှစ်ယောက်ကိုလည်း အင်တာဗျူးထားပြီး ဝမ်ရှောင် မှန်ရှေ့မှာ ရပ်နေသည့်ပုံကိုပါ အထောက်အထားအနေနှင့် ထည့်ထားသေးသည်။
သူ ဒီလို သတင်းစာထဲထိပါဖို့ ပိုက်ဆံတစ်ပြားတောင် မသုံးလိုက်ရရှာပေ။ သူ သတင်းစာကို နှစ်ခါဖတ်တာ နှစ်ခါလုံး သူတို့ဆိုင်က နာမည်ကြီးနေကြောင်းပင်။ ဒီလို ရလဒ်ကြောင့် ယွမ်ရိမပျော်ပဲ မနေနိုင်ပေ။
"ကျွန်မကို နေ့လည် ၂ နာရီကျ မီတင်ရှိလို့ သတိပေးဦးနော်။"
ဖွင့်ပွဲလေးတစ်ခုနဲ့တင် ပြည်တွင်းမှာ ကျော်ကြားသွားတာမလို့ သူတို့ဆိုင်လေး၏ကျော်ကြားမှုက ပိုမြင့်မားသွားတော့သည်။ သို့သော် ထိုကျော်ကြားမှုက နှင်းဆီစံအိမ်ကိုတော့ မထိခိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဆိုင်နှစ်ဆိုင်​၏ ရည်ရွယ်ချက်နှင့် ဝယ်သူပုံစံက မတူသောကြောင့်ပင်။
ရှန်ဖုန်းကိုလည်း အောင်မြင်စွာဖွင့်နိုင်ခဲ့တာမလို့ ယွမ်ရိခံစားနေရတဲ့ ဖိအားက သက်သာသွားသည်ပြောရမည်။ နောက်တစ်ဆင့်ကတော့ ကိုယ်တိုင်ဒီဇိုင်းဆွဲကာ ကွာလတီအကောင်းဆုံးအဝတ်တွေကို ထုတ်ဖို့ပင်။
နွေဦးက နွေးထွေးလှကာ လူတွေကို နေ့လည်ခင်း အိပ်ချင်လာအောင် လုပ်နေတော့သည်။

ယွမ်ရိ ကော်ဖီသောက်နေရင်း ဖက်ရှင်မဂ္ဂဇင်းတစ်ခုကို ဖတ်နေလိုက်လေသည်။ သူမ အဓိကဖတ်ဖြစ်တဲ့ အပိုင်းတွေက ပြည်တွင်းပြည်ပ ဖက်ရှင်ရေစီးကြောင်းအကြောင်းနှင့် နောက်ဆုံးပေါ်အလှကုန်အသစ်တွေအကြောင်းပင် ဖြစ်လေသည်။
မဂ္ဂဇင်းတစ်အုပ် ဖတ်ပြီးသွားတာနှင့် ကော်ဖီတစ်ခွက်က ကုန်သွားလေသည်။
ယွမ်ရိ မဂ္ဂဇင်းကို ချလိုက်ကာ ထိုအချိန်၌ပင် အပြင်ကနေ တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

သူမ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ခန့်ထားသည့် ယွမ်ရိ၏ကိုယ်ပိုင်လက်ထောက်ဖြစ်ကာ နာမည်ကတော့ ချန်းနော်နော်ဖြစ်လေသည်။
"မစ်ယွမ်၊ အပြင်မှာ မစ်ဝမ် ရောက်နေပါတယ်။"
ချန်းနော်နော် နောက်ကနေ ဝမ်ရှောင်ပါ ပါလာတာမြင်ရော ယွမ်ရိ အမြန်ထလိုက်ကာ ပြုံးပြီးကြိုဆိုလိုက်သည်။

ယွမ်ရိနဲ့ရှဲ့တုန်းယန်ဆိုတာ သိလာတာနှစ်များစွာကြာပြီမလို့ ဝမ်ရှောင်နဲ့သူငယ်ချင်းပင် ဖြစ်နေသည်အထိပင်။ ယွမ်ရိက ဝမ်ရှောင်ကို ဆိုဖာပေါ်ထိုင်ဖို့ ပြောလိုက်ပြီး ချန်းနော်နော်ကတော့ လက်ဖက်ရည်တစ်ဂျားယူလာကာ ကိတ်မုန့်လေးတွေပါ ယူလာပေးလေသည်။

"စတူဒီယိုထိကို လာခဲ့တာလား?"
ပုံမှန်ဆို ဝမ်ရှောင် ဒီလို နေ့လယ်ဘက်ကြီး ရောက်မလာလောက်ပေမဲ့ သူမလက်ထပ်ပွဲဝတ်စုံအတွက် ယွမ်ရိနှင့် သေချာတိုင်ပင်ချင်သေးတာမလို့ ယွမ်ရိစတူဒီယိုအထိ ရောက်လာတာ ဖြစ်လေသည်။
ယွမ်ရိနောက်ကနေ စတူဒီယိုထဲ ဝင်လာတဲ့ ဝမ်ရှောင်တစ်ယောက် အံ့ဩနေတော့သည်။

အဆိုတော်တစ်ယောက်အနေနှင့် သူမ များပြားလှစွာသော အဝတ်အစားမျိုးစုံကို ဝတ်ဖူးပေမဲ့ ယွမ်ရိစတူဒီယိုထဲမှာ ချိတ်ဆွဲထားသည့် အဝတ်တွေကတော့ တမူထူးကာ တောက်ပနေကြတော့သည်။
ဝမ်ရှောင် စတူဒီယိုထဲ ဝင်လာရင်း ကြောင်ကြည့်နေမိသည်အထိပင်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now