အပိုင်း - ၄၆
ယွမ်ချန်းကွေ့နဲ့လျူရှင်းဟွာတို့ ထွက်သွားကြပေမယ့် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကတော့ ဒေါသတွေ မပြေကြသေးပေ။ ယွမ်ချီကျီက အခန်းထံကို ပြန်ဝင်လာပြီး သူမအဖေနဲ့အမေတို့ ဒေါသတွေထွက်နေသေးတာကို မြင်တော့
"အဖေရော၊ အမေရော စိတ်လျော့လိုက်ပါ။ အဲ့လိုလူအတွက်နဲ့ ဒေါသထွက်ရတာ မတန်ပါဘူး။ စိတ်ကို အေးအေးထားကြပါ"
လို့ ဖျောင်းဖျလိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း အခန်းထဲကို ဝင်လာ၏။သူမတို့က မနက်တုန်းက ရွေးပြီးယူထားသည့် မုန့်တွေကိုပါ တစ်ခါတည်း ယူလာကြသည်။
ထိုမုန့်တွေအား ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချီကျီတို့အား ပေး၍ ဝေမျှစားလိုက်ကြသည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့က ယွမ်ရိကမ်းပေးလာသည့် မုန့်အနည်းငယ်ကို ယူကာ ပါးစပ်အတွင်းထည့်လိုက်သည်။ ချက်ချင်းဘဲ ကောင်းမွန်ချိုမြိန်လှသည့်အရသာဟာ လျှာဖျားရှိ အာရုံခံအဖုလေးတွေ မှတဆင့် တစ်ကိုယ်လုံးကိုပျံ့နှံ့သွား၏။
ဒါ့ကြောင့် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့လည်း ဒေါသတွေ ငြိမ်းသက်သွားကာ စိတ်အေးချမ်းသွားကြတော့သည်။
လျူရှင်းဟွာက သူ့မြေးမလေး နှစ်ယောက်၏လက်ကို ကိုင်ကာ
"ရှောင်ရိ၊ ရှောင်ကျဲ နင်တို့နှစ်ယောက်လုံးက ကျေးလက်မှာဘဲ ကြီးပြင်းခဲ့ကြတာဖြစ်လို့ မြို့ကြီးပြကြီးတွေအကြောင်း ဘာမှသိကြမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဟိုကိုရောက်ရင် ညီအမနှစ်ယောက် ချစ်ချစ်ခင်ခင်နေကြ၊ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြနော်။ ကိုယ့်အပေါ် အန္တရာယ်ဖြစ်စေမယ့် အရာတွေကိုလည်း မလုပ်ရဘူး။ ရှောင်ရိကလည်း ညီမလေးကို ဂရုစိုက်နော်"
ဟု မှာကြား၏။
ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"အဖွားစိတ်မပူပါနဲ့။ သမီး၊ ရှောင်ကျဲကို သေချာဂရုစိုက်ပါ့မယ်"
ထိုအချိန်မှာဘဲ ယွမ်ရိဘေးမှာထိုင်နေသည့် ယွမ်ကျဲ၏ မျက်ဝန်းအိမ်ထဲ မျက်ရည်များပြည့်လာကာ လျူရှင်းဟွာ၏ရင်ခွင်ထဲ ပြေးဖက်လျက် ငိုတော့သည်။ သူမက ငိုယိုနေရင်းဖြင့်
"အဖွား။ သမီး အခု အမတို့နဲ့လိုက်မသွားချင်တော့ဘူး။ အဖွားတို့နဲ့ဘဲ နေချင်တယ်"
ဟု အသံ တုန်တုန်ယင်ယင်လေးဖြင့် ပြောလာသည်။
ယွမ်ကျဲက ထိုသို့ငိုကြွေးနေသဖြင့် ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချီကျီနဲ့ယွမ်ရိတို့လည်း မျက်ရည်တွေ ကိုယ်စီဝိုင်းလာကြ၏။
လျူရှင်းဟွာက သူ့မြေးမလေး၏နောက်ကျောကို ပွတ်သပ်ပေးကာ
"မရူးမိုက်စမ်းပါနဲ့ကွယ်။ မင်းသာ ဒီတောင်ပေါ်မှာဆက်နေရင် ဘာမှဖြစ်ဖြစ်မြောက်မြောက်ရှိမှာမဟုတ်ဘူး။ မင်းအမေကလည်း မင်းကို မြန်မြန်လက်ထပ်ပေးလိမ့်မယ်ကွယ့်။ အဲ့လိုမျိုးတွေဖြစ်လာရင် အဖွား တားဆီးနိုင်မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကမင်းရဲ့မိဘတွေ ဖြစ်နေကြလို့ဘဲ။ ဒါ့ကြောင့် မင်းဦးကြီးတို့နဲ့အတူ လိုက်သွားပါကွယ်။ ဟိုရောက်ရင် မင်းအမရှောင်ရိနဲ့အတူ ပညာကို ကြိုးကြိုးစားစားသင်။ ဟုတ်ပြီလား"
ယွမ်ကျဲက
"ဒါပေမယ့် အဖိုး၊ အဖွားတို့ကို သမီး တကယ်ခွဲမသွားချင်ဘူး"
ထိုစကားကြောင့် အကုန်လုံး စိတ်မကောင်းဖြစ်သွားကြတော့သည်။
'ကလေးရယ်။ ဒီအဖိုးနဲ့အဖွားကရော ငါမြေးတို့ နှစ်ယောက်ကို ခွဲသွားစေချင်တယ် ထင်နေကြတာလားကွယ်'
ယွမ်ရိကလည်း သူမမျက်ဝန်းထဲက မျက်ရည်များကို သုတ်လိုက်ပြီး
"အဖိုး၊ အဖွား သမီးကိုစောင့်နေနော်။ နောင်တချိန် သမီးငွေအများကြီး ရှာနိုင်လာပြီဆိုရင် အိမ်ကြီးအိမ်ကောင်းတစ်လုံးကို ဝယ်မယ်။ ပြီးရင် အဖိုး၊ အဖွားတို့ကို လာခေါ်ပြီး မိသားစုစုံစုံလင်လင်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြတာပေါ့"
ဟု ပြောလိုက်၏။
ယွမ်ကျီကောင်းက
"ရှောင်ရိရယ်။ အဖိုးအတွက် အဲ့တာတွေမလိုပါဘူး။ ငါ့မြေးသာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်။ အဖိုးတို့က ဒီတောင်ပေါ်မှာဘဲ မွေး၊ ဒီတောင်ပေါ်မှာဘဲ ကြီးပြင်းလာရတော့၊ ဒီတောင်ပေါ်မှာဘဲ ခန္ဓာချလို့သေချင်တယ်ကွယ်"
ယွမ်ချီကျီက သူမအဖေ၏စကားတွေကြောင့် ယွမ်ရိနဲ့ယွမ်ကျဲတို့ ပိုပြီးဝမ်းနည်းသွားမှာကို စိုးရွံ့လို့နေ၏။ဒါ့ကြောင့် သူမက
"အဖေကလည်း အဲ့လိုတွေ မပြောပါနဲ့။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ဘူးလေ"
ဟု ဝင်ပြောလိုက်သည်။
ယွမ်ကျီကောင်းကလည်း
"ကောင်းပြီ၊ ကောင်းပြီ။ အဲ့လိုစကားတွေ မပြောတော့ဘူး။ ဟုတ်ပြီလား"
ဟု ကတိပေးလိုက်တော့သည်။
ဒါပေမယ့် လျူရှင်းဟွာမှာတော့ သူမ၏မြေးမနှစ်ယောက်အပေါ်မှာ မှာကြားစရာများရှိနေသေး၍ ရှောင်ရိနဲ့ရှောင်ကျဲအား အခန်းထဲခေါ်သွားတော့သည်။
သူမမှာ ရှောင်ရိနဲ့ရှောင်ကျဲအတွက် ပြောစရာတွေ အများကြီးရှိနေပါသည်။
ယွမ်ရိဟာ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်၏သမီးအရင်းဖြစ်ပေမယ့် သူတို့ဆီမှာကြီးပြင်းလာရတာမဟုတ်ပေ။ ယွမ်ကျဲဟာလည်း တူမတစ်ယောက်သာဖြစ်၏။
ရှောင်ရိနဲ့ရှောင်ကျဲကို အစပိုင်းမှာသာ ဂရုစိုက်မှုတွေပြပြီး နောက်ပိုင်းတွေမှာ လျစ်လျူရှုထားကြမှာကို လျူရှင်းဟွာစိုးရိမ်နေခဲ့၏။ ဒါ့ကြောင့် သူမက ယွမ်ရိနဲ့ယွမ်ကျဲအား မှာစရာရှိတာတွေ၊ ဆုံးမစကားတွေကို ညနေခင်းထိအောင် အချိန်ယူပြီး ပြောပြနေတော့သည်။
ညစာစားကြတဲ့အချိန်မှာတော့ ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချီကျီတို့အပါအဝင် ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့ကပါ မျက်နှာပေါ်တွင် အပြုံးတုများဆင်မြန်းထားကြ၏။ နေ့လယ်ကဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်၏ရှေ့မှာတော့ သူတို့တွေဖုံးကွယ်ထားရဦးမှာဘဲဖြစ်သည်။
ညစာစားပြီးတဲ့နောက်မှာ တစ်မိသားစုလုံး အတူတူစကားလက်စုံပြောကြ၏။ ဒါပေမယ့် လူတိုင်းရဲ့စိတ်ထဲမှာ အတွေးကိုယ်စီရှိနေကြ၍ စကားဝိုင်းလေးဟာ အသက်ဝင်ခြင်းတော့ သိပ်မရှိခဲ့။
ယွမ်ရိကတော့ ညစာစားပြီးကတည်းက အပြင်ကိုထွက်လာခဲ့သည်။ သူမက မိုးပျံမျှော်စင်ဘက်ကို ထွက်လာခဲ့ပြီး လင်းယောင်အား ခေါ်၍ အတူတူလမ်းလျှောက်ထွက်ခဲ့ကြ၏။
ညနေခင်း၏လေပြေလေညင်းလေးအောက်မှာ သူတို့နှစ်ယောက်သာ အချိန်အတော်ကြာအောင် စကားမပြောဘဲ လမ်းလျှောက်ခဲ့ကြသည်။ အချိန်တစ်ခုကြာအောင်လမ်းလျှောက်ပြီးသည့်နောက် ကျောက်တုံးကြီးတစ်တုံးပေါ်မှာထိုင်လိုက်ကာ ပတ်ဝန်းကျင်၏အလှတရာများကို ငေးမောခဲ့ကြ၏။
ယွမ်ရိက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရင်း လင်းယောင်အား
"ယောင်ယောင်လေး။ မနက်ဖြန်ကျရင် ငါ့မိဘတွေနဲ့ငါလိုက်သွားတော့မယ်။ ဒါ့ကြောင့်မို့ နောက်ရက်တွေမှာ နင်နဲ့အတူတူလာဆော့ပေးလို့ မရတော့ဘူး"
ဒါကိုကြားတော့ လင်းယောင် အံ့အားသင့်သွားရပေမယ့် အစတည်းက သူမျှော်လင့်ထားပြီးသား ဖြစ်၍ တုန်လှုပ်သွားတာမျိုးတော့ မရှိချေ။
သူက ပြုံးလိုက်ပြီး
"အဲ့တာကောင်းတာပေါ့ဟ။ နောက်ဆုံးတော့ နင်တို့မိသားစုအတူတူနေရတော့မှာဘဲဟာ"
ဟု ယွမ်ရိအတွက် ဝမ်းသာသောလေသံဖြင့် ပြောလိုက်သည်။
ယွမ်ရိလည်း လင်းယောင်နည်းတူ ပြုံးလိုက်ပြီး
"ဟိုရောက်ရင် နင့်အတွက် စာရေးပို့လိုက်မယ်"
လင်းယောင်ကလည်း
"ငါလည်း နင့်ဆီကို တစ်လတစ်ကြိမ်စာရေးပို့မှာ။ ဟိုကိုရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်။ ကျန်းမာရေးကိုလည်း အလေးထားဦး"
လင်းယောင်၏ မှာကြားချက်များကြောင့် ယွမ်ရိခပ်ဖွဖွလေး ပြုံးလိုက်မိကာ
"ကောင်းပါပြီဟယ်။ ငါကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။ နင့်လည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဦး။ ကောင်းဟိုင်ရန်တို့အုပ်စု လာအနိုင်ကျင့်ခဲ့လို့ရှိရင်လည်း ငါ့ရဲ့ဦးလေးငါးကိုသာ သွားပြော ကြားလား"
လင်းယောင်က
"အင်း"
ဟုသာ အသံပြု၍ ဘေးနားက မြက်ပင်တစ်ပင်ကို လှမ်းခူးလိုက်တော့သည်။
ယွမ်ရိကတော့ ကျောက်တုံးကြီးပေါ်မှာ လှဲချလိုက်ပြီး
"နောက်ဆိုရင် ဒီလိုမျိုး ဖန်းမင်းတောင်ပေါ်က လတ်ဆတ်တဲ့လေကို ရှူရှိုက်ဖို့က ခက်ခဲသွားနိုင်တယ်။ ဒါ့ကြောင့် အခုကတည်းက အဝရှူရှိုက်ထားရမယ်"
လင်းယောင်ကလည်း ယွမ်ရိကိုကြည့်ရင်း ယွမ်ရိဘေးမှာဘဲ လှဲချလိုက်၏။
နှစ်ယောက်သား မျက်လုံးချင်းစုံသွားကာ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြမိလိုက်ကြတော့သည်။
ညနေ မိုးနည်းနည်းချုပ်လာတာနဲ့ ယွမ်ရိဟာ သူမအဝတ်အစားတွေနဲ့ အခြားလိုအပ်တာတွေထုပ်ပိုးရန် ယွမ်ကျဲနဲ့ယွမ်ချီကျီတို့ကို ခေါ်၍ ရွှေသရဖူရွာသို့ သွားခဲ့ကြသည်။ သူမပစ္စည်းတွေအားလုံး ထုပ်ပိုးသိမ်းဆည်းပြီးတာနဲ့ ယွမ်ချီကျီအား အိမ်သော့တွေအကုန်ပေးလိုက်ကာ
"အဒေါ်။ သမီးသွားပြီးတဲ့နောက် အဖိုးနဲ့အဖွားတို့ကို သေချာဂရုစိုက်ပေးပါနော်"
ဟု တောင်းဆိုလိုက်၏။
ယွမ်ချီကျီက သူမ၏တူမလေးအား မျက်ရည်များဝိုင်းလျက်ကြည့်ကာ
"စိတ်မပူပါနဲ့"
ဟု ပြောလိုက်၏။
ယွမ်ရိလည်း သူမ၏ထုပ်ပိုးထားသော အထုပ်အပိုးများကို ငုံ့ကြည့်လိုက်၏။ တဖန် အထုပ်အပိုးတွေဘေးမှာ သပ်သပ်ရပ်ရပ်ထုပ်ထားသည့် စာအုပ်အထုပ်လေးကိုလည်း ကြည့်လိုက်သည်။ စာအုပ်တွေဟာ လွန်ခဲ့သည့် နှစ်,နှစ်တုန်းကလို အကောင်းအတိုင်းကျန်နေသေးကာ စုတ်ပြဲတာမျိုး လုံးဝမရှိခဲ့ပေ။
အခုချိန်မှာ သူမက မိဘတွေနဲ့လိုက်သွားတော့မှာဖြစ်၍ စာအုပ်များကို မူလပိုင်ရှင်ထံပြန်အပ်ရတော့မှာဖြစ်သည်။
နောက်ရက်မနက်ကို ရောက်တဲ့ရောက်တဲ့အခါမှာ သူမက အိပ်ရာကနေစောစောထခဲ့၏။ ထို့နောက် စာအုပ်အထုပ်လေးရယ်၊ မုန့်ထုပ်တချို့ရယ်ကို ယူခဲ့ကာ ဆရာဂျင်၏အိမ်ဘက်ကို ထွက်လာခဲ့သည်။
ဆရာဂျင်၏အိမ်ကို ရောက်တာနဲ့ အိမ်တံခါးကို အသာခေါက်လိုက်သည်။ မကြာခင်မှာဘဲ ဆရာဂျင် အိမ်ထဲကနေ ထွက်လာခဲ့သည်။ ယွမ်ရိလည်း ဆရာဂျင်ထံစာအုပ်များကို ပြန်ပေးလိုက်ရင်း မုန့်များကို လက်ဆောင်အဖြစ်ပေးလိုက်သည်။
သူမက ဆရာဂျင်နဲ့စကားအနည်းငယ်ပြောပြီးသည့်နောက်မှာ ယွမ်အိမ်သို့ ပြန်လာခဲ့တော့သည်။ယွမ်အိမ်ကိုရောက်တဲ့အခါ ယွမ်ကျဲကလည်း သူမအဝတ်အစားတွေကို ထုပ်ပိုးပြင်ဆင်ပြီးသွားပြီဖြစ်သည်။
သူမတို့ဟာ မနက်စာစားပြီးတာနဲ့ ဖန်းယန်ရွာကနေထွက်ခွာကြတော့မှာဘဲဖြစ်သည်။
မနက်စာမစားခင်မှာဘဲ လျူရှင်းဟွာက ယွမ်ရိအား သူမအခန်းထဲခေါ်သွားခဲ့၏။
အခန်းထဲကိုရောက်တာနဲ့ လျူရှင်းဟွာက သူမ၏အဝတ်သေတ္တာအတွင်းမှ အထုပ်တစ်ထုပ်ထုတ်ကာ ယွမ်ရိအားပေးရင်းဖြင့်
"ဒါတွေက လွန်ခဲ့တဲ့ နှစ်,နှစ်အတွင်း မင်းရှာလို့ရထားတဲ့ငွေတွေဘဲ။ ဒါတွေကို အဖွားသိမ်းပေးထားတာ။ ဟိုကိုရောက်ရင် ဒီငွေတွေက ငါ့မြေးအတွက် အသုံးဝင်လာပါလိမ့်မယ်ကွယ်"
ဟု ပြောလိုက်သည်။
ယွမ်ရိက သူမထံပေးလာသည့် ငွေတွေကို အဖွားထံပြန်တိုးပေးကာ
"အဖွားရယ်။ သမီးအတွက်မလိုပါဘူး။ အဖွားသုံးဖို့အတွက်ဘဲ သိမ်းထားလိုက်ပါ"
ဓါပေမယ့် လျူရှင်းဟွာက ခေါင်းတခါခါဖြင့်
"ငါ့မြေးရယ်။ အဖွားတို့တောင်ပေါ်မှာက ငွေသုံးဖို့လိုတဲ့နေရာ သိပ်မရှိဘူးကွယ့်။ ပြီးတော့ မင်းရဲ့ဦးလေးငါးကလည်း အိမ်ထောင်ပြုပြီးသွားပြီ။ ဒါ့ကြောင့်မို့ အိမ်မှာခြွေတာနေစရာမလိုတော့ဘူး။ ပြီးတော့ မင်းရဲ့တတိယအဒေါ်ကလည်း စက်ချုပ်ပြီး ဝင်ငွေအများကြီးရှာနိုင်နေပါပြီကွယ်။ မင်းတို့သွားမယ့် မြို့ပေါ်မှာသာ ငွေမရှိရင် ဘာမှလုပ်မရတာကွယ့်။ ဟိုကိုရောက်ရင် ကိုယ့်မှာ ငွေတွေရှိတာကို ဘယ်သူ့ကိုမှလဲ ပြောပြမနေနဲ့ဦးနော်"
ယွမ်ရိလည်း ထပ်ငြင်းနေလို့ မကောင်းတော့၍ ငွေတွေကို ယူလိုက်ကာ
"ဟုတ်ကဲ့ပါ။ အဖွား"
ဟု ပြောလိုက်တော့သည်။
လျူရှင်းဟွာက ထိုအခါကျမှာ ခေါင်းတညိတ်ညိတ်ဖြင့်
"ကောင်းပါပြီကွယ်။ ဟိုကိုရောက်သွားရင် အဖွားတို့ဆီ မကြာခဏစာရေးဖို့ မမေ့နဲ့နော်"
"ဟုတ်ကဲ့ပါအဖွား"
ယွမ်ကျဲက ခေါင်းတညိတ်ညိတ်ဖြင့် ပြောရင်း မျက်ရည်များဝိုင်းလာပြန်၏။
နောက်ဆုံးမှာတော့ သူတို့မိသားစုလေးဟာ မနက်စာစားခဲ့ကြ၏။ မနက်စာစားပြီးတာနဲ့ ခွဲခွာဖို့ အချိန်ကျရောက်လာတော့သည်။
ယွမ်ချန်းဖူနဲ့ယွမ်ချန်းကွေ့တို့မိသားစုကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံး တငိုငိုဖြစ်နေကြတော့သည်။ ချန်ခွန်းသည်လည်း ယွမ်အိမ်သားတွေနဲ့မရင်းနှီးသေးပေမယ့် လူတိုင်းနီးပါးငိုနေကြ၍ သူမထံသို့ပါ ဝမ်းနည်းစိတ်များကူးစက်လာကာ မျက်ရည်စီးကျလာတော့သည်။
ယွမ်ချန်းရှန်က သူ့တူမနှစ်ယောက်အား ပွေ့ဖက်လျက်
"မြို့ပေါ်ကို ရောက်သွားရင် ဦးလေးဆီကိုလည်း စာရေးကြဦးနော်။ မဟုတ်လို့ကတော့ မြို့ပေါ်ထိဦးလေးကိုယ်တိုင် လာရိုက်မှာဗျ"
ဟု ဟာသလေးနှော၍ ဝမ်းနည်းစရာလေထုအား ပပျောက်အောင် လုပ်ဆောင်လိုက်၏။
ယွမ်ရိက
"စိတ်ချပါ။ ဦးလေးဆီကိုလည်း စာရေးဖို့ မမေ့ပါဘူး"
ဟု ပြောလိုက်၏။
အားရအောင် နှုတ်ဆက်စကားများပြောပြီးတာနဲ့ ယွမ်ရိတို့လည်း ယွမ်အိမ်ကနေ ထွက်လာခဲ့ကြတော့သည်။
ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချီကျီနဲ့ယွမ်ချန်းကွေ့တို့မိသားစုဟာ ယွမ်ချန်းဖူတို့လူစု ဟိုးအဝေးကို မှုန်ဝါးပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေခဲ့ကြသည်။
ယွမ်ချန်းဖူတို့ပျောက်ကွယ်သွားတာနဲ့ ဟန်ဆောင်ထားသော မျက်နှာဖုံးများ ကွာကျကုန်တော့သည်။
ဆန်းရှောင်ဟိုင်က မကျေမနပ်ဖြစ်နေသောလေသံဖြင့်
"အဲ့ဒီယွမ်ရိဆိုတဲ့ကောင်မလေးကလေ သွားမှာဖြင့် ကိုယ့်ဘာသာကိုယ်သွားတာမဟုတ်ဘူး။ ယွမ်ကျဲကိုတောင်မှ အဆစ်ခေါ်သွားလိုက်သေးတယ်"
ဟုညရေရွတ်လိုက်၏။
ထိုရေရွတ်သံကြောင့် လျူရှင်းဟွာက ဆန်းရှောင်ဟိုင်အား စိုက်ကြည့်ကာ
"ဆန်းရှောင်ဟိုင်။ နင်စကားမပြောဘဲ တိတ်တိတ်လေးနေလည်း နင်ပါးစပ်ပါမှန်း လူတိုင်းသိတယ်"
ဟု ပြောကာ မာန်မဲလိုက်၏။
ဆန်းရှောင်ဟိုင်လည်း လျူရှင်းဟွာ၏မာန်မဲစကားကြောင့် တိတ်ဆိတ်သွားတော့သည်။ ထို့နောက် သူမက ဒေါသတကြီး ခြေကို ဆောင့်လျက် သူမတို့အိမ်ဘက်ကို ပြန်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ သူမတို့၏အဝတ်အိတ်တွေအပြင် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့၏ အဝတ်အိတ်တွေကိုပါ သယ်လျက်။ ယွမ်ချန်းဖူတို့နောက်ကနေ အမှီလိုက်နေခဲ့၏။
သူမတို့ဟာ ယွမ်ချန်းဖူတို့ဖြင့် သိပ်မရင်းနှီးတာမို့ အရောတဝင်သိပ်မနေဘဲ ညီအမနှစ်ယောက် နောက်ကနေဘဲ လိုက်လာကြခြင်းပင်။ ဖန်းရှုံးယန်က အတူတူသွားဖို့ ခေါ်ပေမယ့် သူမတို့နှစ်ယောက်က နောက်ကနေဘဲလိုက်လိုကြောင်း ပြန်ပြောခဲ့ကြသည်။
ထို့နောက် သူမတို့ဟာ ဖန်းယန်ရွာ၏ နယ်နိမိတ်အတွင်းမှ လျင်မြန်စွာဖြင့် ထွက်လာခဲ့ကြတော့သည်။
ယွမ်ဟောင်ဘင်းဟာ ယွမ်ချန်းဖူ၏ ကျောပေါ်မှာလိုက်ပါရင်းဖြင့် လမ်းခရီးတစ်လျှောက် ဟိုကြည့်ဒီကြည့်လုပ်နေခဲ့၏။ ထိုအချိန်မှာဘဲ သူက မလှမ်းမကမ်းကနေ လူတစ်ယောက် သူတို့နောက်လိုက်နေတာကို သတိထားမိလိုက်၏။
ဒါ့ကြောင့် ယွမ်ချန်းဖူအား
"အဖေ။ သားတို့နောက်ကို တစ်ယောက်ယောက်လိုပ်လာနေတယ်"
လို့ ပြောလိုက်၏။
ထိုစကားကြောင့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့လည်း သွားလာနေတာကိုရပ်တန့်၍ ယွမ်ဘောင်ဘင်းညွှန်ပြရာကို ကြည့်လိုက်ကြ၏။ ထိုအခါ မနီးမဝေးနေရာတစ်ခုမှာ ရပ်နေသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ကြသည်။
ဒါပေမဲ့ ထိုကောင်လေးကို သူတို့မသိတာမို့ ရှေ့ကိုခရီးဆက်ကြဖို့ ပြင်လိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း နောက်ကိုလှည့်ကြည့်မိလိုက်ကြသည်။ ယွမ်ရိရော၊ ယွမ်ကျဲပါ ထိုကောင်လေးကိုမြင်တာနဲ့ အံ့အားသင့်သွားကြ၏။
ယွမ်ကျဲက
"အမ။ အဲ့တာ လင်းယောင်မလား"
ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး သူမသယ်လာသည့် အဝတ်ထုပ်အား ယွမ်ကျဲကို ပေးလိုက်သည်။ ထို့နောက် လင်းယောင်ထံ ပြေးသွားလိုက်၏။
လင်းယောင်ကလည်း သူမ ပြေးလာတာကို မြင်လိုက်ရ၍ သူကလည်း သူမထံပြေးလာတော့သည်။ သူမအနီးကို ရောက်တာနဲ့ အသက်ကို အမောတကော ရှူလိုက်ပြီး
"ငါမင်းကို တွေ့ချင်သေးလို့ လိုက်လာတာ"
ဟု ပြောလိုက်၏။
ထို့နောက် သူ့လည်ပင်းမှာဆွဲထားသည့် အိတ်ဆောင်နာရီလေးကို ချွတ်ကာ ယွမ်ရိထံပေးလိုက်ပြီး
"ဒါလေးကို ငါငယ်ငယ်တုန်းက ငါ့အဖိုးပေးထားတာ။ အခုနင့်ကိုပေးလိုက်မယ်"
ယွမ်ရိလည်း ထိုအိတ်ဆောင်နာရီလေးကို ယူလိုက်၏။ နာရီလေး၏နောက်ကျောဘက်မှာ 'မျဉ်း'ဟု စာလုံးရေးထိုးထားတာကို သူတွေ့လိုက်ရသည်။
လင်းယောင်က
"ဟိုကိုရောက်ရင် ငါ့ဆီကို မကြာမကြာစာရေးဦး။ ငါလည်း နင့်ဆီကို မကြာ၊ မကြာစာရေးမယ်"
ဟု ပြောလိုက်၏။ ထိုသို့ပြောနေသည့် လေသံထဲမှာ ဝမ်းနည်းရိပ်တွေ ယှက်သန်းလို့နေ၏။
ယွမ်ရိဟာလည်း မျက်ရည်များဝိုင်းလျက်
"ကောင်းပါပြီဟာ။ ငါနင့်ဆီကို မကြာခဏ စာရေးပါ့မယ်။ နင်လည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်။ ငါလည်း သွားတော့မယ်"
ဟု ပြန်ပြောလိုက်၏။
ထိုသို့ပြောပြီးတာနဲ့ ယွမ်ရိလည်း ထိုနေရာကနေ လှည့်ထွက်ခဲ့တော့သည်။ ပုလဲလုံးများကဲ့သို့ မျက်ရည်ပေါက်ကလေးတချို့ကတော့ မြေပြင်ပေါ် ခစားသွားလျက်။
နှုတ်ဆက်ခဲ့ပါတယ်၊ ယောင်ယောင်လေး။