အပိုင်း - ၁၁၆.၂
ရာသီဥတုက ပိုပူလာလေပြီ။ ယွမ်ချူးယန်အနောက်နေ အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ကာ ဖြေပေးလိုက်သည်။ "အိုခေ၊ ကျေးဇူးပါ။"
သူမ ဒီနှစ်နွေရာသီမှာပဲ ပြည်ပက ကောလိပ်မှာ စာသင်နှစ်ပြီးကာ ဘွဲ့ပါရလာခဲ့ပြီး နွေရာသီ ၂ လခန့်ကို အိမ်မှာပဲ အပန်းဖြေခဲ့လေသည်။
နောက်တစ်ကြိမ် နိုင်ငံခြားကို သွားရမှာမလို့ အခုယွမ်ရိတို့ကို နှုတ်ဆက်ဖို့ လာခြင်းဖြစ်လေသည်။
ကားဆရာက ကုမ္ပဏီဆီ မောင်းလာလေသည်။ ချန်းနော်နော်နောက်ကနေ လိုက်လာရင်း ယွမ်ရိရုံးခန်းထဲမှာ ခဏထိုင်ကာ အနားယူနေလိုက်လေသည်။ ချန်းနော်နော်က သူမအတွက် ကော်ဖီအေးတစ်ခွက်ယူလာပေးကာ အတန်ကြာစကားပြောနေပေးလေသည်။
ပထမထပ် အစည်းအဝေးခန်းထဲ၌
"အိမ်ခြံမြေပိုင်ဆိုင်ခွင့်ကို ကျွန်တော်တို့ မှတ်တမ်း တင်ပြီးသွားပြီးတော့ အခုဆို ရောင်းချခွင့်လိုင်စင်ပါရလာပြီ။ နောက်ထပ် ရောင်းဈေးလည်း ကြေညာတော့မယ်။ ဖိုင်ထဲကဈေးကတော့ တစ်စတုရန်းမီတာကို ၂၀၀၀ ယွမ်နဲ့ပဲ ပြောထားပေမဲ့ ရောင်းဈေးကတော့ ကျွန်တော်တို့ ၁၈၈၁ ယွမ်နဲ့ပဲရောင်းဖို့လုပ်ထားတယ်။ ဘဏ်နဲ့ဆက်စပ်လုပ်ထားတာကလည်း ဆွေးနွေးပြီးပြီဆိုတော့ ဘဏ်ဘက်ကတောင်းဆိုတာတွေသာ ပြည့်မှီတယ်ဆိုရင် အိမ်ကအေးဆေးဝယ်လို့ရပြီ ပြောရမယ်။"
ယွမ်ရိ ခေါင်းညိတ်လိုက်ကာ
"ဒါဆို စဖွင့်မယ့်နေ့ရယ်၊ အဲ့နေ့လုပ်မယ့် အစီအစဉ်တွေရယ်နဲ့ ကြော်ငြာခတွေအတွက် ကုန်မယ့်ပိုက်ဆံကိုတွက်ထားလိုက်ပြီးရင် ကျွန်မတို့လက်ကမ်းစာစောင်ဝေဖို့ လူရှာပြီး ကျန်တာနောက်ပိုင်း အိမ်တွေ ဆက်ရောင်းလို့ရပြီပဲ။"
"အိုခေ၊ ဒါဆိုစဖွင့်မယ့်နေ့ကိုပဲ အရင်သတ်မှတ်လိုက်ကြတာပေါ့။"
...
အစည်းအဝေးပြီးတာနဲ့ သုံးထပ်မြောက်က ရုံးခန်းကိုပဲ ပြန်လာလိုက်လေသည်။ ချန်းနော်နော်နဲ့ ယွမ်ချူးယန်တို့ကတော့ စကားပြောနေကြတုန်းပင်။
ယွမ်ရိ လာတာမြင်တာနှင့် နှစ်ယောက်လုံးအမြန်ထကာ ပြုံးပြီးနှုတ်ဆက်လာလေသည်။ "အစည်းအဝေး ပြီးသွားပြီလား?"
ယွမ်ရိ ယွမ်ချူးယန်ကို ထိုင်ဖို့ အမူအရာပြလိုက်ကာ၊ သူပါ ဆိုဖာပေါ် ထိုင်ချလိုက်လေသည်။ "အိမ်တွေရောင်းဖို့ အစည်းအဝေးတစ်ခုလုပ်စရာ ရှိနေတာနဲ့လေ။"
"မမက တော်လိုက်တာ။ အဝတ်အစားနယ်ပယ်ဘက်မှာလည်း အောင်မြင်နေတာကိုတောင်ကိုမှ အခုဆို အိမ်ခြံမြေဘက်ပါ နယ်ချဲ့လိုက်သေးတယ်။"
ယွမ်ရိက ရယ်လိုက်ကာ
"ပုံမှန်လေးပါဘဲဟယ်"
စီးပွားရေးအကြောင်း အတန်ကြာ ပြောနေကြရင်း ယွမ်ရိက စကားလမ်းကြောင်းလွှဲလိုက်ကာ
"ဒါနဲ့ ဘယ်တော့ပြန်မှာလဲ?"
"နောက်တစ်ရက်လောက်နေရင် ပြန်ဖြစ်လောက်မယ်ထင်တယ်။ ညီမလေးက ဒီမှာမမကို နှစ်ရက်လောက်ရှုပ်မလို့ ဟီး။"
"နှစ်ရက်လောက်ပဲ နေမှာလား။ ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ"
ယွမ်ရိက သူ့ညီမကို ပြန်မေးလိုက်သည်။
"မမက အမြဲ အလုပ်ရှုပ်နေတာကို။ မမကို အရမ်းရှုပ်မိမှာစိုးလို့"
ယွမ်ရိ သူ့ရှေက ခွက်ကိုကောက်ကိုင်လိုက်ရင်း တစ်ဖက်က စုတ်တံအဖြူရောင်လေးနဲ့ သူမမျက်နှာကို လာပွတ်ကာစလေသည်။
"နင့်မမကြီးက ဒီလောက်တော့ အားပါသေးတယ်နော်။"
အပြင်မှာ အတော်မှောင်နေတာမလို့ ယွမ်ချူးယန်ကို အိမ်အရင်ပို့ပေးဖို့ ပြင်ရလေသည်။ သူမ အိမ်ပြန်ရောက်တာနဲ့ အခန်းရှင်းကာ အိမ်ရာပြင်ပေးလိုက်ရင်း လင်းယောင်ပြန်လာဖို့ကိုသာ သူ့ညီမလေးနဲ့အတူတူ စောင့်နေလိုက်လေသည်။
ယွမ်ရိတို့အိမ်မှာ ယွမ်ချူးယန်လည်း ရှိနေတာမလို့ ယွမ်ချီကျီပါ တစ်ခါတည်းရောက်လာကာ သူကလည်း ယွမ်ချန်းရှန်နဲ့ယွမ်ကျဲတို့ပါ ခေါ်လာလိုက်လေသည်။
တစ်မိသားစုလုံး ခြံဝင်းထဲစုနေကြကာ ညစာစားချိန်လေးကတော့ တက်ကြွနေတော့သည်။
အဆူညံဆုံးကတော့ ယွမ်တပေါင်၊ ယွမ်ယွဲ့နဲ့ချန်းရှူတို့ဖြစ်ကာ ထိုအကောင်ပေါက်လေးသုံးကောင်က ခြံဝင်းကျယ်ကြီးထဲ ဟိုဟိုဒီဒီ ပြေးလွှားနေကြလေသည်။
ယွမ်ချူးယန် နိုင်ငံခြားထွက်ကာ ပညာသွားသင်မယ့်အကြောင်းပြောကြရင်း ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့က သက်ပြင်းချကာ ပြောလာလေသည်။
"ဒီစကားတွေ မပြောချင်ပေမယ့် ငါတို့ဖြင့် နင်တို့ကလေးတွေကို နားကိုမလည်ဘူး။ ဒီနေ့ခေတ်ကလေးတွေများ ဖြစ်ချင်စိတ်တွေများလိုက်တာ။"
"ဒီလမ်းထဲက လူတွေပြောတာတော့ တော်တော်များများက နိုင်ငံခြားထွက်ပြီးတာနဲ့ ပြန်မလာကြတာများတယ်တဲ့။ နိုင်ငံခြားနိုင်ငံတွေမှာက အကုန်ကောင်းတယ်ဆိုပဲ။ ငါတို့ကတော့ ဘယ်လောက်ထိကောင်းလဲ မမှန်းတတ်ပေမဲ့ ချူးယန် သမီးရော ပြန်လာဦးမှာလား?"
"ဖိုးဖိုးနဲ့ဖွားဖွား သမီးက ဒီအတိုင်း စာသွားလေ့လာရုံပါပဲ။ ပြန်လာမှာပါ စိတ်ချ။"
"ပြန်လာရင်လာ မလာရင်တော့ အိမ်မှာပဲနေတော့။"
နောက်တစ်ရက်ထိ ယွမ်ချူးယန်တစ်ယောက် ဖိုးဖိုးနဲ့ဖွားဖွားကို အဖော်ပြုပြီးနေသွားကာ သုံးရက်မြောက်နေ့ မနက်ခင်းမှာတော့ ယွမ်ရိကားနဲ့ လေဆိပ်သို့ သွားလေတော့သည်။
ယွမ်ရိကိုယ်တိုင် သူ့ညီမလေးကို လေဆိပ်ဆီ မောင်းပို့ကာ လုံခြုံရေးစစ်ဆေးဂိတ်ဆီ မရောက်ခင်အထိကို ကြည့်ပေးခဲ့လေသည်။
နောက်ပိုင်းမှာတော ယွမ်ရိ သူမအချိန်တွေကို အိမ်ခြံမြေလုပ်ငန်းဘက် အာရုံစိုက်လိုက်ကာ ဖွင့်ပွဲအတွက် အစီအစဉ်ဆွဲတာတွေ၊ ဆိုက်ရဲ့အပြင်အဆင်တွေကို သေချာအောင်ကြည့်ထားလိုက်လေသည်။
ဒါမှသာ သူမဖွင့်ပွဲနေ့ကျ သေချာညွှန်ကြားနိုင်မှာပင်။
ဖွင့်ပွဲမတိုင်ခင်နေ့မှာတော့ ပြင်ဆင်ထားတာတွေအကုန် ပြီးလုနီးနီးပင်။
ပရောဂျက်က ပြီးသွားတာတောင်မှ ရှဲ့သုန့်ရန်တစ်ယောက် ညအိပ်မပျော်သည့်ဒဏ်ကို ခံနေရတုန်းပင်။ အချိန်အကြာကြီး အလုပ်လုပ်ပြီးတဲ့အခါမှာတော့ မနက်ဖြန်ဆို ရလဒ်ကို တွေ့ရမှာမလို့ သူ မကြောက်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။
သူ အိပ်လည်းမပျော်တာကြောင့် သူ့မိန်းမဝမ်ရှောင်နှင့်အတူ လရောင်အောက်မှာ ဝိုင်သောက်ကာသာ နေလိုက်ကြလေသည်။
ဝမ်ရှောင့်ခမျာ အိပ်ချင်မူးတူးမျက်နှာလေးနှင့်ကြည့်ကာ ပြောလာလေသည်။
"စိတ်ပူမနေပါနဲ့ အချစ်ရယ်။ သေချာပေါက် ရောင်းထွက်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ဆိုတာမျိုးက သက်တမ်းကုန်သွားလို့ စားမရတော့ဘူးဆိုတာမျိုးလည်း မဟုတ်တာကို။"
"ထားပါ....ကိုယ့်ကို ဆုတောင်းပေးပါဦး...မနက်ဖြန် အကြီးကြီး အဆင်ပြေပါစေလို့။"
ဝမ်ရှောင် ခွက်ကို မြှောက်လိုက်ကာ တစ်ချက်တိုက်လိုက်ရင်း "မနက်ဖြန်အတွက်။"
အိပ်ချင်လာအောင် ဝိုင်သောက်လိုက်ကာမှ သူအနည်းငယ်အိပ်ပျော်သွားလေတော့သည်။
သူ့ခေါင်းထဲမှာ တစ်ခုခုရှိနေတာကြောင့်ထင်သည် သူနှိုးစက်အသံကြားတာနှင့် ဆတ်ခနဲထကာ မုတ်ဆိတ်မွေးရိတ်စရာရှိတာရိတ်၊ မျက်နှာသစ် သွားတိုက်ပြီး အဝတ်အစားကိုပါ တန်းလဲပစ်လိုက်တော့သည်အထိပင်။
ထို့နောက်မှာတော့ မနက်စာ စားပြီးတာနဲ့ သူ့လိုပင် ခမ်းနားစွာဝတ်စားဆင်ယင်ထားသည့် ဝမ်ရှောင်ကိုပါ ခေါ်လာရင်း ရုံးခန်းသို့ ထွက်လာလိုက်လေသည်။
အသွားမှာကတည်းက စိတ်လှုပ်ရှားနေပေမဲ့ ကားထဲကနေထွက်ထွက်ချင်း ကြောင်သွားကာ သူမသိလိုက်ပဲ နှစ်ပေါင်းများစွာ မပြောဖြစ်ခဲ့တဲ့ ရိုင်းစိုင်းသည့်စကားကပါ ထွက်လာတော့သည်။ "ဟဲ့ သောက်ခွေး!"
ရှေ့ခုံမှာပဲ ထိုင်နေသည့် ဝမ်ရှောင်ပါ သူမနေကာမျက်မှန်ကို ချွတ်ကာ ပြောလာလေသည်။ "ဘုရားရေ....ဒီ..ဒီလောက်တောင် လူတွေက။"
အခုထိ ပွဲကမစသေးပေ။ ဒါကို ဒီလူအုပ်ကြီးက ဘယ်က ရောက်လာတာပါလိမ့်? အိမ်မရောင်းရမှာလည်း တွေးမပူအားတော့ပေ။ ဒီရှေ့က လူအုပ်နဲ့သာဆို ရောင်းဖို့ အိမ်မလောက်မှာကိုသာ တွေးပူရဖို့ရှိတော့သည်။
"ဒါ အချစ်တို့ပေးထားတဲ့ ယုံကြည်မှုတွေကြောင့်တော့ မဟုတ်ပါဘူးနော်?"
ရှဲ့သုန့်ရန် အခုမှ သတိပြန်ဝင်လာကာ မာနတခွဲသားဖြင့် ပြောလာလေသည်။ "တောင်းပန်ပါရစေ၊ ကျွန်တော်တို့ အခုထိ ငွေကို အဲ့ဘက်မသုံးရသေးပါဘူးနော်။"
ပြောပြီးပြီးချင်း ကားတံခါးဖွင့်ပေးလိုက်ကာ ပြောလာလေသည်။ "ကဲ ကားထဲကနေ အရင်ဆုံးထွက်ကြရအောင်။"
ဝမ်ရှောင် သူမနေကာမျက်မှန်ကို ပြန်တပ်လိုက်ကာ ကားထဲကနေ သူနဲ့အတူတူ ရုံးခန်းဆီသို့ ထွက်လာခဲ့လိုက်လေသည်။
ယွမ်ရိက သူတို့ထက်ပင် ရုံးခန်းထဲ ကြိုရောက်နေသေးသည်။
နှစ်ယောက်သားကို မြင်တာနှင့် "ကဲ ဘယ်လိုလဲ? ကြောက်နေကြတုန်းလား?"
"ငါကတော့ လုံးဝ မကြောက်ပါဘူးနော်။"
"ညက အိပ်မပျော်တာ ဘယ်သူပါလိမ့်?"
ယွမ်ရိပါ လိုက်ရယ်လိုက်လေသည်။
ဖွင့်ပွဲအတွက် အစီအစဉ်ချတာကလည်း အရေးကြီးတာကြောင့် ပွဲကြေညာသူကို သေချာဖိတ်ထားကာ ထိုနေရာမှာပဲ သတင်းစာရှင်းလင်းပွဲနှင့်အတူ အစီအစဉ်တွေကို တစ်ပါတည်းလုပ်သွားမှာ ဖြစ်လေသည်။
သို့သော်လည်း အိမ်ဝယ်ဖို့ လာတဲ့လူတွေကတော့ ဒါတွေဘက် စိတ်မဝင်စားကြပေ။ အတော်များများက ဒီအိမ်တွေ ဈေးကွက်ထဲမရောက်ခင်ကတည်းက စောင့်နေရတာဖြစ်ပြီး နောက်ဆုံး တကယ်ဝယ်လို့ရမည့်နေ့က ရောက်လာခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် စရောင်းပြီဆိုကတည်းက ကျော်ကြားလာတော့သည်။
တစ်နာရီအကြာ၌ အိမ်ခြံမြေ ကုမ္ပဏီတစ်ခု၏ အတွင်းမှ သူဌေးက လက်ထောက်သူဌေးအား ပြောလာလေသည်။ "ဒါနဲ့ ဒီနေ့က ရှီးယန်ရဲ့ဖွင့်ပွဲနေ့လား?"
"ဟုတ်ကဲ့၊ ဒီနေ့ပါ။ တစ်ချက်လောက် သွားပြီး ကြည့်ဦးမလားဗျ။"
"ဒါပေါ့၊ ငါ သွားကြည့်ရမှာပေါ့။ စောင့်နေတာ တစ်နှစ်တောင် မကတော့တာကို။ သူတို့ မနှစ်ကပဲ ဒီမြေကို အဲ့လောက် ဈေးကြီးပေးဝယ်ထားတာလေ။ ဒါ သူတို့အတွက် တန်လားမတန်လား သွားကြည့်ရမှာပေါ့။"
ထို့နောက်မှာတော့ ခုံကနေထကာ လက်ထောက်သူဌေးနဲ့အတူ ရုံးခန်းထဲကနေ ထွက်လာကြလေသည်။
"ကျွန်တော် အဲ့ကို တခြားသူတစ်ယောက် အရင်လွှတ်ထားပါတယ်။"
သူပြောလို့မဆုံးခင်မှာပင် သူလွှတ်ထားတယ်ဆိုတဲ့လူက သူတို့ရှေ့မှာ ချွေးတွေစိုကာ မောပန်းနေတဲ့ပုံနှင့် ပေါ်လာလေတော့သည်။
သူတို့ဆီအမောတကော ပြေးလာတာကြည့်ကာ မေးလိုက်လေသည်။ "အဲ့မှာ အခြေအနေ ဘယ်လိုတုန်း? ငါတို့ အခုပဲ သွားကြည့်တော့မလို့။"
"မသွား....မသွားပါနဲ့တော့....အဲ့ဒါ....အဲ့မှာ အခုအကုန်...ရောင်းထွက်ကုန်ပြီ။"
"အာ"
နာရီကို တစ်ချက်ကြည့်လိုက်ကာ "စရောင်းတာဘယ်လောက်ကြာသေးလို့တုန်း? အခုကတည်းက ကုန်ပြီလား?"
"တစ်နာရီနဲ့ အကုန် ရောင်းထွက်ကုန်တာပါခင်ဗျ။"
သူဌေး စတင် တုန်လှုပ်လာတော့သည်။
"တ...တစ်နာရီနဲ့?"
တစ်ဖက်ကလူက ခေါင်းညိတ်ပြလာကာ
"တကယ်တော့...တစ်နာရီဆိုပြီးတောင်...ပြောလို့မရဘူး။"
သူဌေးနဲ့လက်ထောက်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြကာ
"ဘုရားရေ!!"
ဟု အလန့်တကြား ရေရွတ်လိုက်မိကြတော့သည်။