စစ်ဧကရာဇ်(Chapter:1326)
(နှစ်ကြိမ်မြောက်လုပ်ကြံရန် ကြိုးစားခြင်း)
..........................................................
စစ်ကမ်းပါးပတ်လည် ရှိနေသူအားလုံးလည်း လီကွမ်ရီကို ထိုးဖောက်သွားသည့် အလင်းတန်းအား မြင်လိုက်ကြရ၏။ အားလုံး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြရသည်။ ကျင့်ကြံသူ အများစုမှာ အသက်ရှုသံတွေ ရပ်တန့်သွားကြရ၏။ တစ်ကိုယ်လုံး ချွေးစေးတွေဖြင့် စိုရွှဲလာကြရ၏။ ထို့ပြင် သူတို့၏ လည်ပင်းတွေ တင်းတင်းကျပ်ကျပ် အညစ်ခံထားရသလို ခံစားနေကြရသည်။လျှိုရူယန်နှင့် ကျိုးကျန့်ရှစ်တို့ပင်လျှင် နှလုံးသားတွေ ပြင်ပသို့ ခုန်ထွက်လုမတတ် ဖြစ်သွားကြရ၏။
တော်ဝင်တောင်ကြားကို အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည့် လီကွမ်ရီ၏ အင်အားကို မည်သူမှ သံသယ မရှိကြပေ။ အားလုံး၏ အမြင်၌ လီကွမ်ရီသည် ကြီးကျယ်ခမ်းနားသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့သော် ယခုတော့ မထင်မှတ်ဘဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပေပြီ။ မထင်ထားသည့်အချိန်၌ အနီးကပ် လုပ်ကြံခံရခြင်းဖြစ်၍ ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ပေ။
အလင်းတန်းက လီကွမ်ရီ၏ ကျောကို ထိုးဖောက်သွားပြီးနောက် လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုသူကား အခြားမဟုတ်ပေ။ နာမည်ကျော် ကြေးစားလူသတ်သမား စစ်မာယွီကျန့်ပင်တည်း။
ကမ်းပါးပေါ်၌ စစ်မာယွီကျန့် ရှိနေမည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ လျှိုရူယန်နှင့် ကျိုးကျန့်ရှစ်တို့လို ထက်မြက်သူတွေပင် ရိပ်မိခဲ့ခြင်း မရှိချေ။
စစ်မာယွီကျန့်၏ လုပ်ကြံသတ်ဖြတ်သည့် အရည်အသွေးကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ယခုလို လူတွေ ဝိုင်းအုံနေသည့်ကြား ပုန်းအောင်းနေဖို့ဆိုသည်မှာ မလွယ်ရေးချ မလွယ်ချေ။ ထို့ပြင် အားလုံး သတိမမူမိသည့်အချိန်၌ လီကွမ်ရီကို ချိန်သားကိုက် လုပ်ကြံခဲ့သည့် အရည်အချင်းကိုလည်း အထင်သေးလို့ မရပေ။ လီကွမ်ရီကို လုပ်ကြံခြင်းသည် အခြေအနေအရ စက္ကန့်ပိုင်းမျှပင် လွဲချော်လို့ မရပေ။
သို့သော် စစ်မာယွီကျန့်မှာ တစ်ခုခု လွဲချော်နေသလို ခံစားလိုက်မိသည်။ သူမ၏ ဓားသည် လီကွမ်ရီကို အသေအချာ ထိုးဖောက်နိုင်ခဲ့သည်။ သို့သော် ထူးဆန်းစွာပင် လီကွမ်ရီ၏ ကိုယ်ပေါ်၌ သွေးထွက်သံယို ဖြစ်နေခြင်း မရှိသလို လဲကျသွားခြင်းလည်း မရှိချေ။ ယခင်အတိုင်း မားမားမတ်မတ် ရပ်လျက်သာ ရှိနေသေး၏။
BẠN ĐANG ĐỌC
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
Phiêu lưuReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...