စစ်ဧကရာဇ်(Chapter:1706)
(ကောင်းကင်စွမ်းအား ဖွဲ့စည်းခြင်း)
................................................
အင်မော်တယ်မိစ္ဆာဂူ၌ လီကွမ်ရီရှိနေစဥ်အတွင်း ကမ္ဘာကိုးခုလုံးတွင် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်အချို့ကြောင့် အားလုံး စိတ်လှုပ်ရှားနေကြရသည်။ရုတ်တရက်ထွက်ပေါ်လာသော ကောင်းကင်စွမ်းအားကို ကမ္ဘာကိုးခု၏ မည်သည့်နေရာကမဆို မြင်တွေ့ကြရသည်။ အားလုံးမှာ မျိုးဆက်တစ်ခု၌ တစ်ကြိမ်သာထွက်ပေါ်သော ကောင်းကင်စွမ်းအားကိုကြည့်ပြီး ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာခဲ့ကြ၏။
ယခင်နေ့ရက်များကတည်းက ဖြစ်ပေါ်နေသည့် နဂါးပုံသဏ္ဍာန်၊ ဖီးနစ်၊ နတ်ဘုရားနှင့် အခြားသော နတ်သားရဲပုံရိပ်များက နောက်ဆုံးမှာတော့ ဝဲဂရက်ကြီးတစ်ခုအသွင် ပေါင်းစပ်စုဖွဲ့သွားပြီး ခမ်းနားသော အသွင်သဏ္ဍာန်တစ်ခုအဖြစ် ပုံပေါ်လာလေသည်။ လူတိုင်းက ထိုမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်စိတ်လှုပ်ရှားနေကြသလို လက်ရှိမျိုးဆက်၏ ကောင်းကင်စွမ်းအား ပိုင်ရှင်ကိုလည်း တွေ့မြင်ရဖို့ မစောင့်နိုင်အောင် ဖြစ်နေကြရတော့သည်။
"ဒီမြင်ကွင်းကိုကြည့်ရတာ ဘယ်တော့မှ မရိုးသွားဘူး၊ မျိုးဆက်တစ်ခုစီတိုင်းရဲ့ ကောင်းကင်စွမ်းအားကို မြင်ခွင့်ရခဲ့တာနဲ့တင် အသက်ရှင်ရကျိုးနပ်ပါပြီလေ"အဘိုးအိုတစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့်ပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် ရေရွတ်လိုက်သည်။
လူငယ်အများစုအတွက်မူ ယခုမြင်ကွင်းကို ပထမဆုံးအကြိမ် တွေ့ဖူးကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏စိတ်ခံစားချက်ကို စကားလုံးဖြင့်ဖော်ပြရန်ပင် မလွယ်ကူချေ။
"ကောင်းကင်စွမ်းအားရဲ့ နောက်ဆုံးပုံစံကို ဖွဲ့စည်းပြီးသွားပါပြီ၊ ဘယ်ပါရမီရှင်တွေက အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အသိအမှတ်ပြုခံရမှာလဲ"ယခင်မျိုးဆက်မှ ကျင့်ကြံသူတစ်ယောက်ကလည်း တီးတိုးပြောလိုက်သည်။
ကောင်းကင်စွမ်းအားကို စုဖွဲ့ပြီးပြီဖြစ်၍ အရည်အချင်းပြည့်မီသော ပါရမီရှင်များကို ကောင်းကင်စွမ်းအားက အသိအမှတ်ပြုရမည့်အဆင့် ဖြစ်သည်။ ကမ္ဘာကိုးခု၏ တာအိုကျင့်ကြံသည့် သဘောတရားများအရ ကောင်းကင်လမ်းစဥ်နှင့် မဟာလမ်းစဥ်ဟူ၍ ရှိကြသည်။ မဟာလမ်းစဥ်ကို ရွေးချယ်ထားသော ပါရမီရှင်များအတွက်မူ မည်မျှအားကောင်းနေပါစေ ကောင်းကင်စွမ်းအား၏ အသိအမှတ်ပြုခြင်းကိုခံရရန် အခွင့်အရေးမရှိချေ။ ကောင်းကင်လမ်းစဥ်ကို ရွေးချယ်သူများထဲမှ အရည်အချင်းရှိသူများသာ ထိုအခွင့်အရေးကို ရရှိနိုင်ပေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...