1686 - 1690

88 4 0
                                    

စစ်ဧကရာဇ်(Chapter:1686)
(ကိုးကမ္ဘာမိစ္ဆာခွင်း လှံတံ)
....................................
     ကမ္ဘာကိုးခုလုံးသည် မကြုံစဖူး ချောက်ချားဖွယ်အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ ဧကရာဇ်ရောင်ဝါများက နေရာအနှံ့ ဖြန့်ကျက်ထားပြီး လူတိုင်း၏မာန်မာနကို ဖိနှိပ်နင်းချေခဲ့သည်။ ဤအချိန်၌ အားအကောင်းဆုံးဆိုသူပင် မာန်မာနမထောင်လွှားရဲပေ။

     ရွှပ် ... အရိုးဓားက လေထုအတွင်း လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် မီးစမီးပွားများက ကောင်းကင်တစ်ခွင် လွင့်ပျံသွားလေသည်။ ဓားကွက်ထုတ်သည်မှစ၍ နောက်ဆက်တွဲ အဖျက်စွမ်းအားများ ထွက်ပေါ်လာချိန်အထိ ဆင့်ကဲဖြစ်စဥ်များစွာ ဖြစ်သွားသော်လည်း အချိန်ကား သိပ်မကြာလိုက်ပေ။ ထိုအရာအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။

     အရိုးဓား၏အဖျက်စွမ်းအားများက လီကွမ်ရီထံ ဦးတည်ဝင်ရောက်လာခဲ့ကြ၏။ သို့သော် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် လှံတစ်စင်းက အရိုးဓား၏တိုက်ကွက်ကို ဟန့်တားချေဖျက်လိုက်သည်။ ထို့နောက် လှံရှည်က လီကွမ်ရီ၏လက်အတွင်း ရပ်တန့်သွားလေသည်။ ထိုလှံမှ မရေမတွက်နိုင်သော မဟာတာအို၏ စွမ်းအားများ ဖြာထွက်နေလေသည်။ မဟာတာအိုတစ်ခုစီတိုင်းက အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တိုက်ပွဲဝင်လိုစိတ်ကို ကိုယ်စားပြုသည်။ အင်မော်တယ်ဧကရာဇ်မင်ရန်မှ အစပြုပြီး နောက်ဆုံး အင်မော်တယ်ဧကရာဇ်တကောင်းအထိ ပါပေသည်။

     ထိုလှံရှည်သည် အင်မော်တယ်ဧကရာဇ်များ၏ တိုက်ပွဲဝင်လိုစိတ်နှင့် ကမ္ဘာကိုးခုရှိ ကျင့်ကြံသူများ၏ တိုက်ပွဲဝင်လိုစိတ်ကို ကိုယ်စားပြုသည်။ လှံအတွင်း ကမ္ဘာကိုးခုကို ကာကွယ်လိုသည့် နှလုံးသားတစ်စုံ ကိန်းအောင်းနေပေသည်။

     "ငါပြောခဲ့ပြီးပြီ၊ ရှေးမင်နဲ့ ပူးပေါင်းသူတွေကို ဘယ်တော့မှ သနားညှာတာမှာ မဟုတ်ဘူး၊ ကမ္ဘာကိုးခုရဲ့ ငြိမ်းချမ်းရေးအတွက် ရှေးမင်နဲ့ အပေါင်းအပါတွေအားလုံး သေကြရမယ် ..."လီကွမ်ရီ၏ သွေးဆာရက်စက်သော အသံက ကမ္ဘာအနှံ့သို့ ပဲ့တင်ထပ်သွားခဲ့၏။ ထို့ပြင် လှံရှည်မှလည်း သွေးဆာနေသော အငွေ့အသက်များနှင့် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now