25.ဘယ်သူက ရုပ်​သေးရုပ်လဲ?

3.8K 497 2
                                    

၃ရက်အကြာတွင်​တော့ ဒုတိယအိမ်​တော်၏ သခင်မ​လေးဖြစ်သူလီချန်းယွိသည် မစောင့်နိုင်တော့ဘဲ သူမ၏၀တ်စုံအသစ်ကို ချက်ချင်းဝတ်ဆင်လာသည်။ ဒီဝတ်စုံကို ကျင်းကျိုးပိုးသားနဲ့ပြုလုပ်ထားပြီး ဝါစိမ်းဖန့်​ရောင်၀တ်စုံသည် တောက်ပပြီးမျက်စိကျိန်းစရာပင်။ ဇာမဏီတစ်ကောင်ကို ဝတ်စုံတွင်ပန်းထိုးချယ်လှယ်ထားပြီး အ​ရောင်နှင့်လက်ရာများသည် လမ်းလျှောက်လိုက်တိုင်းပြောင်းလဲသွားသည်မှာ တကယ်ဟုတ်ရဲ့လားပင်အမှတ်မှားရသည်။ အခြားနေ့များနှင့်ယှဉ်လျှင် ချန်းယွိသည် ပို၍ပင်ကြော့ရှင်းနေသည်။ သူမက ဟယ်ရှင်းယွမ်အ​ဆောင်တွင်ပေါ်လာသောအခါ လူတိုင်း၏အာရုံကိုဖမ်းစားနိုင်လိုက်သည်။

ထိုအချိန်တွင် လီချန်းလဲ့သည်သူမ၏ကြောင်ကံ​ကောင်း​လေးကို​ ပွေ့လာသည်ကိုမြင်ရသည်။ လီချန်းယွိ၏တောက်ပပြီးကြော့ရှင်းသောဝတ်စားဆင်ယင်မှုကို သူမသတိပြုမိသည့်အချိန်တွင်သူမ၏အမူအရာသည် ချက်ချင်းဆိုသလိုပင် ပိုဆိုးသွားသည်။

လီဝေ့ရန်သည် ချန်းယွိနှင့်ချန်းလဲ့တို့ ရှေ့မှာ​ရောက်နှင့်နေပြီးသားဖြစ်သည်။ ဒီမြင်ကွင်း ဖြစ်ရပ်ကိုမျက်မြင်​တွေ့မိ​တော့ ပြုံးမိသွားသည်။ ဒီအစ်မကြီးဟာ​လေ သူမကိုယ်သူမ ​လောကတစ်ခွင်မှာ အလှဆုံးလို့မှတ်ယူပြီး အဲ့အလှကိုပိုင်ဆိုင်ရခြင်းကိုပဲ ဂုဏ်မာန်​မောက်​နေသည်။ ထို့ကြောင့်ချန်းလဲ့သည် အကောင်းဆုံးသောအရာများအားလုံးကိုသူမသာပိုင်ဆိုင်သင့်သည်ဟုလည်းယုံကြည်​နေသည်။ ဤအကြောင်းကြောင့်ပင် သူမ၏ပိုးထည်ဖြစ်ရမည့်အစနှင့် ချုပ်လုပ်ထား​သောအဝတ်အစားကို လီချန်းယွိကဝတ်ဆင်ထားသည်ကိုမြင်တာနဲ့ သူမ၏မျက်နှာသည်အစိမ်းရောင်သန်းသွားသည်။ သူမ၏နဂိုကကျော်ကြားသော သနားကြင်နာတတ်သူနှင့် နူးညံ့တတ်သောနှလုံးသားရှိသူကဲ့သို့ လားလားမျှမတူ​တော့​ပေ။

လီဝေ့ရန်သည် ခန်းမ​​ဆောင်ဆီသို့ လမ်းလျှောက်လာသည်။ ​သခင်မကြီး၏ဝါသနာသည် ငှက်များကို အိမ်မွေးတိရစ္ဆာန်အဖြစ်ထားခြင်းပင်။ သူမအကြိုက်ဆုံးကတော့ အဝင်ဝမှာထားရှိတဲ့အနီ​ရောင်ကြက်တူရွေးဘဲ။ တစ်ချိန်က အမတ်ချုပ်ကြီးအိမ်​တော်တွင် သူခိုးများဝင်လာခဲ့ဖူးပြီး ဒီစကားတတ်​သော ကြက်တူ​ရွေးသည် သခင်မကြီး၏အသက်ကိုကယ်တင်ပေးခဲ့သည့်အတွက်ဤကြက်တူရွေးသည် ​သခင်မကြီးအတွက် အထူးအရေးကြီး​နေခြင်းပင်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now