အပိုင်း(၁၀၁)ပျက်စီးခြင်းကမ္ဘာ
အကြီးအကဲချင်၏စကားကို နားထောင်ပြီး ရီဖူရှင်း ဝမ်းနည်းသလို ခံစားရသည်။ သူက သည်သီချင်းအား သူ့နောက်ဆုံး တီးခတ်သော သီချင်းအလား သဘောထားပုံရသည်။ အကြီးအကဲချင်မှာ အလွန် အိုမင်းနေသည်ကို သူတို့သိသည်။ ဝန်ကြီးချုပ်ဟွာ ပြောသည်မှာ မှန်သည်။ သည်အသက်အရွယ်တွင် သူက တိုက်ပွဲ၏ဖိအားကို ခံနိုင်ရည်အားရှိရန် မလွယ်ပေ။ သူနှင့် ဟွာဂျီယူတို့ကို စိုးရိမ်သောကြောင့် အကြီးအကဲချင်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် အေးအေးဆေးဆေး နေနေရာမှ ထွက်လာရသည်။
"ဆရာဘိုးဘိုး..." ဟွာဂျီယူက ခေါ်လိုက်သည်။ ရီဖူရှင်း၏ လက်မောင်းများကြားတွင် မှီနေရင်း ဟွာဂျီယူ၏မျက်လုံးများတွင် မျက်ရည်များ စီးကျနေဆဲဖြစ်သည်။ တစ်စုံတစ်ခု ဆိုးရွားစွာ ဖြစ်ပျက်တော့မည်ဟု သူမခံစားနေရသည်။ မည်သူ့ကိုမှ သည်အခြေအနေထဲသို့ ဆွဲသွင်းရန် သူမ ဆန္ဒမရှိခဲ့ပေ။ သူမ၏ဦးလေးအား ရီဖူရှင်းကို သည်နေရာကို မလာရန် ပြောခိုင်းသော်လည်း ယခု ယိချင်ပင်လျှင် ရောက်လာခဲ့သည်။ ယခု အကြီးအကဲချင်လည်း ရောက်ရှိလာခဲ့ရာ သူမ အမှန်တကယ် ဝမ်းနည်းရသည်။
"အစ်ကိုကြီး... ခင်ဗျား ဘာကြောင့် ဒီလိုလုပ်နေရတာလဲ..." ကျောင်းအုပ်ကြီး ယန်ရှာအိုက မေးကာ သက်ပြင်းချသည်။ သည်အခြေအနေအား အကြီးအကဲချင်က ပြောင်းလဲနိုင်မည်ဟု သူမယုံကြည်ပေ။ နှစ်ဖက်အင်အားချင်းကား ကွာခြားလွန်းလှသည်။
ဝန်ကြီးချုပ်ဟွာက ဧကရာဇ်၏ အမိန့်တော်ဖြင့် လာရောက်သည်။ အရာအားလုံးမှာ ပြောင်းလဲမရတော့ပေ။ ဟွာဂျီယူနှင့် ရီဖူရှင်းတို့အတွက် လမ်းက နှစ်ခုသာရှိသည်။ တော်ဝင်မိသားစုက သူတို့ဘဝအား ထိန်းချုပ်ခြင်းနှင့် သေလမ်းသာ ဖြစ်သည်။ တတိယ လမ်းမရှိပေ။
သို့သော် အကြီးအကဲချင်ကား သူ့စကားများကို ကြားဟန်တူပေ။ သူက ညင်သာစွာ ပြောသည်... "ဖူရှင်း... ဒီသံစဉ်က ငါရေးထားတာ... ဒါပေမဲ့ နာမည် မပေးရသေးဘူး... ဒီနေ့... မင်းကို နာမည်ပေးခွင့် ပေးလိုက်မယ်..."
"အင်း..." ရီဖူရှင်းက စိတ်မကောင်းသော်လည်း ခေါင်းညိတ်လိုက်သည်။