အပိုင်း(၁၅၂၈)တစ်လက်မမြင်လျှင် တစ်မိုင်လိုချင်သူ
ရီဖူရှင်းက ရေထဲဆင်းလာသည်ကို မြင်လျှင် ထိုအမျိုးသမီးများ၏မျက်လုံးများထဲ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ အဆုံးမဲ့သော ငွေလျှပ်စီးများ စမ်းချောင်းလေးအတိုင်း ရိုက်ခတ်လာသည့်အလား ရီဖူရှင်းထံသို့ တိုးဝင်လာကြလေသည်။
ဟူး...
ရီဖူရှင်းထံမှ အားကောင်းသော အရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့ကာ တစ်ဘက်မှ ရိုက်ခတ်လာသော အားလှိုင်းအား တုန့်ပြန်ကာကွယ်လိုက်သည်။ ရီဖူရှင်းကား ထိုနေရာတွင်ပင် မတုန်မလှုပ်ရပ်နေဆဲ။
"ထွက်သွား..." အမျိုးသမီးများထဲမှ အလှဆုံး၊အချောဆုံးတစ်ယောက်သည် ရီဖူရှင်းအား အေးစက်သော မျက်လုံးအစုံဖြင့်ကြည့်ကာ ဆိုချေသည်။
"နတ်မိမယ်လေးတွေ ရှိနေတဲ့ မဟာလမ်းစဉ်ရဲ့နတ်စမ်းရေထဲက ကျုပ် ဘာလို့ ထွက်သွားရမှာလဲ"
ရီဖူရှင်းက အသာအယာပြန်ပြောသည်။ အသက်ဓာတ်အရင်းအမြစ်များသည် သူ့ခန္ဓာကိုယ်ထဲကို အရူးအမူး တိုးဝင်လာကြ၏။ ၎င်းတို့သည် သူ၏အတွင်းကလီစာများနှင့် သွေးကြောများကို စီးဆင်းကြသည်။ ရှေးဟောင်းသစ်ပင်သည် နတ်ဘုရားသစ်ပင်အဖြစ် ပြောင်းလဲကာ စမ်းရေ၏စွမ်းအားတို့အား စုပ်ယူစားသုံးရင်း သူ၏သက်စောင့်ဟော်နန်းထဲ၌ ယိမ်းနွဲ့လှုပ်ရှား၏။
သည်စမ်းရေတွင်ကား ယခင်လမ်းစဉ်သစ်သီးများထက်ပင် ပိုကြွယ်ဝသော အသက်ဓာတ်များ ရှိနေချေသည်။ စမ်းရေကား သူ၏ခန္ဓာကိုယ်ကို သန့်စင်စေနိုင်ရာ သူ့ရုပ်ခန္ဓာကိုယ်အား အဆက်မပြတ် သန်မာစေလေသည်။
ချက်ချင်းပင် သူ့ခန္ဓာကိုယ်အား ဗဟိုထား၍ အသက်ဓာတ်များသည် ရေဝဲပမာစုစည်းလာကြပြီး သူ့အား အဆက်မပြတ် သန့်စင်သည်။ ရီဖူရှင်းသည် စမ်းရေ၏စွမ်းအားများကို အရူးအမူးစုပ်ယူ၏။
ထိုအခိုက်တွင် ရီဖူရှင်းကား အဆမတန်များပြားသော အသက်ဓာတ်များဖြင့် လွှမ်းခြုံသွားလေတော့သည်။
စမ်းချောင်းထဲမှ အမျိုးသမီးများအားလုံး ထိတ်လန့်သွားကြသည်။ ဘာဖြစ်နေသနည်း။