အပိုင်း(၂၂၅၂)တိုက်ပွဲဖြစ်ပွားခြင်း
"အရမ်းအစွမ်းထက်တာပဲ။"
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ရီဖူရှင်း ထိန်းချုပ်ထားသော မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ ထွက်ပေါ်လာသော တိုက်ပွဲစွမ်းအားကို မြင်သည့်အခါ တုန်ယင်သွားကြသည်။ ဖျက်ဆီးခြင်းအလင်းက နေမင်းနတ်ဘုရားတောင်တန်းမှ မဟာလမ်းစဥ်ကပ်ဘေးကို ဖြတ်ကျော်ပြီးသော ကျင့်ကြံသူများသည်ပင် ဖိအားကို ခံစားမိစေသည်။
ဖျက်ဆီးခြင်းစွမ်းအား။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းစွမ်းအားက နှိုင်းယှဥ်၍ မရအောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤနည်းလမ်းနှင့်ဆိုလျှင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို မည်သူမှ ထိပ်တိုက်ဆန့်ကျင်ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
"မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်တဲ့ သူ့စွမ်းအားက အကန့်အသတ် ရှိလိမ့်မယ်။ ပြီးတော့ မဟာအင်ပါယာရှန်ကျားရဲ့ စွမ်းအားက သူ့အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မယ်။" ထိုအခိုက်အတန့်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ထိပ်တန်းလူအများအပြား၏ မျက်လုံးများကို မှေးကျဥ်းသွားစေသည်။ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အမှန်တကယ် အလွယ်တကူ ထိန်းချုပ်နိုင်ပါလျှင် သူက စောစီးစွာ ရပ်တန့်လိုက်မည် မဟုတ်ဘဲ လေးမျက်နှာကျေးရွာ အပြင်ဘက် တိုက်ပွဲတွင် ဆရာသခင် လုပ်ခဲ့သလို သူ၏ ပြိုင်ဘက်များကို ပြင်းထန်သည့် တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။
"သူ့ရဲ့ စိတ်ဝိညာဥ်ကို တိုက်ခိုက်ပြီး သူ့ကို ထိန်းချုပ်ထား။ သူ့အင်အားကို ဖြုန်းတီးပစ်။" နောက်ထပ် အသံတစ်ခုက ပြောလိုက်သည်။ "ပြီးတော့ သူ့ရဲ့ မူရင်းခန္ဓာကိုယ်ကို ဖျက်ဆီးပစ်။"
ရီဖူရှင်း၏ မူရင်းခန္ဓာကိုယ်ကို စီဝအေင်ပါယာနန်းတော်မှ ကျင့်ကြံသူအဖွဲ့က ကာကွယ်စောင့်ကြပ်ပေးနေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရလျှင် သူ၏ စိတ်ဝိညာဥ်က ပြန်လည် ဝင်ရောက်စရာ နေရာမရှိတော့ဘဲ သေဆုံးခြင်းကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။