အပိုင်း(၈၅၁):လက်စားချေခြင်း
ရီဖူရှင်းက သူ၏နေရာကို ပြန်ရောက်လာသည်။ တွမ့်ချန်ဟေးကလည်း အတန်ကြာလျှင် သွေးများ အန်ကျလျက် ထရပ်လာသည်။
"တော်ဝင် လမ်းသားတော်ရဲ့ စွမ်းရည်က တကယ်ပဲ ခြားနားပါပေတယ်... ကျုပ်က တိုက်ပွဲ အရှိန်မြင့်နေတဲ့ အခိုက်မှာ ကျုပ်စွမ်းအင်ကို ထိန်းချုပ်ဖို့ မလွယ်ခဲ့ဘူး... ဒီအတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်..." ရီဖူရှင်းက ပြောသည်။
တွမ့်ချိန်ဟေးက ရီဖူရှင်းကို ကြည့်သည်။ အလယ်အလတ်ရှီက အဆင့်မြင့်ရှီကို အနိုင်ယူရာတွင် တစ်ဖက်လူကို မည်သို့ အပြစ်တင်ရမည်နည်း။
"ဒါက တိုက်ပွဲမှာ မလွဲမသွေ ဖြစ်မှာပါပဲ... ပြည်နယ်ကိုးခုမှာ နန်းတော် သခင်ရီကို ယှဉ်နိုင်မယ့်လူ အရမ်းကို နည်းပါးပါလိမ့်မယ်..." သူက လက်နှစ်ဘက်ကို ဆုပ်ကာ ပြောသည်... "ကျုပ် ပြန်လိုက်ပါဦးမယ်..."
သူက နောက်လှည့်ကာ ထွက်သွားသည်။
ရီဖူရှင်းက လျူယွန်ဘက်ကို လှည့်ကာ ပြုံးလျက်ပြောသည်... " ကျုပ်က ဒီနေ့ အများကြီး တိုက်ခိုက်ခဲ့ပြီ ဖြစ်လို ဆက်ပြီး မတိုက်ခိုက်တော့ပါဘူး... "
သူက လက်ရှိအခြေအနေတွင် တစ်ဖက်သားကို လေးစားရန် လိုပေသည်။ သူတစ်ယောက်တည်းက ပြည်နယ်ကိုးခု၏ နာမည်ကျော် ကျောင်းတော်မှ တပည့်များ အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ရိုက်နှက်ခြင်းက သူတို့၏နာမည်ကို အနည်းနှင့်အများ ထိခိုက်စေနိုင်ပေသည်။
လျူယွန်က ပြုံးလျက်ပြောသည်... " မင်းက ချိန်ယွန်အဆောင်မှာ ဒီနေ့ ဘယ်လို တိုက်ခိုက်တယ်ဆိုတာ မြင်ခဲ့ပြီးတော့ အမြဲတမ်း တောင်တစ်တောင်ထက် မြင့်တဲ့တောင်ဆိုတာ ရှိတတ်တယ်လို့ ဒီလူတွေ နားလည်မယ်လို့ ကျုပ်ယုံကြည်တယ်... "
လျူယွန်က ထပ်ပြောသည်... " ရီဖူရှင်းအပြင် နောက်ထပ် ယူချင်း၊ လျူကျောင်းတို့လည်း ရှိသေးတယ်... မင်းတို့က သင်ယူ လေ့လာချင်တယ်ဆိုရင် အခုက အကောင်းဆုံး အချိန်အခါပဲ... "
ယူချင်းနှင့် လျူကျောင်းတို့က ရီဖူရှင်းနှင့် ကွဲပြားခြားနားသော တန်ခိုးအဆင့်တွင် ရှိပေသည်။ ပြည်နယ်ကိုးခု ကျောင်းတော်တွင်လည်း သူတို့နှင့် အဆင့်တူအတွင်း ထက်မြက်သူများ ရှိပေ၏။ ထိုစဉ်မှာပင် တစ်ယောက်က ရှေ့ကို ထွက်လာကာ ပြောသည်... " ကျုပ်က ပြည်နယ်ကိုးခု ညီလာခံ ပထမရတဲ့ ယူချင်းကို စိန်ခေါ်ချင်ပါတယ်... "