အပိုင်း(၁၂၂၄): ပညာရှိသူသည် ကျယ်ပြောသော စိတ်သဘောထားကို မွေးမြူရမည်
ကျယ်ပြောလှသည့် ပတ်ဝန်းကျင်သည် ထိုအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။
မရေတွက်နိုင်သည့် မျက်လုံးများက ရှားရုန်၏လက်ထဲမှာ ကိုင်ထားခံရသည့် လီယောင်ကို ကြည့်သည်။ ထို့နောက် သူသည် လက်လွှတ်လိုက်ရာ လီယောင်က မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူ့မျက်လုံးများက အသက်မဲ့ကာ ပြူးကျယ်နေသည်။ ရှားရုန်သည် လီယောင်၏ စိတ်အတွင်းသို့ မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ကျူးကျော်ဝင်ရောက်ကာ တစ်ခါတည်း သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သူ အပြုအမူက တွေဝေခြင်းအလျဉ်းမရှိ တိကျပြတ်သားလှသည်။
တာလီပြည်ထောင်၏ မင်းသားကိုး လီယောင်သည် သေကြေပျက်စီးခဲ့ရလေသည်။
သူသည် ရှားရုန်၏ လက်ချက်ဖြင့် သွေးနဂါးဘုံတွင် သေခဲ့ရပြီ ဖြစ်၏။
ရီဖူရှင်းကို ကြည့်ရသည်မှာ အလွန် အံ့သြထိတ်လန့်သွားကြောင်း အထင်အရှားပင် ဖြစ်၏။ သူသည် အေးစက်၍ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေသည့် ရှားရုန်၏ မျက်နှာကို ကြည့်သည်။ သူ့ပုံစံအရ မည်သူကမှ သူ၏စိတ်ဆိုးဖြတ်ချက်အား ငြင်းဆန်နိုင်ခွင့်မရှိသလို ငြင်းဆို၍လည်း မရသည့်သဘော။
သည်ဆုံးဖြတ်ချက်အား ယခင်ကတည်းက ဆုံးဖြတ်ထားသည့်ဟူသော သဘော ... ။
"အစ်ကို ... "
ရှားရှင်းယွန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ရီဖူရှင်းအောက် မလျော့သော ထိတ်လန့်အံ့သြမှုတို့နှင့် အော်ဟစ်သည်။ သူမ၏ စိတ်သည်လည်း ဟာလာဟင်းလင်းဖြစ်သွားခဲ့၏။
တစ်ဦးတစ်ယောက်သာ အံ့သြထိတ်လန့်သွားခြင်း မဟုတ်ပေ။ လက်ရှိ၌ အင်ပါယာရှားဘုံမှ လူတိုင်းသည် တူညီသော ခံစားချက်မျိုး ဖြစ်ပေါ်နေကြသည်။
လူတိုင်း၏ခေါင်းထဲ၌ အတွေးများ ပြေးလွှားသွားကာ သူတို့၏စိတ်နှလုံးများ တုန်ခါနေကြ၏။
လီဟန်ဓားသမားပင်လျှင် ရှားရုန်ကို လှမ်းကြည့်သည်။
ထိုလှုပ်ရှားမှုသည် အမှန်တကယ့်ကို ရပ်စက်လှပြီး ထောက်ထားညှာတာမှု မရှိပေ။