အပိုင်း (၃၈၁) ကောင်းကင်တောင်မှမိစ္ဆာငှက်
သူက တမင် ဟန်ဆောင် နေသည် များလား။ ရီဖူရှင်းအား ကြည့်ကာ နန်ဖန်းက တွေးသည်။ သူ၏ စကားများက အမှန်ပင် တောင်ပေါ်အား ဆွဲခေါ်နေဟန် ရနေသည်။ သို့သော်လည်း ရီဖူရှင်းက တမင် ဟန်ဆောင်နေသည် ဆိုလျှင်ပင် သူတို့ ဘာလုပ်နိုင်မည်နည်း။ သူတို့က မည်သည့် အချိန်တွင်မဆို လက်လျှော့နိုင်သည်။ သို့သော်လည်း နန်ယွီက လက်လျှော့လိုပုံ မရပေ။ သူက ကောင်းကင် တောင်၏ အလွန်မြင့်မားသော တစ်နေရာအထိ ရောက်လာပြီးဖြစ်ကာ ဒဏ်ရာရထားသည်။ သူတို့က ရှေ့ကို ဆက်တိုး၍ ရတော့မည့်ပုံ မပေါ်ပေ။
အနားယူမည် ဆိုလျှင်ကော...။ သူတို့ မည်မျှကြအောင် ခံနိုင်ရည် ရှိမည်နည်း။ သူတို့က တောင်ထိပ်ပေါ်ကို ရောက်မည်လော...။
ရီဖူရှင်းက မကြာမီ ရောက်တော့မည်ဟု သူတို့ကို ပြောနေသော်လည်း တောင်ထိပ်က မည်မျှ ဝေးသေးသည်ကို သူတို့ မသိကြပေ။
ရုတ်တရက် တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင်က ဟွာချင်းချင်းထံကို လျှောက်လာကာ မေးသည်..."ဟွာချင်းချင်း... ငါတို့ ဘယ်လောက် လိုသေးလဲ..."
ဟွာချင်းချင်းက စိတ်ပျက်စွာ ကြည့်သည်။ ဒူဟောင်က သူမ၏နောက်ကို တစ်ချိန်လုံး လိုက်နေသည်။
သို့သော်လည်း ဤတစ်ကြိမ် ကောင်းကင်တောင်က ပထမခေါက်ကနှင့် ကွာခြားပေသည်။ သူမကလည်း ကြီးမားသော ဖိအားကို ရင်ဆိုင်နေရသည်။ ကောင်းကင်တောင်နှင့် ပေါင်းစပ်နေသော စိတ်အသိက နိုးထနေပြီး ဖြစ်ဟန်ရသည်။ သူမကလည်း ခံနိုင်ရည်အား မရှိတော့သော အချိန်ကို ရောက်နေရာ ဒူဟောင်နှင့် ဝေးဝေးနေရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။
"ငါတို့ အဝေးကြီး သွားရဦးမယ်... ရှင်တို့ လက်လျှော့သင့်ပြီ... နောက်ဆုံး တစ်ကြိမ်က ငါတောင်ပေါ်ကို ရောက်ခဲ့တယ် ဆိုပေမဲ့ တကယ်ပဲ ငါကိုယ်တိုင် ခြေကျင်တက်ခဲ့တာ... ဒီတစ်ခေါက် အရမ်း ခက်ခဲတယ်..." ဟွာချင်းချင်းက နောက်လှည့်ကာ လူတိုင်းကို ပြောသည်။
"ကောင်းပြီ..." ဒူဟောင်၏ မျက်လုံးများမှ မီးတောက်များက အနက်ရောင်အဖြစ် ပြောင်းလဲနေပြီး ဖြစ်သည်။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းကာ ဟွာချင်းချင်း၏အနီးကို ကပ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် လက်ဆန့်တန်းကာ ဟွာချင်းချင်း၏ လက်မောင်းအား ဆုပ်ကိုင်လိုက်၏။