အပိုင်း (၈၆၁)စစ်ချီလာခြင်း
စုချီဟန် ထွက်သွားပြီးနောက် ကျန်ကျောင်း၊ ဓားမိစ္ဆာနှင့် တခြားလူများက ရီဖူရှင်းဘေးကို ရောက်လာကြသည်။
လိပ်ပြာလေးနှင့် ပတ်သက်သော ကောလာဟလများအား သူတို့လည်း သိကြပေသည်။
"ရှန့်ထိုကျန့်ရဲ့ တပည့်ကြီးက လူမှုရေး သိပ်နားလည်ဟန် မတူဘူး..." စုရှမ်းက မှတ်ချက်ချသည်။
"ဒါက သူ့ကျင့်ကြံခြင်းနဲ့ ပတ်သက်လိမ့်မယ်..." ဓားမိစ္ဆာက ပြောသည်။ စုချီဟန်ကား ရှန့်ထိုကျန့်၏အဆိပ်လမ်းစဉ်ကို ဆက်ခံသူဖြစ်ရာ ထိုအရာက သူ၏ စိတ်သဘောနှင့် အမူအရာတို့ကို လွှမ်းမိုးပေသည်။
"သူနဲ့ပတ်သက်ပြီး မပြောနဲ့တော့... ကျုပ်က သားရဲတွေက တစ်ဆင့် ကျောက်ပြည်ထောင်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေတယ်.. ဒီနောက်ပိုင်း သူတို့က မူမမှန်ဘူး..."
"တကယ်လို့ မင်းသာ ကျောက်ပြည်ထောင် ဘုရင်ဆိုရင် သူ့စစ်တပ်ကို ဘယ်နေရာသို့ စေလွှတ်မယ်လို့ ထင်လဲ..." စုရှမ်းက ရီဖူရှင်းကို မေးသည်။
"ကျောက်ပြည်ထောင် ဘုရင်က မောက်မာပြီးတော့ စရိုက်ကြမ်းတယ်... တကယ်လို့ သူ့မှာသာ ကျုပ်နဲ့ဆရာတို့ကို သတ်ဖို့ အခွင့်အရေးရခဲ့ရင် သေချာပေါက် လာသတ်မှာပဲ..." ရီဖူရှင်းက ပြောသည်... "ဒါကြောင့် သူက သေချာပေါက် ပြည်နယ်ကိုးခု မြို့တော်ကိုပဲ စစ်ချီလိမ့်မယ်..."
အကယ်၍ ကျောက်ပြည်ထောင် ဘုရင်ကသာ ကိုယ်တိုင် တိုက်ခိုက်မည် ဆိုပါကလည်း သူ၏ဆရာကိုသာ ဖြစ်ပေလိမ့်မည်။ ကျောက်ပြည်ထောင်မှ တခြား စွမ်းအားမြင့် တန်ခိုးရှင်များမူကား ရီဖူရှင်းတို့အဖွဲ့ကို တိုက်ခိုက် ကြပေလိမ့်မည်။
အကယ်၍ သူတို့သာ ပြည်နယ်ကိုးခု မြို့တော်၌ အသတ်ခံခဲ့ရပါက မြေရိုင်းပြည်နယ်ကား သေချာပေါက် အဆုံးသတ်ပေပြီ။
ထို့ကြောင့် ကျောက်ပြည်ထောင် ဘုရင်က သေချာပေါက် ပြည်နယ်ကိုးခု မြို့တော်ကို စစ်ချီပေလိမ့်မည်။
အကယ်၍ သူတို့အားလုံး အသတ်ခံရပါက တော်ဝင်စစ်ပွဲ ပြီးဆုံးပြီဟုပင် ပြော၍ ရပေမည်။