အပိုင်း (၁၈၁) ဆုံးဖြတ်ချက်ချခြင်း
နန်းတော်အနီးတွင် ရီဖူရှင်းနှင့် တခြားလူများက သိမ်းငှက်နက်ပေါ်တွင် ရပ်လျက် အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ လီတောင်ယွန်ကား သူတို့ ခန့်မှန်းသည်ထက် ပိုမို၍ စွမ်းအားမြင့်ပေသည်။ သူက နန်းတော်အနီးအထိ တိုက်ခိုက် ဝင်ရောက်လာသည်။ သူ၏ ဓားအောက်တွင် လူအများအပြား သေဆုံးကြသည်။ ရှေးဟောင်းလို့လန်က လို့လန်မြို့တွင် အာဏာအပြည့်အဝ ရှိသည့်တိုင် သူတို့၏ ထိန်းချုပ်မှုက လို့လန် အနီးတစ်ဝိုက်အား အကန့်အသတ်ရှိသည်။
မြေရိုင်းမြို့ အင်အားကြီး အဖွဲ့အစည်းမှ လာသော လီတောင်ယွန်ကား ရှေးဟောင်း လို့လန်ကို ဂရုစိုက်ခြင်း မရှိပေ။ သူတို့၏ လူအများအပြားကို သတ်လျှင်ကော အဘယ်အရေးနည်း။ ရှေးဟောင်းလို့လန်က သူတို့၏ လူများအား လီတောင်ယွန်၏ ကလန်ထံသို့ စေလွှတ်ရဲမည် မဟုတ်သည်ကို သူသိသည်။ အထူးသဖြင့် ရှေးဟောင်းမြေရိုင်း ဒေသတွင် ပိုမို၍ ဂရုမစိုက်ပေ။
မြေပြင်တွင် လူသေအလောင်းများစွာ ပြန့်ကျဲနေသည်။ သို့သော် လီတောင်ယွန်က လို့လန်နန်းတော် အနီးသို့ ရောက်ရှိရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။ ထိုနေရာသို့ ရောက်လျှင် သူမည်သို့ ဖြစ်သွားမည်ကို လူတိုင်းသိသည်။
လီတောင်ယွန်က ထိုနေရာတွင် ရပ်လျက်ကပင် ရီဖူရှင်းတို့အား ကြည့်ကာ ပြောသည် ..."မင်းတို့ ကံကောင်းသွားတယ်..."။ အကယ်၍ လို့လန်နန်းတော်သာ မရှိခဲ့လျှင် ရီဖူရှင်းနှင့် သူ့လူများအား သူက မည်သည့်နည်းနှင့်မျှ အသက်ရှင်ခွင့်ပေးမည် မဟုတ်ပေ။ ထိုရတနာအား မရလိုက်သည်ကလည်း သူ့အတွက် စိတ်မကျေမနပ် ဖြစ်စရာပင်။
လီတောင်ယွန်က နောက်လှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"မင်းနာမည် ဘာလဲ ... မင်းက ဘယ်ကလဲ..." ရီဖူရှင်းက ရုတ်တရက် မေးလိုက်သည်။
လီတောင်ယွန်က ပြန်လှည့်ကြည့် လိုက်သည်။ သူ့မျက်လုံးတွင် အထင်သေးမှုများ ပြည့်နေသည်။ လက်စားချေမည်လား။ သူ ဂရုမစိုက်ပေ။ သူ့ကို လာရောက် လက်စားချေပါက သေလမ်း တစ်ခုတည်းသာ ရှိပေသည်။