အပိုင်း(၁၄၅၈)ဘီလူးစီးတိုက်ပွဲ
"သူတို့က ကိုယ်တိုင် အနီးကပ် တိုက်နေကြတာလား"
ကြည့်ရှုနေသူများ၏ နှလုံးသားများက တုန်ခါလာနေသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးလုံး ရှိနေရာ တိုက်ပွဲနေရာသည် အလွန် နက်ရှိုင်းကာ မှောင်မိုက်နေသည်။ လေထုထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်တို့နှင့် ပြည့်နှက်နေသည်။
နှစ်ဖက်လုံးက ထိပ်တိုက်တွေ့ဆုံကြသည်။ ဂူတုံးလျှိုက ချန်းချိုးစုတ်တံကို လက်တစ်ချောင်းတည်းဖြင့် ရင်ဆိုင်နေပြီး သူ၏ ခန္ဓာကိုယ်သည် အလွန် ပြင်းထန်သည့် ဖိအားအောက် ကျရောက်နေပေသည်။
အိမ်ရှေ့စံ၏ ချန်းချိုးစုတ်တံသည် အဆုံးမဲ့ သတ်ဖြတ်ခြင်းစွမ်းအားများနှင့် လွှမ်းခြုံနေပေသည်။ သို့သော် ဂူတုံးလျှို၏ လက်ချောင်းကတော့ လက်နက်များ၏ အဆုံးမဲ့ နတ်အလင်းတို့နှင့် လွှမ်းခြုံထားပေသည်။ ထိုနေရာရှိ နတ်၊ နတ်ဆိုးဖြစ်တည်မှုက နိုးထလာပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေသကဲ့သို့ ဖြစ်သည်။
ကောင်းကင်အာဏာစက် နတ်ပန်းချီနှင့် ကျွယ်ရှန်းဝင်္ကပါက ဆက်လက်၍ လုပ်ဆောင်နေသည်။ ထိုဝင်္ကပါနှစ်ခုလုံး၏ လုပ်ဆောင်ချက်များက ပြောင်းလဲမှုများစွာ ဆက်တိုက်ဖြစ်ပေါ်နေကာ ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်း ဖြစ်နေသည်။
ရီထျန်းယွိ၏ အမူအရာက ထက်ရှနေပြီး သူ့မျက်လုံးများက ဂူတုံးလျှို အပေါ်တွင် စူးရဲစွာ ရှိနေသည်။ တစ်ဖက်လူကို ကြည့်နေရင်း သူ၏ ဝတ်စုံနှင့် ဆံပင်တို့က လေနှင့်လွင့်နေသည်။ သူက အေးစက်စွာ ပြောလိုက်သည်။ "မင်း 'ကောင်းကင်အာဏာစက်' ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သိလား"
ဂူတုံးလျှိုက မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ သူ့ကိုသာ ကြည့်နေခဲ့သည်။
"အရိပ်အမြွက် ပြောရရင် ကောင်းကင်အာဏာစက် ဆိုတာက ကောင်းကင်ရဲ့ လမ်းစဉ်နဲ့ စွမ်းအားတွေကို ဆိုလိုချင်တာ။ အဲဒါကြောင့် အာဏာစက်ဆိုတာက ကောင်းကင်ရဲ့ အမိန့်တစ်ခုပဲ" ရီထျန်းယွိက ရှင်းပြလိုက်သည်။ သူ၏ အသံက လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သူ့ပတ်ဝန်းကျင်တွင် သူ၏ အသံနှင့် ပေါင်းစပ်ထားသည့် နတ်ဘုရားအသံက ပဲ့တင်ထပ်နေပေသည်။