အပိုင်း (၁၇၂၀)အပြုံးများ
"ဘာလို့ငိုနေတာလဲ" နန်းယူက မျက်ရည်များဖြင့်ပြည့်နေသော ရီဖူရှင်းကို နူးညံ့စွာမေးလိုက်သည်။ထို့နောက် သူမ၏လက်လေးများကို ဆန့်ထုတ်ကာ သူ့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။
"နန်းယူကိုတွေ့လိုက်ရတာ အရမ်းဝမ်းသာလွန်းလို့ မထိန်းနိုင်ဘဲ အပျော်လွန်ပြီးမျက်ရည်တွေကျလာတာ" ရီဖူရှင်းက နူးညံ့စွာပြောလိုက်သည်။
နန်းယူက ကြွေရုပ်လေးသဖွယ် အပြစ်ကင်းစင်စွာခေါင်းညိမ့်လိုက်သည်။ သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် ဟွာဂျီယူကိုကြည့်ကာ မေးလိုက်သည်။ "မမနတ်သမီးရဲ့ နာမည်ကဘယ်သူလဲ...သမီး ဘာလို့မမကိုရင်းနှီးနေသလို ခံစားနေရတာလဲမသိဘူး"
ဟွာနန်းယူ၏ ကလေးဆန်သောမှတ်ချက်လေးကို ကြားလိုက်ရသောအခါ နန်ဒူဝမ်ရန်က မျက်ရည်များကျဆင်းလာပြီး သူတို့နှစ်ဦးထံ လျှောက်လှမ်းလာလေသည်။
ဟွာဂျီယူက သူမရှေ့မှ ကလေးငယ်လေးကိုငုံ့ကြည့်လိုက်သည်။ သူမက ယခုအချိန်ထိ မတုန်မလှုပ်ဘဲရှိနေခဲ့သော်လည်း ထိုခဏတွင် ထိုင်ချကာ နူးညံ့စွာပြန်ဖြေလိုက်သည်။ "မမနာမည်က ဟွာဂျီယူပါ"
"ဟွာဂျီယူ..." နန်းယူလေးက သူမနောက်မှ လိုက်ဆိုလိုက်ပြီး သူမတို့ထံလျှောက်လာနေသော ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်ကိုလှမ်းကြည့်လိုက်သည်။ သူမက ဟွာဂျီယူအား တဖန်ပြန်ကြည့်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ "မမက သမီးရဲ့အစ်မလား"
ဟွာဂျီယူက ထိုကလေးမအား ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်ရင်း ညင်သာစွာခေါင်းညိမ့်လိုက်သည်။ "အင်း..."
နန်းယူက သူမ၏လက်သေးသေးလေးနှစ်ဖက်ကိုဆန့်ကာ ရှေ့သို့တိုးလိုက်ပြီး ဟွာဂျီယူ၏ လည်ပင်းကိုအသာလှမ်းဖက်လိုက်သည်။ ထို့နောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "မမကဘာလို့ အခုမှ သမီးကိုပြန်လာကြည့်တာလဲ... ဖေဖေနဲ့မေမေက မမကိုအရမ်းလွမ်းနေကြတာ ပြီးကျ သမီးကလည်း မမကိုတွေ့ချင်နေခဲ့တာ"
ဟွာဂျီယူ၏လက်များက အနည်းငယ်တောင့်တင်းသွားသော်လည်း သူမက ကလေးငယ်လေးအား ငြင်သာစွာ ပြန်ပွေ့ဖက်လိုက်လေသည်။