အပိုင်း (၄၃၁) နဂါးဆရာ
ရီဖူရှင်းကား အတန်ကြာ မှင်တက် သွားသည်။ မိန်းကလေး၏ ပါးပြင်ပေါ်မှ မျက်ရည်စများကို ကြည့်ကာ သူက ဘာပြောရမှန်း မသိတော့...။
ပုံပြင်က အမှန်ပင် ဝမ်းနည်းစရာ ကောင်း၏။ ထိုသို့သော လူတစ်ယောက်က သူမအား များစွာ ချစ်ခင် နှစ်သက်မှုကို ခံရသည်မှာ ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည်။ သို့သော် ထိုလူကား သေဆုံးသွားပြီ...။
တန်ခိုးရှင်လောကကား ဤသို့ဖြစ်၏။ ဘယ်သူက ဘယ်လောက် အားကောင်းနေပါစေ တစ်နေ့တော့ သေရမည်သာ...။
"ကျွန်မဘဝလည်း ဒီနောက်ပိုင်း ပြောင်းလဲ သွားခဲ့တယ်... အမေတို့က ဒီနောက်ပိုင်း ကျွန်မအပေါ် အရမ်း တင်းကျပ်ပြီးတော့ ကျွန်မနဲ့ ဆော့မကစားကြတော့ဘူး... နေ့တိုင်း သူတို့က တန်ခိုးကောင်းကောင်း ကျင့်ဖို့... ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ဖို့ တွန်းအား ပေးကြတယ်... အဲလို အမှိုက်ပုံတွေကို ကျွန်မက ဘာလို့ သွားရမှာလဲ..." မိန်းကလေးက သဘောမကျစွာ ပြော၏။ ရီဖူရှင်း ဆွံ့အသွားသည်။ ထိပ်သီးကျောင်း သုံးကျောင်းကား အရှေ့ဘက်နယ်၏ နတ်ဘုံနတ်နန်း ဖြစ်သည်။ ယခု ထိုနေရာအား အမှန်ပင် "အမှိုက်ပုံ" ဟု သတ်မှတ်ခံရသည်။
သူမက ကောင်းကင်ပေါ်မှ ငွေလမင်းအား ကြည့်ကာ မိန်းကလေးက ညင်သာစွာ ပြောသည်... "ဦးလေး... သမီး သတိရတယ်..." ထိုအချိန်မှ မိန်းကလေး ပြောနေသော လူက သူမ၏ဦးလေး ဖြစ်သည်ကို သိလိုက်ရသည်။ သူမအား လွန်စွာ ရင်းနှီး ချစ်ခင်သော ဦးလေးက သေဆုံးသွားရသည်။ သူမက ဝမ်းနည်းသည်မှာ မထူးဆန်းတော့...။
ရီဖူရှင်းက ဘာမှ မပြောဘဲ မိန်းကလေး၏ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်ကာ အဖော် လုပ်ပေးနေသည်။
အတန်ကြာလျှင် မိန်းကလေးက ရုတ်တရက် လှည့်လာကာ ပြောသည်... "ဘာလို့ ရှင့်ကို ဒါတွေ ပြောမိနေရတာလဲ... အခု ရှင်က ဒါတွေ သိသွားပြီဆိုတော့ ရှင့်ရဲ့ သောကတွေကိုရော ပြန်မပြောပြသင့်ဘူးလား..."
"မင်းက ငါ့ထက် အများကြီး ကံကောင်းတယ်... ကျုပ်မိဘတွေက ထူးထူးဆန်းဆန်း ပျောက်သွားကြတယ်... မွေးစားအဖေလည်း ဒီလိုပဲ... ကျုပ်က ဘယ်ကလာတယ် ဆိုတာတောင် မသိဘူး... ကျုပ်အပေါ် သိပ်မဆိုးတဲ့ လူအိုကြီး တစ်ယောက်လည်း ရှိတယ်... ဒါပေမဲ့ သူ့ကိုလည်း တခြားလူတွေက ခေါ်သွားကြတယ်... ကျုပ်ရဲ့ စီနီယာ အစ်မကိုလည်း သူမရဲ့ မိသားစုတွေက ပြန်ခေါ်သွားကြတယ်... ကျုပ်ချစ်သူကလည်း ကျုပ်နဲ့ ခွဲသွားတယ်... ကျုပ်ဘဝက မင်းဘဝထက် ဆိုးတယ်လို့ မထင်ဘူးလား..." ရီဖူရှင်းက တစ်လုံးချင်း ပြောသည်။