အပိုင်း (၁၆၁)ဒီလိုဆို သေရမယ်
ရီဝူချင်း၏ မျက်တောင်များ ကွေးသွားသည်။ သူ့မျက်လုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချပြီးဟန် ပေါ်လာ၏။ ရီရှောင်ကား သူ၏ဝမ်းကွဲအစ်ကို ဖြစ်သည်။ သို့သော် သူတို့က တစ်ခါတစ်ရံမှသာ ပတ်သက်ဆက်နွှယ်မှု ရှိကြသည်။ ရီဝူချင်းက တန်ခိုးကျင့်ရာတွင်သာ အာရုံစိုက်လေ့ရှိသည်။ အာဏာက သူ့အတွက် မည်သို့မှ အရေးမပါပေ။ အထူးသဖြင့် ရှေးဟောင်း မြေရိုင်းဒေသသို့ ဝင်ရာ ဂိတ်ပေါက်မှာ နယ်မြေတစ်ရာအတွက် ဖွင့်ထားပြီးဖြစ်ရာ အရာအားလုံးမှာ မကြာမီ ပြောင်းလဲ သွားတော့မည် ဖြစ်သည်။ အကယ်၍ သူတို့က ထီးနန်းမှာ တကယ့် အာဏာအစစ်အမှန်ဟု တွေးထင်ထားလျှင် မကြာမီ အန္တရာယ်နှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။
ရှေးဟောင်း မြေရိုင်းဒေသက အမြဲတမ်းအတွက် ဖွင့်လှစ်ထားပြီးဖြစ်ရာ မကြာမီ နိုဘယ် တန်ခိုးရှင်များစွာ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ရီရှောင်ကား ထိုဘုရင့်အာဏာ၏လွှမ်းမိုးမှုကို များစွာ ခံထားရဟန်တူသည်။ ထိုအရာက သူ၏ ထီးနန်းကို ဆက်ခံရန် အဖြစ်နိုင်ဆုံး အခြေအနေကြောင့်လည်း ဖြစ်ဟန်တူသည်။
"ကျေးဇူးတင်ပါတယ် အရှင့်သား... ဒါပေမဲ့ ကျုပ်က တစ်ယောက်တည်း သွားရတာ အသားကျနေပါပြီ... အရှင့်သားနဲ့ မလိုက်တော့ပါဘူး..." ရီဝူချင်းက ပညာသားပါပါ ငြင်းပယ်လိုက်သည်။ သည်နည်းဖြင့် ရီရှောင်လည်း အရှက်ရမည့် အခြေအနေသို့ မရောက်တော့ပေ။ သို့သော်လည်း ရီရှောင်နှင့် တခြားလူများက ထိတ်လန့် အံ့အားသင့် သွားကြသည်။ သူတို့က ရီဝူချင်းအား စိုက်ကြည့် လိုက်ကြသည်။ သူကား သိသာစွာပင် ရီဖူရှင်းတို့ အုပ်စုနှင့် သွားနေခြင်း ဖြစ်သည်။ သူက တစ်ယောက်တည်းဟု အဘယ်ကြောင့် ပြောရသနည်း။
ရီရှောင်၏ မျက်လုံးများ အေးစက်သွားသည်။ ရီဝူချင်းက သူ့အား ရယ်စရာ သဘောထား နေသည်လား။
"ကောင်းပြီလေ..." ရီရှောင်က ပြုံးလျက် ပြောသည်။ ရီဝူချင်းက ထိုဆုံးဖြတ်ချက်အား ပြုလုပ်ပြီးပြီ ဆိုလျှင် သူက မည်သို့ မှ မတတ်နိုင်တော့ပေ။