အပိုင်း(၁၄၈၆)ဗြဟ္မာ့သန့်စင်ကောင်းကင် အထက်တွင်
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည် ထို ရင်သပ်ရှုမောဖွယ် မျက်နှာအား ကြည့်လိုက်ပြီး သူတို့၏ လက်များကို အရိုအသေပြုဟန်ဖြင့် ကြည့်လိုက်ကြသည်။ "မဆင်မခြင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။ နှုတ်ဆက်ပါတယ်"
သူတို့က ထိုကိစ္စကြောင့် မပျော်မရွှင် ဖြစ်နေလျှင်ပင် မည်သည့်စကားမှ မပြောရဲကြပေ။ သူတို့၏ အဆင့်အတန်းမှာ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ထိုပုဂ္ဂိုလ်နှင့် မယှဉ်နိုင်သကဲ့သို့ ဗြဟ္မာ့သန့်စင်ကောင်းကင်ကို မထီမဲ့မြင် မပြုရဲကြပေ။ အဆုံးတွင်တော့ ယင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ နိုင်ငံရေးအခြေအနေနှင့် သက်ဆိုင်နေပြီး မည်သူမှ အကျိုးဆက်ကို တာဝန်မခံနိုင်ကြပေ။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များက သူတို့၏ အစွမ်းများကို ရုပ်သိမ်းလိုက်သည်။ သူတို့သာလျှင် မဟုတ်ဘဲ အခြားသော တန်ခိုးရှင်များသည်လည်း သူတို့၏ အစွမ်းများကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ မည်သူကမှ ဆက်လက်မတိုက်ခိုက်ရဲပေ။
"အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် အရှင်မ" ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များနှင့် အခြားအင်အားစုမှ လူများက ပြောလိုက်သည်။ သူတို့အားလုံးသည် လက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်ကြပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားလေသည်။
သူတို့က ဤနေရာ၌ ဆက်နေရန် မလိုအပ်တော့ပေ။
ရှန့်ရှောင်းနန်းတော်မှ တန်ခိုးရှင်များသည် အရှင်မ၏ မျက်နှာကို ကြည့်ကာ သူတို့၏ နှလုံးသားထဲတွင် တုန်ယင်နေသော်လည်း သူတို့က မည်သည့်စကားမှ မဆိုရဲကြဘဲ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူတို့က ရှန့်ရှောင်းနန်းတော်မှ လာကြသည် ဖြစ်သော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်မသည် အထွတ်အထိပ်အဆင့်မှ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ သူတို့က လူငယ်မျိုးဆက်များသာ ဖြစ်ကြသဖြင့် မလျော်ကန်သည့် အပြုအမူမျိုး မလုပ်ဆောင်ရဲကြပေ။ သူတို့သည် ကိုယ့်သေတွင်း ကိုယ် မတူးရဲကြသလို သူတို့၏ အကြီးအကဲများကလည်း အတူတူပင် ဖြစ်သည်။