အပိုင်း (၈၃၁)စစ်တပ်နှစ်ခု၏တိုက်ပွဲ
တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များက ကျောက်ပြည်ထောင်မှ ချီတက်လာသော စစ်တပ်ကို ကြည့်ကြသည်။ ဓားမိစ္ဆာနှင့် ဝမ်ရှမ်းတို့က ရှေ့ကိုတက်ကာ အမိန့်ပေးလိုက်ကြသည်... "နိုဘယ်တန်ခိုးရှင်တွေ... ဝင်္ကပါဖွဲ့မယ်..."
အမိန့်သံနှင့်အတူ နိုဘယ် တန်ခိုးရှင်များကလည်း ရှေ့ကို တက်လာကာ ကိုယ်စီနေရာ ယူလိုက်ကြ၏။
နန်းတော်၏ နိုဘယ်တန်ခိုးရှင် အရေအတွက်မှာ ကျောက်ပြည်ထောင်မှ နိုဘယ် အရေအတွက်လောက် မများပေ။ သူတို့တွင် ဧရာမ ဝင်္ကပါလေးခုသာ ရှိကာ ဝင်္ကပါများအား အရှေ့၊ အနောက်၊ ဘယ်နှင့်ညာတို့တွင် နေရာယူထားစေသည်။
ရှေ့တွင်ကား သိုင်းပညာရှင်များနှင့် မှော်ပညာရှင်များ ပါဝင်ကြသည်။ သိုင်းပညာရှင်များက ရှေ့ဆုံးတွင်နေကာ မှော်ပညာရှင်များက နောက်တွင် ဖြစ်သည်။ ရှေ့ဝင်္ကပါ၏ အရှေ့မှလူကား ရွှေလူဝံယန်ကျန်း ဖြစ်သည်။
ရေခဲနန်းတော်နှင့် ဟောင်မိသားစုဝင်များမူကား နောက်တွင် ဖြစ်သည်။ ဟောင် မိသားစုဝင်များက သူတို့၏လေးများကို ထုတ်ကာ အဆင်သင့် ပြုလုပ်ထားကြပြီး ဖြစ်သည်။
ယန်ကျန်း၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးက ရှေ့ဆုံးတွင်ဖြစ်ကာ ကြီးမားသော အရှိန်အဝါများ တောက်လောင်နေ၏။ သူကား အပေါ်ပိုင်း ဗလာကျင်းထားကာ သူ၏ရွှေရောင် ဝင်းလက်သော အသားရောင်များအား နေရောင်တွင် တလက်လက် ထနေစေသည်။
ညဘက် ဝင်္ကပါတွင်ကား ယိရှောင်ရှီ ပါဝင်သည်။ အရှေ့ဘက် ပြည်နယ်သို့ ခရီးအပြီးတွင် ခရီးသို့ လိုက်ပါခဲ့ကြသော နိုဘယ်အများစုက ရှီအဆင့်သို့ တက်လှမ်းခဲ့ကြ၏။
ယခု ရှီအဆင့်သို့ မဝင်ရောက်သေးသော သုံးယောက်မျှသာ ကျန်တော့ကာ သူတို့ကား ယန်ကျန်း၊ ယိရှောင်ရှီနှင့် ကျွေ့ချိန်ချူတို့ ဖြစ်ကြသည်။
အကယ်၍ တော်ဝင် စစ်ပွဲကြောင့်သာ မဟုတ်လျှင် သူတို့ကလည်း တံခါးပိတ် လေ့ကျင့်ပြီး ရှီအဆင့်သို့ တက်လှမ်းရန် အားထုတ် နေကြပေလိမ့်မည်။
![](https://img.wattpad.com/cover/306620134-288-k19651.jpg)