အပိုင်း(၃၃၁) မောက်မာသော ချင်ယွီ
ကျောင်းတော်၊ ရှေးဟောင်း မြေရိုင်းဒေသ ဂိတ်တံခါး။
ရီဖူရှင်းနှင့် ရီဝူချင်းတို့ ထိုနေရာသို့ ရောက်ရှိ သွားသောအခါ ရီဝူချင်း၊ လျိုချန်းယွီနှင့် တခြား လူများအားလုံးက စောင့်ဆိုင်း နေကြပြီး ဖြစ်သည်။
"အရှင်မင်းကြီး ဘယ်မှာလဲ..." ရီဖူရှင်းက မေးသည်။
"အဖေက ငါတို့ကို ပို့ပြီးတာနဲ့ ထွက်သွားတယ်...." လျိုဖေးယွန်က ပြောသည်။ သူက အခြေအနေ မည်သို့ ရှိမည်ကို စိတ်ပူသည်။ မည်သို့ပင်ဆိုစေ လျိုဘုရင်က သူ၏အဖေ မဟုတ်ပါလား။ နိုင်ငံ၏ ဘုရင်အနေဖြင့် သူ၏အဖေက နိုင်ငံသားများကို ကာကွယ်ရမည်ကို သူနားလည်သည်။ ရီဖူရှင်းနှင့် ဆက်ဆံရေးကြောင့် လျိုဘုရင်က သူတို့နှစ်ယောက်အား ရီဖူရှင်းထံတွင် အပ်နှံခဲ့သည်။ တခြားလူများက လက်ရှိ အချိန်တွင် လွန်စွာ ကြီးမားသော ဘေးရန်ကို ကြုံတွေ့နေရသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ သက်ပြင်း ခိုးချသည်။
"ဖူရှင်း...." ထိုစဉ်မှာပင် ရီဝူချင်းက လှမ်းခေါ်သည်။ ရီဖူရှင်းက သူ့အား လှမ်းကြည့်လျှင် သူက ဆက်ပြောသည်..."ငါ့အတွက် ချန်းယွီကို ဂရုစိုက်ပေး..."
ရီဖူရှင်းက လေးနက်သော ပုံစံဖြင့် ပြောသည်... "မင်း အခု ဖူယွန် ဓားကလန်ကို ပြန်လို့ မရဘူး...." အကယ်၍ သတ္တမ ဓားတောင်ကုန်း သခင်ကသာ ဖူယွန်ဓားကလန် ခေါင်းဆောင် ဆိုပါက ရီဝူချင်းအတွက် ပြဿနာ သိပ်မရှိနိုင်သော်လည်း လျိုနိုင်ငံနန်းတော်တွင် ကျဲဆွန်၏ သဘောထားက သိသာနေသည်။ ရီဝူချင်းက လက်ရှိအချိန်တွင် ဖူယွန်ဓားကလန်သို့ ပြန်ပါက အန္တရာယ် ရှိပေသည်။ ကလန်က ရီဝူချင်းအား စတေးကာ ချင်ပြည်ထောင်သို့ အပ်မည်မှာ သေချာသလောက် ရှိနေသည်။
လျိုချန်းယွီကလည်း ရီဝူချင်းအား ကြည့်သည်။ သူမက ရီဝူချင်းအား မသွားစေလိုသော သဘောဖြင့် သူ၏ လက်အား တင်းတင်း ဆွဲထားသည်။
"ဓားဝိဇ္ဇာ.... ခင်ဗျားက ကျောင်းတော်မှာ ယာယီနေသင့်တယ်.... ကျုပ်တို့က သတ္တမတောင်ကုန်းကို အရင်ပြန်နှင့်မယ်... တစ်ခုခု ထူးခြားရင် ဓားဝိဇ္ဇာကို လာပြီး အကြောင်း ကြားပါ့မယ်...." သတ္တမ ဓားတောင်ကုန်းမှ ဓားသမား တစ်ယောက်က ပြောသည်။