အပိုင်း(၁၃၀၈)ရက်စက်ပြင်းထန်သည့် တိုက်ပွဲ
သွေးနဂါးမြစ်သည် အော်မြည်ကာ လှိုင်းထန်နေသည်။ ပူပြင်းသည့် မီးလျှံများက ကောင်းကင်ထက်တွင် စွန်းထင်းပြီး အရာအားလုံးကို နီရဲနေစေသည်။
ရှင်းခိုင်သည် သူ့ခန္ဓာကို တိုက်ခိုက်ရေးစွမ်းအားများနှင့် ရစ်ပတ်ထားပြီး ရပ်နေသည်။ သူ၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် အေးစက်နေ၏။ သူ၏ မြင့်မားပြီး ထည်ဝါသည့် ခန္ဓာသည် ကျောက်တိုင်ကြီးကဲ့သို့ မားမားမတ်မတ် ရှိနေပြီး သူ၏ အဝတ်များသာလျှင် လေထဲတွင် လူးလွန့်နေသည်။
သူက အရှိန်အဝါကို အလိုက်သင့် ပြုပြင်ပြီးနောက် အပြည့်စုံဆုံး အခြေအနေကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ရှင်းခိုင်အတွက်တော့ ဤတိုက်ပွဲသည် ကျိန်းသေပေါက် ရှုံးနိမ့်၍ မရပေ။ နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသည့် ရီဖူရှင်းသည် သူ့ကို သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် စိန်ခေါ်ခဲ့၏။
ရှင်းခိုင်သည် သွေးနဂါးဘုံရှိ မျိုးဆက်တူများ အကြားတွင် ထင်ရှားကျော်ကြားသူ ဖြစ်ပြီး ယခင်က မည်သည့်အခါတွင်မှ မရှုံးနိမ့်ဖူးသူ ဖြစ်၏။ ထို့ကြောင့် သူသည် ယနေ့ သွေးနဂါးမြစ်အထက် တိုက်ပွဲတွင်လည်း အနိုင်ရရှိရန် လိုပေသည်။
သူသည် ရီဖူရှင်းကို သတ်၍ လက်စားချေရမည် ဖြစ်ပြီး သို့မှသာ သူ၏ နှလုံးသားလမ်းစဉ်ကို တဖန် ပြန်လည်တည်ဆောက် နိုင်လိမ့်မည်။
ယနေ့တွင် နဝမအစေခံလည်း ရောက်ရှိလာပေသည်။ သွေးနဂါးမြစ်ကမ်းပါးရှိ လူများသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ အားလုံးသော မျက်လုံးများသည် နဝမအစေခံဆီသို့ ရောက်ရှိလာပေသည်။
ဤတိုက်ပွဲသည် ရှင်းခိုင်၏ အသက် ရှင်သန်ခြင်းသေဆုံးခြင်းကို အဆုံးအဖြတ်ပေးပေလိမ့်မည်။
ထိုအခိုက်တွင် ကမ်းခြေတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ လူအများသည် လမ်းဖွင့်ပေးလိုက်ကြသည်။ လူတစ်စုသည် လူအုပ်ကို ဖြတ်ကာ ရှေ့သို့ လာနေကြသည်။