အပိုင်း(၁၃၁) တန်ဖန်းပွဲတော် စတင်ခြင်း
ရီဖူရှင်းတို့ အုပ်စုက တိုက်ပွဲစင်မြင့်နှင့် အနီးဆုံးရှိနေရာသို့ ဦးတည်ကာ သွားနေကြသည်။ ထိုစဉ်မှာပင် အော်သံတစ်သံ ကြားလိုက်ရ၏....."ရီဖူရှင်း....." ပတ်ဝန်းကျင် တစ်ခုလုံးကား လူအများအပြားဖြင့် ပြည့်နှက်နေရာ ရီဖူရှင်းက နန်ဒူမိသားစုမှ လူများအား သတိမထားမိပေ။ နောက်ဆုံး သူ့အသံကို ခေါ်သံကြားမှသာလျှင် သူက ထိုလူများအား မြင်သည်။ ထိုအုပ်စုထဲတွင် နန်ဒူကူလည်း ပါဝင်သည်။ သူ့မျက်လုံးတွင်ကား အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေသည်။
ဝှီး... ဝှီး... ဝူး... နန်ဒူမိသားစုဝင်များက အချိန်မဖြုန်းတော့ဘဲ အမျိုးအစား စုံလင်သော မှော်တိုက်ကွက်များ ထုတ်လွှတ် လိုက်ကြသည်။
ရီဖူရှင်း၏ဘေးမှ လူတစ်ယောက် ရှေ့ကို လှမ်းတက်လာသည်။ ခြေတစ်လှမ်းမျှသာ ဖြစ်သည်... ခြေတစ်လှမ်းမျှဖြင့် ရီဖူရှင်းအား ဦးတည်ကာ လာနေသော နွယ်ပင်များ ပျက်စီးသွားသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အပူချိန်များ ကျဆင်းသွားပြီး နန်ဒူမိသားစုမှလူများ အားလုံးက အားလှိုင်းတစ်ခု ရစ်ပတ်သွားကာ မလှုပ်နိုင် ဖြစ်သွားကြသည်။ အအေးလှိုင်းကြောင့်လား... ကြောက်စိတ်ကြောင့်ပေလော မသိပေ။ သူတို့၏ကျောများ စိမ့်တက်လာသည်။
သူတို့အားလုံး နေရာယူထားသော ပတ်ဝန်းကျင်ငယ် တစ်ခုလုံးမှာ အေးခဲသွားသကဲ့သို့ သူတို့ခံစားရသည်။ နန်ဒူမိသားစုဝင်များက ရီဖူရှင်း၏ဘေးမှ လူအား ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။ ရီဖူရှင်း၏ဘေးတွင် သူ့အား ကာကွယ်နေသော သည်မျှကြောက်မက်ဖွယ် ကောင်းသောသူ ရှိလိမ့်မည်ဟု သူတို့လုံးဝ မထင်ခဲ့ပေ။ ဒွန်ဟိုင်မြို့ဖြစ်စဉ်တွင် ပျောက်ဆုံးသွားသော သူတို့မိသားစုဝင်များမှာ သည်လူနှင့် သက်ဆိုင်နေသလော။
ခုနက ရီဖူရှင်းက သူတို့၏မျက်လုံးရှေ့ကို ဝင်လောသောအခါ သူတို့က သူ့အား ဖမ်းဆီးရန်မှတပါး တခြား အတွေးများ မရှိခဲ့ကြပေ။ သို့သော် သည်စွမ်းအားမြင့် တန်ခိုးရှင်အား မြင်သောအခါ သူတို့က စိတ်များ ရှုပ်ထွေးသွားကြသည်။ ရီဖူရှင်းက တန်ဖန်းပွဲတော်ကို အဘယ်ကြောင့် တက်ရောက်လာရသနည်း။