အပိုင်း(၂၁၆၈)နတ်မိမယ်ချီဟွမ်
ရီဖူရှင်းက ကျိုးလင်ရှီးကို တုံ့ပြန်ခဲ့သော်လည်း ၎င်းက ယဥ်ကျေးသည့် စကားလေးမျှသာ ဖြစ်သည်။ အမှန်တွင် သူ မည်သို့မည်ပုံ လုပ်ခဲ့သည်ကို မည်သူမှ နားမလည်။ သူတို့က ခန့်မှန်းရုံသာ တတ်နိုင်သည်။ သူသည် တုန်းဟွာနယ်မြေအတွင်း မိစ္ဆာနတ်ဘုရားကျောင်းမှ လက်ခံရရှိခဲ့သော ကောင်းချီးလက်ဆောင်ကြောင့် မဟာအင်ပါယာ၏ နတ်ရောင်ဝါ စွမ်းအားကို တားဆီးနိုင်ခြင်း ဖြစ်နိုင်ပေသည်။
"ဒါက တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ အင်ပါယာရီ.. ခင်ဗျားက ဒီရုပ်ကြွင်းကို နားလည်နိုင်တယ်ဆိုရင် ဒီအခွင့်အရေးကို လွဲချော်မသွားစေချင်ဘူး။" ကျိုးမုဟွမ်က အပြုံးနှင့် ပြောလိုက်သည်။
"နားလည်ပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျုပ် ကြိုးစားပြီးတော့ နတ်ဘုရားရုပ်ကြွင်းကနေ ရှေးဟောင်းကျင့်ကြံခြင်း နည်းစနစ်တချို့ မြင်နိုင်မလား ကြည့်ကြည့်ပါမယ်။ ဒါပေမယ့် ကျုပ်က ခဏလေးပဲ ကြည့်နိုင်ခဲ့ရင် အဲဒါက လေ့လာသင်ယူဖို့ အချိန် လုံလောက်မှာ မဟုတ်ဘူး။ နတ်ဘုရားခန္ဓာကိုယ်က အံ့သြစရာအပြည့်ဆိုပေမယ့် အများကြီး ဖော်ထုတ်ဖို့တော့ ခက်ခဲလိမ့်မယ်။"
"မဟာအင်ပါယာရှန်ကျားရဲ့ ခန္ဓာကိုယ်က တကယ့်ကို အံ့သြစရာပဲ။ ကျုပ်တို့ အတူတူ လေ့လာကြတာပေါ့။ မင်း တစ်ခုခု မေးစရာရှိရင် အင်ပါယာရီ ကျုပ်ကို နယ်မြေသခင်အိမ်တော်မှာ အချိန်မရွေး လာရှာနိုင်ပါတယ်။ ကျုပ်တို့ မင်းရဲ့ အမြင်ကို ဆွေးနွေးနိုင်တယ်လေ။" ကျိုးမုဟွမ်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ကျိုးမုဟွမ်က သူ့ကို ထပ်မပြောတော့ပေ။ သူက လူအုပ်ကြီးထံ ပြန်လှည့်ကာ ပြောလိုက်သည်။ "ကြိုးစားကြည့်ချင်တဲ့ ဘယ်သူမဆို ဘယ်လိုအမှားမှ မလုပ်မိအောင် ဂရုစိုက်ရမယ်။ ထိန်းချုပ်မှု မလုံလောက်ရင် မကြိုးစားသင့်ဘူး။ တကယ်လို့ ထိန်းချုပ်မှု လုံလောက်တယ် ထင်ရင် အင်ပါယာရီနဲ့အတူ ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ ကြိုးစားသင့်တယ်။"