အပိုင်း(၁၂၃၈):သူခိုးတွေလား
ရီဖူရှင်းက ပျောက်ကွယ်သွားသည့် အဖိုးအိုကို ကြည့်နေစဉ်မှာပင် လူရိပ်များမှာလည်း သူ့ထံသို့ နီးကပ်လာလေသည်။ သို့သော်လည်း သူတို့ထဲမှ မည်သူကမှ ရီဖူရှင်းကို ဖိအားပေး လုယူရန် မကြိုးစားရဲကြပေ။
ရီဖူရှင်းသည် ချန်ယဲ့မြို့စားဖြစ်ကာ ရန်ဟောင်အင်အားစု နောက်ခံရှိသောကြောင့် သူသည် ကိုင်တွယ်ရ ခက်သည့်သူ ဖြစ်လာသည်။ ထို့အပြင် အင်ပါယာရှားဘုံမှ မင်းသမီးလေးက သူနှင့်အတူ ရှိနေပုံပေါ်သည်။
"ဒီလမ်းစဉ်မီးတောက်ကို ကျုပ် ခဏလောက်ယူကြည့်ရင် စိတ်မရှိဘူးမလား" မီးတောက်နက်ကလန်မှ ကျိုးရွှီက မေးသည်။
ရီဖူရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မဖြေခဲ့ပေ။ ထိုမီးတောက်များကိုသာ သူတို့ ထုတ်ပြခဲ့လျှင် အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ သူတို့ကို သည်အတိုင်း ထုတ်ပြရန်တောင်းဆိုခြင်းမှာ အလွန်ဆိုးဝါးလှသည့် အကြံဉာဏ်ဖြစ်ပေ၏။
သူတို့ လက်ထဲတွင် ထိန်းသိမ်းထားဖို့အတွက် ခက်ခဲမည်မှာ မလွဲမသွေဖြစ်သော်လည်း သူ့လက်ထဲသို့ ရောက်ရှိပြီးသား မီးတောက်များကို လက်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
"သွားကြမယ်" ရီဖူရှင်းက အသံကို နှိမ့်လျှက် ပြောလိုက်ပြီး ထိုနေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်၏။ ဤသည်ကပင် လူအများ၏ အာရုံကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ထိုအချိန်တွင် စွမ်းအားကြီးမားသည့် အရှိန်အဝါတစ်ခုက အဝေးတစ်နေရာမှ လွှမ်းခြုံလာသည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်မီးတောက်လမ်းသို့ ရောက်ရှိလာကာ သူတို့၏ မျက်လုံးများက ရီဖူရှင်း အပေါ်တွင် ကျရောက်လာ၏။
လူကြီးတစ်ဦးက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်တွင် ပူပြင်းလှသည့် စွမ်းအားများကို နေရာတခွင်လုံးသို့ လွှမ်းခြုံလာသည်။ သူက ရှေ့မှ လေဟာနယ်ကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်ရာ မီးတောက် မဟာလမ်းစဉ်၏ စွမ်းအားများသည် အော်မြည်ကာ မဟာမီးတောက်နဂါးကြီးအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းတို့ အဖွဲ့ဆီသို့ တိုးဝင်လာ၏။
![](https://img.wattpad.com/cover/306620134-288-k19651.jpg)